iMyanmarHouse.com - Best Property Website for Myanmar
×











(၁) မလတ်ဆတ်သော အစားအစာများက အာဟာရမဖြစ်စေတဲ့အပြင် ဗိုက်နာ၊ ၀မ်းပျက်၊ ၀မ်းလျော၊ မူးဝေ၊ အော့အန်၊ အစာအ ဆိပ်သင့်ရောဂါတွေ ပါ ဖြစ်စေနိုင် တာကြောင့် သန့် ရှင်းလတ်ဆတ်သော သား၊ ငါးတို့ ကိုသာ ရွေးချယ်စားသုံးပါ။

(၂) အသား၊ ငါး နှင့် ပင်လယ်စာများကို အသားတုံးသေးသေး ညီညီတုံး၍ ကျက်အောင်ချက်ပြုတ်ပါ။

(၃) အဆိပ်ရှိသောမှို၊ အဆိပ်ရှိသောငါး၊ ပင်လယ်စာ Sea foods အချို့ တို့ မှာ သဘာဝအလျောက် အဆိပ်များပါဝင်နေကြ၍ သတိပြုဆင်ခြင်စွာ စားသုံးပါ။

(၄) မှိုတက်နေသော ငရုပ်သီးခြောက်၊ ငရုပ်သီးမှုန့် ၊ ပဲမှုန့် ၊ ကောက်ပဲသီးနှံများ၊ အသီးအရွက်များ နှင့် ပိုးသတ်ဆေးလွန်ကဲစွာ သုံးထားသော ကောက်ပဲသီးနှံများ၊ ဟင်းသီးဟင်းရွက်များကြောင့် အစာအဆိပ်သင့်နိုင်ပါတယ်။

(၅) သဘာဝနည်းဖြင့် စိုက်ပျိုးထားသော အော်ဂဲနစ်ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံများကိုသာစားသုံးပါ။ မျိုးရိုးဗီဇပြုပြင်ထား တဲ့ ထွက်တိုးသီးနှံဆေး ၀ါးများ နှင့် ပိုးသတ်ဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ အတွက် အသီးအနှံဆေးကြောသည့် ဆပ်ပြာရည်ဖြင့် ဦးစွာဆေးကြောသန့် စင်ပြီးမှ ချက်ပြုတ်စားသုံးပါ။ အထူးသဖြင့် အခွံပါဝါးစားရတဲ့ ခရမ်းချဉ်၊ စပျစ်၊ စတော်ဘယ်ရီများ နှင့်  ပဲသီး အမျိုးမျိုး၊ ဂေါ်ဖီထုပ်ပါမကျန် ဟင်းသီးဟင်းရွက်အားလုံးကို ရေစင်စင် မဆေးကြောဘဲမစားပါနှင့်။

(၆) အစားအသောက်တွေမှာ သုံးခွင့်မပြုထားသော ချည်ထည်ဆိုးဆေးတို့ လို၊ အရောင်တင်ဆေးများကို စားသုံးမိတဲ့အခါ၊ အစာအဆိပ်သင့်ရောဂါ၊ ၀မ်းလျှော ၀မ်းပျက် ၀မ်းကိုက်ရောဂါ၊ အသည်းရောင်အသားဝါရောဂါ၊ သန်ကောင်ရောဂါတို့ ဖြစ်စေနိုင် ပါတယ်။ ဒါ့ပြင် ကုသရန်ခက်ခဲတဲ့ ကင်ဆာရောဂါအမျိုးမျိုးဖြစ်စေနိုင်ပြီး၊ အသက်အန္တရာယ်နှင့် ကြုံရတတ်ပါတယ်။

(၇) နွားနို့ ၊ ကျွဲနို့ ၊ ဆိတ်နို့ စတဲ့ နို့ များကို အစိမ်းမသောက်ပါနှင့်။ မကျက်သေးတဲ့ နို့ တွေကို သောက်သုံးမိတဲ့အခါမှာလည်း အစာအိမ် နှင့် အူများကိုပိုးဝင်စေပြီး ၀မ်းဖော၊ ၀မ်းရောင်၊ လေပွခြင်း နှင့် အူတီဘီရောဂါများ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နို့ များကို ဆူပွက်နေအောင် ကျိုချက်ပြီးမှသောက်ပါ။

(၈) ထမင်းစားနေစဉ် ရေ နှင့် ရေခဲရေတို့  (လုံးဝ) မသောက်ပါနှင့်။ ထမင်းလုပ်မနင်အောင် ဟင်းချို၊ ချည်ရည်ဟင်း၊ စွတ်ပြုတ် စသည့်အရည်ပူပူသောက်ပါ။ (သို့ မဟုတ်) ရေနွေးကြမ်းသောက်၍ စားပါ။ ထမင်းစားပြီးနောက် အနည်းဆုံးနာရီဝက်ခန့် ကြာမှ ရေအေးသောက်ပါ။

(၉) ဖြစ်နိုင်ရင် ချက်ပြုတ်ပြီးအစားအစာတို့ ကို ပူပူနွေးနွေးစားသုံးပါ။ အကယ်၍ ချက်ပြုတ်ပြီးအစာများကို ချက်ချင်းမစားသုံးဖြစ် သေးပါက၊ ရေခဲသေတ္တာထဲမှာ စံနစ်တကျသိမ်းဆည်းပါ။ (သို့ မဟုတ်) မီးဖိုပေါ် အပူပေး၍ တည်ထားပါ။ (အခန်းအပူချိန် ၂-နာရီ ထက်ပို၍ မထားပါနှင့်)

(၁၀) နေ့ ဖို့ ညစာခွဲချန်၍သိမ်းဆည်းထားသောအစားအစာများကို ကောင်းစွာပြန်လည်ချက်ပြုတ်ပြီးမှစားပါ။

(၁၁) ချက်ပြုတ်ပြီး အစာများနှင့် မချက်ရသေးတဲ့ အသားစိမ်း၊ ငါးစိမ်းများကို မထိမိ၊ မရောနှောမိအောင် ဂရုစိုက်၍ ခပ်ဝေးဝေး ခွဲထားပေးပါ။

(၁၂) အသားစိမ်းငါးစိမ်းများ လှီးဖြတ်ထားသောဓားများကို စင်ကြယ်စွာဆေးကြောပါ။ ဒါ့ပြင် ၄င်း သားစိမ်း၊ ငါးစိမ်းများတင်၍ လှီးဖြတ်ထားသော စဉ်းတီတုံးပေါ်မှာ အသီးအရွက် သစ်သီးဝလံများ လှီးဖြတ်ခြင်း၊ မုန့် ပဲသွားရည်စာများ တင်လှီးခြင်းမျိုး (လုံးဝ) မပြုရ။

(၁၃) အစားအစာများကို ကိုင်တွယ်ချက်ပြုတ်သူ (သို့ မဟုတ်) ပြင်ဆင်ပေးသူက မကိုင်တွယ်မီ လက်များကို စင်ကြယ်စွာ ဆေး ကြောပါ။ အိမ်သာတက်ပြီး၊ နှပ် ညှစ်ပြီး၊ နှာချေပြီး၊ အညစ်အကြေးကိုင်တွယ်ပြီးတဲ့အခါတိုင်း လက်ကိုအထူး ဂရုစိုက်ဆေးပါ။ အနာရှိသော လက်ဖြင့် အစားအစာများကို မကိုင်တွယ်ပါနှင့်။

(၁၄) မီးဖိုချောင်ကြမ်းပြင်၊ မီးဖိုပတ်ဝန်းကျင်၊ လက်နှီးအပါအ၀င် မီးဖိုချောင်သုံး ပစ္စည်းအားလုံးကို သန့် ရှင်းအောင်ထားပါ။ လက်သုပ်ပုဝါ နှင့် လက်နှီးတို့ ကို လည်း ရောထွေးမသုံးသင့်ပါဘူး။ ပန်းကန်တွေ ဆေးကြာပြီးတဲ့အခါတိုင်း အသုံးပြုထားတဲ့ ရေမြှုပ်တွေကို သူ့ ချည်းသက်သက် ဆပ်ပြာသုံး ၍ ရေများ များဖြင့် ပြန်လည် ဆေးကြောသန့် စင်ပေးပါ။

(၁၅) မီးဖိုချောင် အတွင်း၊ အပြင်ရှိ အမှိုက်ပုံးများကို လုံခြုံအောင်အဖုံးဖုံးပါ။ အမှိုက်ပုံးထဲရှိ အမှိုက်သရိုက် အညစ်အကြေးများကို လည်း မြို့ တော်စည်ပင်မှ သတ်မှတ်ထားသည့် ရပ်ကွက်အလိုက်၊ လမ်းအလိုက် စုရပ်အမှိုက်ပုံးကြီးများထဲသို့  တစ်နေ့ တကြိမ် မှန်မှန် သွားရောက်စွန့် ပစ်ပါ။

(၁၆) အစားအစာများကို ယင်ကောင်၊ ပိုးဟပ်၊ ပုရွက်ဆိတ်၊ ကြွက် စသည့်ပိုးမွှားတိရိစ္ဆာန်များ နှင့် ခွေး၊ ကြောင်စတဲ့ အိမ်မွေး တိရိစ္ဆာန်များ လက်လှမ်းမမှီနိုင်အောင် သိမ်းဆည်းပါ။ ကြောင်အိမ်ကို လုံအောင်ပိတ်ထားပါ။

(၁၇) မီးဖိုချောင်မှမထွက်ခွာခင် ထမင်းအိုး၊ ဟင်းအိုးများကိုလုံအောင်ဖုံးဖိထားပါ။ ဒါ့ပြင် ချက်ပြုတ်ပြီးနောက် ထမင်းအိုး၊ ဟင်းအိုး အဖုံးများကို ဟင်းနံ့ ၊ ထမင်းလုံး စေ့များနှင့်ဆီအစွန်းအထင်းမကျန်ရစ်အောင် လက်နှီးသန့် သန့် ဖြင့် သုတ်သင်ပါ။

(၁၈) အိုး၊ ခွက်၊ ပန်းကန်ခွက်ယောက်များကို အသုံးပြု ချက်ပြုတ်ခါနီးတိုင်း ရေဖြင့် တစ်ကြိမ်ကျင်းပြီးမှ အသုံးပြုပါ။

(၁၉) အစားအစာများကို ဆေးကြောချက်ပြုတ်တဲ့အခါမှာ သန့် ရှင်းသော ရေကိုသာသုံးပါ။ ကလေးများအတွက် အစားအစာ ပြင်ဆင်တဲ့အခါမှာလည်း ရေကျက်အေးကိုသာသုံးပါ။

(၂၀) ဓာတုပစ္စည်းတွေသုံးပြီး သဘာဝလွန်ပြုပြင်ထားတဲ့ (က) မာဂျရင်း၊ ထောပတ်တု၊ ကရင်မ်တို့ လို အဆီတုများ၊ (ခ) ချို အောင် ဖန်တီးထားတဲ့ သကြားမှုန့် ဖြူဆွတ်ဆွတ်၊ အသားမှုန့် အမျိုးမျိုး၊ အချိုမှုန့် များ၊ ဆေးသကြားခဲများ၊ (ဂ) ဆိုဒါအချိုရည် များ၊ (ဃ) သစ်သီးခြောက်၊ သစ်သီးဗူးများ၊ (င) တာရှည်ခံအောင်ပြုပြင်ထားတဲ့ ကြက်အူချောင်း၊ ၀က်အူချောင်း၊ အသားလုံး၊ အသားပြား၊ အသားခြောက်များ၊ ထုံချိုင်းအသားကြိတ်အမျိုးမျိုး (စ) ဓာတုဆေးဝါးသုံးထားတဲ့ ငပိရည်ကျိုများ …စသည်တို့ ကို ရှောင်နိုင်သမျှရှောင်ပါ။

Credit : ပေါက်ပေါက်
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top