သွေးစက်လက်နဲ့ အတွေးစက်လက်တွေ ဆက်လက်
ပျော်စရာတွေချည်း ပျော်ကျနေရတာ မောတယ်
ပျော်ရွှင်ခြင်းဟာ ခွေးသွားစိပ်ပေါ်တွဲလဲခိုနေတဲ့သွေးတစ်စက်မျှပါပဲ
အပြင်ဘက်က ဆောင်းရာသီကို ရင်ထဲကနွေဥတုကလေးနဲ့ခုခံနေရတယ်
အမေ့အိမ်ကိုလည်း ပြန်မရောက်နိုင် ကိုယ့်ကိုယ်ကိုလည်း မလွန်ဆန်နိုင်
ရက်တွေသာ တစ်ရက်ပြီးတစ်ရက် ဖြစ်ပျက်ကုန်လွယ်ခဲ့
အပင်ပေါ်က ရင်မှည့်နေတဲ့ သစ်သီးလေးတစ်လုံးမြင်ရင်တောင်
ကြွေမှာစိုးစိတ်နဲ့ ငိုချင်ရက်လက်တို့ဖြစ်နေတာမျိုး
ပန်းပင်တွေ စိမ်းစိမ်းဝေဆာနေတာမြင်ရတော့ ကိုယ့်ကိုယ်ကို အားမရဘူး
ဗြောက်အိုးတွေဆူဆူညံညံဖောက်ကြတဲ့နှစ်သစ်ကိုမှ မကြိုဆိုလိုက်ရ
အဟောင်းအမြင်းတွေ တောက်လျှောက်ကြီးတွဲလဲခိုလိုက်လာတာမြင်တော့
ပြက္ခဒိန်အသစ်တစ်ခုလုံးကို ခုတ်ပိုင်းလိုက်ချင်တဲ့စိတ်ဟာ တဆတ်ဆတ်ခါ
အမျိုးမျိုးကြုံဆုံခဲ့သော်ငြား ဘ၀အဆက်ဆက်က ၀ဋ်ကြွေးကြောင့်
မရင့်ကျက်ခြင်းရယ် အရှုံးရယ်ကိုသာ မျက်နှာချင်းဆိုင် ပက်ပင်းတိုးနေသူ
ထွက်လာတုန်းကတော့ ကောင်းကင်ကိုသိမ်းယူမယ်ဆိုတဲ့စိတ်နဲ့
ခုတော့ မျက်ရည်စက်လက်နဲ့တိမ်တွေငိုချအောင် ငွေ့ရည်ဖွဲ့ပေးနေရတဲ့အဖြစ်
အော့အန်ပစ်ချင်စရာ ထိုးနေတဲ့လက်ညိုးတွေက တပုံတပင်ဆိုတော့
လူ့အဖြစ်ရဲ့ငြီးငွေ့ဖွယ်ရာတွေ နံပါတ်စဉ်ထိုးပြီးပြဌာန်းချက်သဘောမျိုးထုတ်ဝေရမယ်
၁- ရှင်သန်ခြင်း
၂- လူမှုကျင့်ဝတ်များ
၃- အကျင့်သိက္ခာ
၎- မျက်ရည်/သေရည်
၅- နလန်မထူနိုင်သော အပါအ၀င် အဓိပ္ပာယ်မဲ့၍ သေဆုံးပြီးသော မျှော်လင့်ချက်များ
အနည်းငယ်ကျွင်းကျန်ရစ်သော နံပါတ်စဉ်တွေကို
ချောင်မှာဝင်ခွေနေတဲ့ ခွေးတစ်ကောင်ကို လှမ်းပစ်လိုက်မယ့်
အုတ်နီခဲပေါ် ထွင်းဖောက်ထားတာမို့လည်း သေအံ့မူးမူးအချိန်မှာတောင်
ခင်ဗျားကို ကျွန်တော်က အော်ခေါ်ဖို့ အားမရှိ
တကယ့်တကယ်က အားမရှိ တရားမရှိ
ဒီတစ်ခါလည်း လောကနိယာမတရားက သိမ်းသွင်းသွားပြန်ပေါ့
ဘယ်လောက်ပဲ သိမ်ငယ်သေးကျုံရပစေ
ဘယ်လောက်ပဲ ကြီးကျယ်မြင့်မြတ်ရပစေ
*ကြွေဒါကိုက ပွင့်ခြင်းပဲတဲ့
ဒီနှစ်မှာ ဒီတရားကို ဓါးလို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားလိုက်တယ်
ခင်ဗျား ကျွန်တော်နဲ့ ချစ်သောကမ္ဘာမြေ။
Credit: Trend Myanmar
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...