iMyanmarHouse.com - Best Property Website for Myanmar
×









မိုးတွင်းကာလမှာ ဆံသားပျက်စီး ဆုံးရှုံးမှု မဖြစ်စေဖို့ ထိန်းသိမ်းသင့်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဖော်ပြပါ အချက်တွေကို လိုက်နာပြီး သင့်ဆံသား ဆုံးရှုံးမှုကို ကာကွယ် နိုင်ပါလိမ့်မယ်။

၁။ နေ့စဉ်ခေါင်းလျှော်ပါ

မိုးတွင်းမှာ သင့်ဆံသားတွေကို မိုးရေစိုတာနဲ့ ခေါင်းလျှော်သင့်ပါတယ်။ ခေါင်းချက်ချင်း မလျှော်နိုင်သေးတဲ့ အခြေအနေ ဆိုရင်တော့ ဆံသားတွေကို အရင်ဆုံး ခြောက်သွေ့အောင် သုတ်ပါ။ နေ့စဉ် တစ်နေ့ကို တစ်ကြိမ် အပျော့စား ခေါင်းလျှော်ရည်သုံးပြီး ခေါင်းလျှော်ပေးတာကြောင့် ဆံပင်ကျွတ်တာနဲ့ ဦးရေပြား ထိခိုက်မှုတွေကို ကာကွယ်ပေးနိုင် ပါလိမ့်မယ်။ မိုးမိပြီး ဆံသားတွေကို မိုးစိုချိန်မှာ တစ်သျှူးစက္ကူကိုသုံးပြီး ဆံသားကို ခြောက်သွေ့ပါစေ။ ဆံပင်အမြန်ဆုံး ခြောက်သွေ့သွားစေ ပါလိမ့်မယ်။

၂။ ရေဖြင့် အဆိပ်ဖယ်ပါ

တစ်နေ့ကို ရေရှစ်ဖန်ခွက်ကနေ ၁၂ ဖန်ခွက်အထိ သောက်ပေးပါ။ ရေက သင့်ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ဆံသားဆုံးရှုံးမှုနဲ့ ခန္ဓာကိုယ်တွင်း တခြားရောဂါပိုးဝင်ခြင်း တွေကိုလည်း တားစီးပေးနိုင်ပါတယ်။ သန့်ရှင်းတဲ့ ရေဖြစ်ဖို့တော့ လိုပါတယ်။

၃။ ဆီသုံးပြီး နှိပ်နယ်ပါ

ဆံသားတွေ ခြောက်သွေ့ကြမ်းတမ်းပြီး ကောက်ကွေးနေတယ်ဆိုရင် အုန်းဆီ၊ သံလွင်ဆီ၊ ဗာဒံစေ့ဆီစတဲ့ ဆီတစ်မျိုးကို သုံးပြီး ဦးရေပြားနဲ့ ဆံသားအနှံ့ကို ခေါင်းမလျှော်ခင် လိမ်းပေးပြီး နာရီဝက်လောက် နှိပ်နယ်ကာ ခေါင်းလျှော်ချလိုက်ပါ။ တစ်ပတ်ကို နှစ်ကြိမ်လောက် ပုံမှန် ပြုလုပ်ပေးတာကြောင့် သင့်ဆံသား မပျက်စီအောင် အပေါ်က အလွှာတစ်ထပ် ဖုံးအုပ်ပေးထားသလို အကျိုးရှိစေတဲ့ အပြင် ဦးရေပြားနဲ့ ဆံသားကိုလည်း အာဟာရ ဖြစ်စေပါလိမ့်မယ်။

၎။ ရှားစောင်းလက်ပပ်ဂျယ်ကို အသုံးပြုပါ

ရှားစောင်းလက်ပပ်နဲ့ ပြုလုပ်ထားတဲ့ ခေါင်းလိမ်းဂျယ်ကို အသုံးပြုတာကြောင့် သင့်ဦးရေပြားမှာ စံညီမျှစေပြီး၊ ရောဂါပိုး ကင်းစင်စေကာ ဆံသားကို ပိုမိုဖွံ့ဖြိုးစေပါတယ်။ ရှားစောင်းလက်ပပ်ဂျယ်က ဦးရေပြား ဗောက်ထခြင်းကိုလည်း ကာကွယ်ပေးနိုင်ပြီး တခြား အကျိုးပြုမှုတွေလည်း များစွာ ရရှိစေပါသေးတယ်။

၅။ အဆင်သင့်အစာကို ရှောင်ပါ

အလွယ်တကူ ရရှိစားသောက်နိုင်တဲ့ အစားအစာတွေ ဖြစ်တဲ့ ဘာဂါ၊ ဆီကြော်စာ၊ အကင်စာတွေကို ရှောင်ဖို့လိုပါတယ်။ ဆံသားဆုံးရှုံးမှုဟာ သင်စားတဲ့ အစားအစာနဲ့လည်း တိုက်ရိုက် ပတ်သက်မှုရှိပါတယ်။ ဒါကြောင့် မျှတတဲ့အစာ စားသုံးမှုဖြစ်ဖို့ အရေးကြီးပါတယ်။ ဆံသားကို အာဟာရဖြစ်စေဖို့ ပဲနို့၊ ဥ၊ အဆီနည်းချိစ်၊ ပဲအမျိုးမျိုး၊ ဆယ်လ်မွန်ငါးနဲ့ ဒိန်ချဉ်လို အစားအစာတွေကို စားသုံးပေးပါ။

၆။ အပင်ပေါက် အစားအစာ စားသုံးပါ

ပဲပင်ပေါက်၊ စတော်ပဲ စတဲ့ အညှောင့်ထွက်ပြီး အပင်ပေါက်လာချိန်မှာ စားသုံးရတဲ့ အစားအစာမျိုးကို သုပ်ပြီးဖြစ်စေ၊ ရေနွေးဖြောပြီးဖြစ်စေ စားပေးပါ။ အပင်ပေါက်လာချိန်မှာ စားရတဲ့ အစားအစာတွေထဲမှာ အမျှင်ဓာတ်၊ ဗီတာမင်အီး၊ ပိုတက်စီယမ်နဲ့ သံဓာတ်တွေ ပါဝင်ပြီး ဆံသားကို ကောင်းမွန်စေကာ ဆံပင်နဲ့ ဦးရေပြား ပျက်စီးမှုကို ကာကွယ် ပေးနိုင်ပါတယ်။

၇။ ကဖင်းကိုလျှော့ပါ

ကဖင်းပါတဲ့ ဖျော်ရည်တွေကို အလွန်အကျွံ သောက်တာကြောင့် ရေဓာတ်ခန်းခြောက်နိုင်ပြီး ဆံသားဆုံးရှုံးမှုကို ဖြစ်စေပါတယ်။ ဒါကြောင့် ကဖင်းပါတဲ့ ဖျော်ရည်အစား သစ်သီးဖျော်ရည်ကို အစားထိုး သောက်သုံးပေးပါ။ မိုးရာသီမှာ မိုးအေးအေးနဲ့ ကော်ဖီသောက်မယ် ဆိုရင်လည်း တစ်နေ့ကို သုံးခွက်ထက်တော့ မပိုသင့်ပါဘူး။ ဒါမှမဟုတ် ကဖင်းဓာတ် လျှော့ထားတဲ့ ဖျော်ရည်မျိုးကို အစားထိုး သောက်သုံးပေးပါ။

Credit: Good Health

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top