ရည်းစားဟောင်းကို ဘယ်လိုပြန်ရနိုင်မလဲ (အသည်းကွဲနေတဲ့ ကောင်လေးများအတွက်)
ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံးကို သူမနဲ့အတူ လက်တွဲကြမယ်ဆိုပြီး သင်ထင်ခဲ့တယ်။ ဒါပေမယ့် ဒီစာကို ဖတ်တဲ့အချိန်ထိ ချစ်သူကောင်မလေးကို ဆုံးရှုံးလိုက်ပြီလို့ သင်ယူဆထားပြီးသား ဖြစ်နေတယ်။ မေးချင်တာကတော့ လမ်းခွဲခဲ့တာ တစ်လတစ်နှစ်ကြာခဲ့ပြီဆိုရင်တောင် သူမကို ပြန်လိုချင်ရဲ့လား။ သင်အရမ်းချစ်ခဲ့တဲ့ကောင်မလေးကို ပြန်ရနိုင်ဖို့ နည်းလမ်းတွေအများကြီး ရှိတယ်ဆိုတာဟာ အမှန်တရားပါ။ ဘဝက သင့်ကို နှစ်ခါအခွင့်အရေးပေးမှာမဟုတ်တဲ့အတွက် ခုဖော်ပြထားတဲ့ နည်းလမ်းတွေကို လက်တွေ့ကျကျ သင် အခုပဲ လုပ်ကြည့်လိုက်ပါ။
၁။ လမ်းခွဲရလောက်အောင် ဖြစ်ခဲ့တဲ့ပြဿနာကို နားလည်ပါ။
ချစ်သူနှစ်ဦးလမ်းခွဲရခြင်း အကြောင်းရင်းကတော့ အများအားဖြင့် နားလည်မှုလွဲနေတာနဲ့ မဖြစ်သင့်တဲ့ ကိစ္စဖြစ်သွားလို့ပါပဲ။ ဒီနေရာမှာ သင်လုပ်ရမှာကတော့ အတိတ်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာကို ပြန်သုံးသပ်ဖို့ပါပဲ။ ဘာမှမလုပ်သေးခင်မှာ သင့်ကိုသင် ဆန်းစစ်ကြည့်ပြီး ဘယ်နေရာမှားခဲ့သလဲဆိုတာကို စဉ်းစားပါ။ အမြဲသတိထားရမယ့်အချက်ကတော့ သူများကို လက်ညှိးတစ်ချောင်းထိုးလိုက်တာနဲ့ ကိုယ့်ဆီ သုံးချောင်းက ပြန်ထိုးထားတယ်ဆိုတာပါပဲ။ ချစ်သူနှစ်ဦး ဘယ်လိုလမ်းခွဲခဲ့ကြလဲဆိုတဲ့ တိကျတဲ့ အဖြေသင့်မှာ မရှိသေးဘူးဆိုရင်တော့ ဘယ်လိုမိန်းကလေးကမှ သင့်ဆီပြန်လှည့်လာမှာမဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။
၂။ သူမ သိအောင်လုပ်ပါ။
သင့်ကိုသင်ဆွေးနွေးပြီးမှ သူမကို လိုချင်နေသေးတယ်ဆိုရင် ကောင်မလေးသိသွားအောင် အဆက်အသွယ်လုပ်ဖို့ အချိန်တန်နေပါပြီ။ သူ့ကို ဆက်သွယ်လို့အဆင်ပြေနိုင်တဲ့နည်းလမ်းရှာပြီးတော့ ကော်ဖီအတူတူသောက်ဖို့၊ အအေးဆိုင် ခဏထိုင်ဖို့ ဖြစ်ဖြစ် ဖိတ်ခေါ်ပါ။ SMS ကတော့ အလွယ်ကူဆုံးပေါ့။ ဒါပေမယ့် ကိုယ်သုံးတဲ့စကားဟန်က ပေါ့ပါးပြီးတော့ ရွှင်မြူးနေတဲ့ ဟန်ပန်ပေါ်လွင်နေဖို့တော့ လိုပါတယ်။ “ငါနင့်ကို မခွဲနိုင်ဘူး၊ ငါနင်နဲ့ ပြန်ဆက်ချင်တယ်” အဲလိုမျိုးစကားလုံးပါရင်တော့ သူမက ချိန်းထားတဲ့နေရာကို ရောက်လာချင်မှ ရောက်လာမှာ။ သူမ ငြင်းလိုက်တယ်ဆိုရင်တော့ သင်အတင်းမခေါ်ပါနဲ့။ သူမရဲ့ ဆုံးဖြတ်ချက်ကို လေးစားဖို့ လိုပါတယ်။ သူမမှာလည်း အချိန်တွေ လိုအပ်နေတယ်ဆိုတာကို သတိထားပါ။
၃။ သင့်ကိုသင် တိုးတက်အောင်လုပ်ပါ။
လမ်းခွဲတယ်ဆိုတာ အကြောင်းပြချက်ရှိနေလို့ပေါ့။ သူမက ကိုယ့်အပေါ်အရင်တုန်းက ဝေဖန်ပြောဆိုခဲ့တဲ့ အကျင့်တွေကို ပြုပြင်နိုင်အောင် ကြိုးစားပါ။ ဘာဖြစ်လို့လဲဆိုတော့ သူမနဲ့ပြန်တွေ့တဲ့အချိန်မှာ သူမရဲ့ ဆုံးဖြတ်ချက်ကြောင့် ပြန်နောင်တရအောင် သင်ဖန်တီးရမှာမဟုတ်ဘူးလား။ သင်ပြောင်းလဲနေပြီဆိုတာကို သူမမြင်အောင် ပြပါ။ သူမနဲ့လမ်းခွဲခဲ့တဲ့ချစ်သူဟောင်းမဟုတ်ပဲနဲ့ သူမနှစ်သက်သဘောကျတဲ့ ကောင်လေးဖြစ်နေပြီဆိုတာကို ပြနိုင်ဖို့ သင်ကြိုးစားရလိမ့်မယ်။
၎။ သူမရယ်မောသွားအောင် ဟာသလေးတွေ ပြောပြပါ။
ပထမဆုံးချိန်းတွေ့ခဲ့ကြတုန်းကလိုလေးပေါ့ သူမနဲ့အတူ ရယ်စရာဟာသလေးတွေ ပြန်ပြောပြီး ပေါ့ပေါ့ပါးပါး နေနိုင်အောင် ကြိုးစားပါ။ သူမရဲ့ အတိတ်တုန်းက ချစ်သူနှစ်ဦးပျော်ပျော်ရွှင်ရွှင်လက်တွဲခဲ့ကြတဲ့ အချိန်တွေကို ပြန်သတိရသွားတဲ့အထိ ပြန်ပြီး အတိတ်က ဟန်ပန်လေးတွေကို လုပ်ပြပါ။
၅။ ဆက်ပြီး သူမနဲ့အဆက်အသွယ်ရအောင် ကြိုးစားပါ။
ပထမဆုံး ပြန်တွေ့ကြတဲ့ အချိန်ကနေစပြီးတော့ ထပ်ခါထပ်ခါ ပြန်တွေ့နိုင်ဖို့ ကြိုးစားပါ။ ပြီးတော သူမနဲ့ လမ်းခွဲခဲ့တာဟာ သင့်ဘဝမှာ အကြီးမားဆုံးမှားယွင်းတဲ့ဆုံးဖြတ်ဖြစ်ကြောင်း သူမနားလည်အောင် ရှင်းပြပါ။ သင် အခုရင်ကျက်နေပြီးဖြစ်ကြောင်းနဲ့ သူမဆန္ဒရှိတယ်ဆိုရင် ဆက်ပြီးကြိုးစားခွင့်ပြုဖို့ တောင်းဆိုပါ။
ဒီအတောအတွင်းမှာ သင့်အနေနဲ့ ပိုပြီးသည်းခံစိတ်ရှိဖို့နဲ့ ဆက်ဆံရေးပြေပြစ်နေဖို့ လိုအပ်ပါတယ်။ သင်မလုပ်နိုင်ဘူးဆိုရင်တော့ ဒီပတ်သတ်မှုကို ဘယ်နည်းနဲ့မှ သင်ရှေ့ဆက်လို့ရနိုင်မှာ မဟုတ်ပါဘူး။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...