အနုပညာရှင်ဘ၀နဲ့ ဆရာဝန် ဘ၀ကို နှစ်ဖက်မျှကာ သူမချစ်တဲ့ ပရိသတ်တွေအတွက် ဘယ်လောက်ပင်ပန်းပင်ပန်း ဂရုမစိုက်ပဲ အနုပညာရေးရာဘက်မှာရော၊ ပညာရေးလမ်းကြောင်းမှာပါ ဘက်ညီညီ ကြိုးစားနေတဲ့ ပိုင်ဖြိုးသုနဲ့ရှုတင်တစ်ခု မှာ တွေ့ဆုံခိုက် သိချင်တာလေးတွေ မေးမြန်းဖြစ်ခဲ့တဲ့အခါ
ခု ရိုက်နေတဲ့ကားလေး အကြောင်းကို အရင်ပြောပြပေးပါဦး။
ခုရိုက်နေတဲ့ကားလေးက ပျောက်ဆုံးသွားသော နောက်ဆုံးခြေရာများတဲ့။ ဘယ်လိုပုံစံလဲဆိုတော့ ဦးသားကြီး နောက်ဆုံးရိုက်ခဲ့တဲ့ လမ်းမတော်ဖိုးတုတ်ဆိုတဲ့ ကားလေးကရိုက်ရင်း တန်းလန်းနဲ့မပြီးခဲ့လိုက်ဘူး။ အဲ့ဒီကားထဲက ရိုက်ခဲ့တဲ့ ကဒ်တွေလဲပြန်ပါမယ်။ ဒီဖက်မှာကျတော့ သုသုက အယ်ဒီတာ၊ ကိုနေမင်းက ကင်မရာမန်း၊ ကိုမင်းအုပ်စိုးတို့က စက်အဖွဲ့ပေါ့။ အန်တီဇာကြီးက ဒီအိမ်ကြီးရဲ့အိမ်ရှင် အဲ့အိမ်ကြီးကို သုတို့ရောက်သွားကြတာပေါ့။ ဒီကားက၀မ်းဖိုးဖိုက် ထုတ်လုပ်ရေးနဲ့ ကိုနေမင်းတို့နဲ့ ပြောကြပြီး ညီမကို ဂျာနယ်လစ်ကောင်မလေး ပုံစံဆိုတော့ လက်ခံဖြစ်ခဲ့တာပေါ့နော်။ ဒါရိုက်တာက ကိုသက်နေထွန်းပါ။ -
ဂျာနယ်လစ်တစ်ယောက်ရဲ့ ပုံစံဝင်အောင်ရော ဘယ်လိုမျိုး လေ့လာခဲ့ရလဲ။
ရှုတင်မှာ လာအင်တာဗျူးတဲ့ အစ်မတွေ ပုံစံကို လေ့လာတယ်။ ကြိုးစားပြီးပြင်တယ်။
ဒီကားလေးမှာ ပါဝင်ရတဲ့ စိတ်ခံစားချက်လေးကရော။
ညီမရိုက်ရတာကိုလဲ ပျော်တယ်။ ဇာတ်လေးကလဲ ဆန်းတော့ လက်ခံဖြစ်ခဲ့တယ်ပေါ့နော်။ ပြီးတော့ ဦးသားကြီးဆိုတာကလဲ ညီမအရမ်း လေးစားရတဲ့ မင်းသားပေါ့နော်။ သူ့ကားနဲ့ပြန်ပြီးဆက်မှာဆိုတော့ အဲ့ဒါကြောင့်လဲပါတယ်။ ပြီးတော့ ကံကောင်းတာတစ်ခုက ညီမ ဦးသားကြီးနဲ့သားအဖကားလေး တစ်ကား ရိုက်ဖူးလိုက်တယ်ပေါ့နော်။ အခု သူနဲ့ပတ်သတ်တဲ့ အမှတ်တရကားလေးမှာ ပါဝင် သရုပ်ဆောင်ခွင့်ရတဲ့အတွက် အဲ့ဒီအတွက်တော့ ကျေနပ်တယ်။
ခု ဒီလကလဲ ဦးသားကြီးရဲ့ ၇နှစ်ပြည့်လဲ ရှိတော့ အမှတ်တရစကားလေးပြောပေးပါဦး။
ဦးသားကြီးက ညီမအရမ်းလေးစားရတဲ့ အနုပညာရှင်ပေါ့နော်။ သူနဲ့ပထမဆုံးစရိုက်ရတဲ့ ကားမှာတင် သူ့ကို အရမ်းလေးစားရတာ တစ်ခုရှိတယ်။ အားလုံးက မော်နီတာမှာကြည့်နေကြတယ်ပေါ့နော်။ အိမ်လေးကကျဉ်းတော့ အထဲဝင်လို့မရဘူး။ အပြင်ကနေပဲ မော်နီတာချပြီးတော့ ကြည့်ရတယ်။ ဒါရိုက်တာက ကိုညို သူလဲကြည့်နေတယ်။ အဲ့ကားထဲမှာ ညီမက သူ့သမီးလေ။ သူ့ကို အထင်လွဲနေတဲ့ အခန်းပေါ့နော်။ အဲ့ဒီမှာ ဦးသားကြီးက သူပိုက်ဆံစုထားတဲ့ သေတ္တာလေးကို ကိုင်ပြီးငိုနေတာ။ ညီမတို့ကလဲ အပြင်မှာကြည့်ပြီးသရုပ်ဆောင်တာ ကောင်းလိုက်တာပေါ့နော်။ အဲ့တုန်းက သူမျက်ရည်အစစ်နဲ့ပဲ ငိုနေတာနော်။ ကိုညို ကဒ်ဆိုတော့ သူထွက်လာတယ်။ အဲ့ဒီမှာ ဦးသားကြီးက ကိုညို့ကို ညိုကြီး အဲ့ကဒ်ကို ငါပြန်ရိုက်မယ်။ ငါမကြိုက်ဘူးတဲ့။ ငါလိမ်လိုက်တာ ငါသရုပ်ဆောင်လိုက်တာတဲ့။ ငါ့ဒီထဲမှာ တကယ်မရှိဘူးတဲ့။ အဲ့လိုပြောပြီး အိမ်လေးထဲကို သူပြန်ဝင်သွားတယ်။ သူ့စိတ်ထဲမှာ တကယ်မခံစားရလို့ဆိုပြီး ပြန်ရိုက်ပေးသွားတာပေါ့နော်။ အဲ့ဒီမှာ သူ့အနုပညာကို အရမ်းလေးစားသွားတယ်။ သူအနုပညာကို တကယ်ရူးသွပ်ပြီး တကယ်ခံစား စီးမျောသွားတယ်ဆိုတာကို မြင်လိုက်ရတယ်။ အဲ့ဒီကားနာမည်က အနောက်ဖက်က ထွက်တဲ့နေတဲ့။ ဦးသားကြီးရယ်၊ အန်တီဆင့်ရယ်၊ ကိုသားညီရယ်၊ ညီမရယ် မိသားစုဇာတ်လေးပေါ့။
ဒီကားပြီးရင် ဆက်ရိုက်ဖို့ရှိတာက။
ဇာတ်လမ်းတွဲတစ်ခု လက်ခံထားတယ်။ ရက်ကတော့ပြန်ညှိရဦးမယ်။ ဒါရိုက်တာက ဦးဟိန်းစိုး၊ ဇာတ်လမ်းတော့ရပြီ။ အသေးစိတ်တော့ မညှိရသေးဘူး။ ညီမ ဂျူတီချိန်နဲ့ ညှိရဦးမှာပေါ့နော်။ ညီမအဖေ နေရာကနေ မင်းသားကြီး တစ်လက်ပါမယ်။ ညီမ မောင်နေရာက မင်းသားငယ် တစ်လက်ပါမယ်။ ဒရာမာပဲ ဖြစ်မယ်ထင်ပါတယ်။ သားမိသားဖ၃ယောက်ရဲ့ဇာတ်ပေါ့နော်။ ဇာတ်လမ်းတွဲက နိုင်ငံခြားဇာတ်လမ်းတွဲလိုမျိုးပဲ ပေါ့နော်။ ညီမဆို ၁၅ပိုင်းမှာ ၃ပိုင်းပဲပါမယ်ပေါ့။ ကားနာမည်က ရင်တွင်းရေးပြသာနာတဲ့။ ညီမရဲ့ ကာရိုက်တာက တစ်ယောက်တည်းကို ကာရိုက်တာ၂ခုချိန်းသွားတာမျိုးလေးပေါ့နော်။ စိတ်ဝင်စားဖို့ကောင်းတယ်။
ဇာတ်ရွေးချယ်မှုအပိုင်းမှာကကိုယ်ကိုတိုင်ပဲဆုံးဖြတ်တာလား။
များသောအားဖြင့် ကိုယ့်ဟာကိုပဲရွေးတာများတယ်။ ညီမအိမ်က အနုပညာမျိုးရိုးလဲမရှိဘူးဆိုတော့ ညီမပဲရွေးတယ်။ မေမေကအဓိက ကဘာလုပ်ပေးလဲဆိုတော့ ညီမရက်တွေမှတ်ပေးတယ်။ အဲ့ဒီလောက်ပဲ ။ ဇာတ်လမ်းကတော့ ကိုယ်ကိုတိုင်ပဲ ဖတ် ၊ ကိုယ်ကိုတိုင်ပဲ လက်ခံတာများပါတယ်။
ညီမကိုယ်တိုင် စိတ်ဝင်စားပြီးရိုက်ချင်နေတဲ့ ဇာတ်လမ်းအမျိုးအစားတွေက။
ညီမလုပ်ချင်တာက ဟာသလုပ်ကြည့်ချင်တယ်။ နောက်ပြီး မျက်မမြင်တို့ လုပ်ကြည့်ချင်ပါတယ်။
ဆရာဝန်အလုပ်ကတစ်ဖက်၊ ကားရိုက်ကတစ်ဖက်ဆိုတော့ ဘယ်လိုမျိုးအချိန်ကို ညှိယူဖြစ်လဲ။
သူငယ်ချင်းတွေနဲ့ဂျူတီတွေ ချိန်းရတာပေါ့နော်။ခုဆို ညီမက ဒီနေ့ အရေးပေါ်မှာ နေ့ပိုင်းကျတာကို သူငယ်ချင်းနဲ့ ဂျူတီချင်းချိန်းပြီး လုပ်ရတာပေါ့နော်။ ညီမက နိုက်ဂျူတီပြန်ဆင်းပေးရမယ် ပေါ့နော်။ ပင်တော့ပင်ပန်းတယ်ပေါ့နော်။လူငယ်ဘ၀တော့ဆုံးရှုံးတယ်။ ဒါပေမဲ့လဲ ကိုယ်ဝါသနာပါတဲ့ အလုပ်နှစ်ခုလုံးကို လုပ်နေရတဲ့အတွက် ကျေနပ်တယ်ပေါ့နော်။
ညီမရဲ့အချစ်ရေးလေးကိုလဲပြောပြပေးပါဦး။
အချစ်ရေးကတော့ ဒီလိုပါပဲ။ အလုပ်နှစ်မျိုး လုပ်နေရတာဆိုတော့လေ။ ခုလက်ရှိ အချစ်ရေးကတော့ ပျော်ရပါတယ်။ အချစ်ဆိုတာ အရွယ်ရောက်လာရင်တော့ ရှိကြတာပဲလေ။ အဆင်ပြေတဲ့သူရှိမယ်။ အဆင်မပြေတဲ့သူရှိမယ်။ ညီမသိပ်မပြောတတ်ဘူး။ အိမ်ကတော့ ကျပ်တယ်။ သူတို့သဘောတူမှ သဘောကျမှပေါ့နော်။ အမေက အစောကတည်းကပြောထားတယ်။ အရင်က သားအရမ်းလိုချင်တယ်တဲ့။ ခုတော့သမီးရှိတာ ကောင်းတယ်တဲ့။သားက ဆိုးဆိုးတော်တော် တော်ရမှာပဲ။ သားက သားပဲတဲ့။သားမက်ကတော့ ဆိုးလို့မရဘူး။ ကိုယ်ပေးစားမှ ယူရမှာတဲ့။ အဲ့လိုတော့ရှိတယ်။ ခု ရှိတဲ့အချစ်ရေးက အမေမသိဘူး။ အမေသတ်မှာ ကြောက်တယ်။ မမေးပါနဲ့တော့ အစ်မရယ်....
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။