iMyanmarHouse.com - Best Property Website for Myanmar
×








စိန်ခေါ်မှု များစွာရှိနေသော ယနေ့ခေတ်ကာလတွင် ထိုစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် အလုပ်လုပ်ခြင်း ဖြင့်သာ သက်သေပြရမည် ဖြစ်သော်လည်း စနစ်တကျ မဟုတ်သည့် လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေမှု များသည် ကျန်းမာရေးကို ထိခိုက်နိုင်သည်။

စနစ်တကျ အလုပ်မလုပ်ခြင်းကြောင့် ကျန်းမာရေးကို ထိခိုက်စေသော အချက်များ အနက် အလုပ်ကို မထတမ်း လုပ်ခြင်း၊ အချိန်ပို များပြားစွာ ဆင်းရခြင်း၊ အလုပ်ပြုတ်မည်ကို စိုးရိမ်စိတ်ဖြင့် အလုပ်လုပ်နေရခြင်း၊ လုပ်ငန်းခွင်တွင် အချိန်ပေးနေရ သဖြင့် မိသားစုကို အချိန်ပေးနိုင်မှု မရှိသောကြောင့် လူမှုရေးကဏ္ဍ များတွင် အဆင်မပြေခြင်း များသည် စိတ်ဖိစီးမှုကို ပိုမို ဖြစ်ပေါ်စေကြောင်း နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

““အလုပ်လည်း လုပ်ပါ၊ မိသားစုကို အချိန်ပေးပါ။ နားတဲ့ နေရာမှာလည်း မျှတမှု လိုတာပေါ့။ အလုပ်ပဲ လုပ်တဲ့ အခါကျတော့ ပြဿနာတွေ ပေါ်နိုင်တာပေါ့။ အဓိက ညဘက်မှာ အလုပ်လုပ်တာပါ။ ညဘက်မှာ အလုပ်လုပ်တာ ကြာရင် အခြေအနေ ဘယ်ကောင်းမလဲ””ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာမျိုးမင်းက ပြောသည်။

လူတစ်ယောက်သည် တစ်နေ့လျှင် ခြောက်နာရီနှင့် ခုနစ်နာရီခန့် အိပ်စက် အနားယူသင့်ပြီး ထိုသို့ အိပ်စက်အနားယူခွင့် ရသော်လည်း နေ့နှင့်ည မှားလျှင်လည်း ကျန်းမာရေး အတွက် ထိခိုက်မှု ရှိနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။ နေ့နှင့်ည မှားယွင်း အိပ်စက်မှုကြောင့် စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးများ ထိခိုက်လာနိုင်သည်။

လုပ်ငန်းခွင် လိုအပ်ချက်အရ အချိန်ပို ဆင်းရသည်မှာ သဘာဝ ဖြစ်သော်လည်း နေ့အချိန်များတွင် လုပ်ငန်းခွင်၌ အချိန်ဆုံးရှုံးမှု မရှိစေရန် စီမံခန့်ခွဲနိုင်မှသာ ညအချိန်တွင် အချိန်ပိုဆင်းရခြင်း လျော့နည်းသွား နိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံ စက်မှုဇုန်များရှိ စက်ရုံများနှင့် လုပ်ငန်းခွင်တချို့၌ လစာကို အနည်းငယ်သာ ပေးထားပြီး ရက်မှန်ကြေး အချိန်ပိုကြေးများဖြင့် ပေါင်းမှသာ မိမိအတွက် သင့်လျော်နိုင်မည့် လုပ်ခလစာကို ရရှိနိုင်သည့် အခြေအနေတွင် ရှိသည်။

““လစာက နှစ်သိန်း၊ သုံးသိန်း ရရင် ရမယ်။ တကယ်တမ်းကျတော့ သူတို့ရဲ့ လစာက ရှစ်သောင်း ၀န်းကျင်ပဲ ရှိတယ်။ အချိန်ပိုကြေး ရက်မှန်ကြေးတို့ ပေါင်းမှ စားလောက်တဲ့ အဆင့်ကို ရောက်တာပါ။ ဒီလိုဖြစ်တဲ့အခါ ကြာတော့ အလုပ်သမားတွေက အချိန်ပို မလုပ်ရင် မဖြစ်တဲ့ အခြေအနေ ရောက်လာတယ်။ အဲဒီအတွက် အလုပ်သမားတွေက အချိန်ပိုကို တောင်းဆိုနေရတာပါ”” ဟု မန္တလေးတိုင်း ဒေသကြီး အနိမ့်ဆုံးလုပ်ခ လစာ သတ်မှတ်ရေး ကော်မတီမှ အလုပ်သမား ကိုယ်စားလှယ် ဦးဇော်နိုင်က ပြောသည်။

တစ်နေ့လျှင် (၁၀) နာရီမှ (၁၁) နာရီခန့် ကြာအောင် အလုပ်လုပ်ရသူ များသည် နှလုံးရောဂါ ခံစားရနိုင်ခြေ ပိုမိုများပြားပြီး အရွယ်မတိုင်မီ သေဆုံးမှုများလည်း ဖြစ်နိုင်ကြောင်း လုပ်ငန်းခွင် ကျန်းမာရေးအဖွဲ့မှ အချိန် ကြာမြင့်စွာ လုပ်ကိုင်ခြင်းနှင့် ကျန်းမာရေးကို ထိခိုက်နိုင်ခြင်း အဆက်အစပ်ကို လေ့လာချက် စာတမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၌ အလုပ်သမားအများစုသည် မိမိတို့ရရှိသော ၀င်ငွေဖြင့် အလုပ်ဖိစီးမှုကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များကို ကုသနိုင်သော အခြေအနေတွင် ရှိမရှိမှာ မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ပြည်သူ ပြည်သားများ အတွက် ကျန်းမာရေး ကုသမှု စရိတ်ကို စရိတ်မျှပေး ကျန်းမာရေး စနစ်ဖြင့် ဆောင်ရွက်ပေး နေသော်လည်း အာမခံချက် မရှိသေးပေ။

ထို့ပြင် လူမှုဖူလုံရေးအဖွဲ့က Smart Card များကို အသင်းဝင်များအတွက် ပြုလုပ်ထားပြီး ရန်ပုံငွေ ထည့်ဝင်ရုံဖြင့် နှစ်အလိုက် ကျန်းမာရေး ကုသခွင့်များ ရရှိရန် ဆောင်ရွက်နေသော်လည်း ယင်းစနစ်ကိုလည်း အသုံးပြုလိုသူ နည်းပါးလှသည်။

““မြန်မာနိုင်ငံထဲမှာ လုပ်ငန်းခွင် ကျန်းမာရေး အစီအစဉ်တွေ မရှိသေးဘူး။ အလုပ်သာ လုပ်ကြတာ လုပ်ငန်းခွင်ထဲမှာ အခန်းလေး တစ်ခန်းပေးပြီး လမ်းလျှောက်စက်လေးတွေ ထည့်ပေးထားတာမျိုး မရှိသေးဘူး။ ကွန်ပျူတာ ရှိနေရုံနဲ့ အလုပ်လုပ်လို့ မပြီးပါဘူး””ဟု အမေရိကန်နိုင်ငံ Tufts တက္ကသိုလ်မှ တွဲဖက် လက်ထောက်ပါမောက္ခ ဒေါက်တာမြင့်ဦးက ပြောသည်။

ထိုင်ရာမထဘဲ အလုပ်လုပ်ကိုင်မှုများကြောင့် စိတ်လက်မကြည်မသာဖြင့် အိပ်ငိုက်ခြင်းများ ဖြစ်ပေါ်တတ်သည်။ ထိုအချိန်တွင် အိပ်ငိုက်ပြေ စေရန် အသင့်သောက် ကော်ဖီမစ်များ၊ လက်ဖက်ရည်များကို သောက်သုံးမှုများကြောင့် ရောဂါများကို ဖိတ်ခေါ်နေသလို ဖြစ်နေကြောင်း ဒေါက်တာမျိုးအောင် ကဆိုသည်။

နေထိုင် စားသောက်မှုပုံစံ မမှန်ခြင်းကြောင့် ကူးစက်ရောဂါမျိုး မဟုတ်ဘဲ လူသားတို့၏ လူနေမှုပုံစံကြောင့် ဖြစ်ပေါ်လာသော အ၀လွန်ရောဂါ၊ ဆီးချို သွေးချိုနှင့် ကင်ဆာ ရောဂါများ ဖြစ်ပွားမှု များပြားလာကြောင်း ဒေါက်တာမြင့်ဦးက ပြောသည်။

ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း၊ အ၀လွန်ခြင်း များကြောင့် အသက် (၂၀) အရွယ်မှ အသက် (၇၉) နှစ်အရွယ် အတွင်း မြန်မာနိုင်ငံရှိ လူပေါင်း (၁ ဒသမ ၉) သန်းမှာ ဆီးချိုရောဂါများ ဖြစ်ပွားနေပြီး ဆီးချိုရောဂါ လက္ခဏာပြ နေသော လူပေါင်း တစ်သန်းကျော် ရှိကြောင်း ၂၀၁၄ ဇန်န၀ါရီလ အတွင်းက ထုတ်ဖော် ဖတ်ကြားခဲ့သည့် ဆေးတက္ကသိုလ် (၂) မှ ပါမောက္ခချုပ် ဒေါက်တာတင့်ဆွေလတ်၏ စစ်တမ်းတွင် ဖော်ပြထားသည်။

ကျန်းမာရေး စောင့်ရှောက်ပေးမှုများ မှာလည်း ပြည်တွင်း၌ လုပ်ငန်းခွင် အနည်းစုသာရှိပြီး ကျန်းမာရေး ချို့တဲ့လာလျှင် ရရှိသော ၀င်ငွေဖြင့် ရောဂါပျောက်ကင်းနိုင်အောင် ကုသရမည့် အခြေအနေကို မိမိကိုယ်တိုင် ဖြေရှင်းရမည်ဖြစ်ရာ ရောဂါဝင်ရောက်မှု သက်သာစေရန် အတွက် ကျန်းမာရေး လိုက်စားခြင်းဖြင့် ကြိုတင် ကာကွယ်ရန် လိုအပ်ကြောင်း ဆရာဝန် များက အကြံပြု ပြောကြားသည်။

““ကုသမှုအချိန် မရှိသလို စားဝတ်နေရေး ကျပ်တည်းမှုကို ကုစားဖို့ အချိန်လည်း မရှိဘူး။ အလုပ်သမားတွေရဲ့ စွမ်းဆောင်ရည်က မတက်လာဘူး။ နောင်အခါမှာ မိသားစုအရေး လူမှုရေးနှင့် ကျန်းမာရေးတွေကို ကုစားဖို့ အတွက် ပုံမှန်အလုပ်ချိန်နဲ့ စားနိုင်သောက်နိုင်တဲ့ အခြေအနေ ရောက်မှပဲ အဲဒီပြဿနာတွေကို ဖြေရှင်းနိုင်လိမ့်မယ်””ဟု အလုပ်သမား အခွင့်အရေး လှုပ်ရှားသူ ဦးဇော်နိုင်က ပြော သည်။

ထို့အပြင် ကွန်ပျူတာဖြင့် လုပ်ငန်းခွင် ၀င်နေရသူများသည် ကွန်ပျူတာရှေ့တွင် လုပ်ငန်းခွင် တစ်ခုနှင့် တစ်ခု၊ လူတစ်ဦးနှင့် တစ်ဦး ထိုင်ရာမထဘဲ ဆက်သွယ်မှုများသည် လူ့ခန္ဓာကိုယ် ဇီဝဖြစ်စဉ်များနှင့် ကွဲလွဲသော အလုပ် ဖြစ်သောကြောင့် ရေရှည်တွင် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်လာနိုင်ကြောင်း ဆရာဝန်များက သုံးသပ်ကြသည်။ အချိန်ကြာလာသည်နှင့် အမျှ စိတ်ဖိစီးမှု များနှင့်လည်း ရင်ဆိုင် ရနိုင်သည်။

““စိတ်ဖိစီးမှုကတော့ များမှာပဲ။ အထူးသဖြင့် မြို့ကြီးတွေမှာက သွားရေးလာရေးက အစ အချိန်ယူရသလို ပြိုင်ဆိုင်မှုလည်း များတော့ စိတ်ဖိစီးမှုများတယ်။ နယ်ဒေသတွေ မှာက ဒီလောက် ပြဿနာမရှိဘူး။ ရန်ကုန်မြို့မှာက စီးပွားရေး ကော်ပိုရေးရှင်းတွေက ပိုပြီးတော့ ပြိုင်ဆိုင်မှုက ပိုကြီးမားတယ်”” ဟု စိတ်ပညာရှင် ဒေါက်တာ အောင်မြတ်ကျော်စိန်က ပြောသည်။

တိုးတက်လာသော ခေတ်အခြေအနေ အရ ဘ၀အတွက် လိုအပ်ချက်များမှာ ဆက်တိုက် ဖြစ်ပေါ်နေသည် ဆိုသော်လည်း ကျန်းမာရေး အသိဖြင့် လုပ်ငန်းခွင်တွင် အလုပ်ကို ဂရုစိုက် ပြုလုပ်နိုင်ရန် အရေးတကြီး လိုအပ်သည့် အချိန်ကို ရောက်ရှိနေပြီ ဖြစ်သည်။

Credit : Messenger

 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top