iMyanmarHouse.com - Best Property Website for Myanmar
×














အမျိုးသားတွေက သူတို့မှာရှိတဲ့ ကြွက်သားဗလတွေ၊ စက်ပစ္စည်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေနဲ့ ယောက်ျားမာနအပြည့် ရှိကြပါတယ်။ ဒါပေမယ့် သူတို့မှာ ဘာတွေမရှိဘူးလဲဆိုတာကိုတော့ သူတို့မသိကြဘူး။ ကျွန်မတို့အမျိုးသမီးတွေ မလုပ်နိုင်တာ အနည်းငယ်ရှိပေမယ့် ကျွန်မတို့ လုပ်နိုင်တာတွေကတော့ အများကြီးရှိပါတယ်။ အမျိုးသမီးဖြစ်ရတာ ပျော်စရာကောင်းပါတယ်။ ဒါနဲ့ အမျိုးသားတွေ မှာမရှိတဲ့ ကျွန်မတို့အမျိုးသမိးဖြစ်ရခြင်းရဲ့ ကောင်းကျိုးလေးတွေကို ကြည့်လိုက်ကြရအောင်။

၁။ကျွန်မတို့တွေက မိတ်ကပ်လိမ်းခြယ်လို့ရပါတယ်။

အမျိုးသားတစ်ယောက်က အိပ်ယာထတဲ့အခါ မျက်နှာက ပုံပျက်ပန်းပျက်ဖြစ်နေရင် တစ်နေ့လုံးလည်း ဒီပုံနဲ့ပဲနေရမှာပဲလေ။ ကျွန်မတို့တွေကတော့ အိပ်ယာထတဲ့အခါ မလှမပဖြစ်နေရင်တောင် နှင်းဆီပန်းလေးလို လန်းဆန်းလှပနေဖို့ အချိန်ဘယ်လောက်မှ မကြာဘဲ ပြင်ဆင်လိုက်လို့ရပါတယ်။ မိတ်ကပ်တွေရဲ့ကျေးဇူးကြောင့်ပါ။ အမျိုးသမီးတစ်ယောက်က ကိုယ်ဖြစ်ချင်တဲ့ပုံစံကို မိတ်ကပ်လိမ်းခြယ်ပြီး ပြင်ဆင်လို့ရပါတယ်။ အမျိုးသားတွေကတော့ ဒီမျက်နှာနဲ့ပဲ အမြဲနေရပါတယ်။

၂။အမျိုးသမီးတွေက ငိုချင်သလို ငိုလို့ရပါတယ်။

အမျိုးသမီးတွေက ခံစားချက်တွေကို သိမ်းဆည်းထားစရာ မလိုဘူးလေ။ ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာမှာ ငိုနိုင်ပါတယ်။ ကြံ့ခိုင်တယ်လို့ ထင်ရအောင် အရာရာကို မြှိုသိပ်ထားစရာ မလိုပါဘူး။ ပျော်ရင်လည်းငိုလို့ရသလို ဝမ်းနည်းရင်လည်း ငိုလို့ရပါတယ်။ ခံစားချက်ပေါ်မှာ မူတည်ပြီး မျက်ရည်လွတ်လွတ်လပ်လပ် ကျနိုင်ပါတယ်။

၃။ဒေါက်ဖိနပ်အမြင့်တွေစီးပြီး အရပ်ပိုရှည်အောင်လုပ်လို့ရပါတယ်။

အရပ်လေးပိုရှည်ပြီး ကျက်သရေရှိရှိ၊ ယုံကြည်ချက်ရှိရှိ လမ်းလျှောက်ချင်တယ်ဆိုရင် ကျွန်မတို့အမျိုးသမီးတွေက ဒေါက်ဖိနပ်လေးတွေ စီးလို့ရပါတယ်။ တစ်ချို့ဖိနပ်တွေဆို (၁၀)စင်တီမီတာထိတောင် ဒေါက်အမြင့်ရှိတယ်။ ကိုယ့်အရပ်က ပုနေတယ်ဆိုရင်လည်း ကိစ္စမရှိတော့ဘူးလေ။ အမျိုးသားတွေအတွက်တော့ အရပ်ပုလည်း ဒေါက်ဖိနပ်စီးလို့မှ မရတာ။

၎။အမျိုးသမီးတွေက တစ်ချိန်တည်းမှာ တစ်ခုထက်ပိုပြီး လုပ်နိုင်ကြတယ်။

အမျိုးသားတွေ အတွက်တော့ စိတ်မကောင်းပါဘူး။ သိပ္ပံနည်းအရကို သက်သေပြထားတာကတော့ အမျိုသားတွေက တစ်ချိန်တည်းမှာ အလုပ်အများကြီး မလုပ်နိုင်ကြဘူးတဲ့။ အမျိုးသမီးတွေကတော့ ကလေးကိုအစာကျွေးရင်းနဲ့ ဖုန်းပြောတာ  နှုတ်ခမ်းနီဆိုးရင်းနဲ့ ဟင်းချက်တာ စတာတွေကို တစ်ချိန်တည်းမှာ လုပ်နိုင်ကြပါတယ်။

၅။ကလေးတွေက ပုံမှန်အားဖြင့် အမျိုးသမီးတွေကို ချစ်ကြပါတယ်။

ဒါကို ကြုံဖူးကြလားမသိဘူး။ အမျိုးသားတစ်ယောက်က ကလေးလေးတစ်ယောက်ကို ချဉ်းကပ်တဲ့အခါ ကလေးလေးက အော်ငိုတာမျိုးပေါ့။ အမျိုးသမီးတွေကိုမြင်ရင်တော့ သူတို့လေးတွေက မျက်နှာလေး ဝင်းလာပြီး ပြုံးလာတယ်၊ ပြီးတော့ အသံလေးတွေ ထွက်လာပါတယ်။ ကလေးတွေက အမျိုးသမီးတွေဟာ နူးညံ့တယ်၊ ဂရုစိုက်တတ်တယ် ဆိုတာကို သိပုံရပါတယ်။ ဒါကြောင့် ကလေးတွေက အမျိုးသမီးတွေနဲ့ သဘာဝအတိုင်း နေသားကျကြတာပါ။

၆။အမျိုးသမီးတွေမှာ လှပတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ပါတယ်။

သမိုင်းမှာကတည်းက ပန်းချီပညာရှင်တွေဟာ အမျိုးသမီးတွေရဲ့ ကိုယ်လုံးတည်းပုံတွေကို အနုပညာလက်ရာမြောက်စွာ ရေးဆွဲဖို့ ရွေးချယ်ကြပါတယ်။ အမျိုသမီးကိုယ်လုံးမှာ ကောက်ကြောင်းလေးတွေနဲ့ အလှတရားတွေ ရှိလို့ပါ။ ဒါကြောင့် ကမ္ဘာပေါ်က အလှဆုံးပန်းချီကားတွေ ထဲကအချို့ဟာ အမျိုးသမီးပုံတွေဖြစ်နေတာ မဆန်းပါဘူး။

၇။အမျိုးသမီးတွေက သူတို့ချစ်သူကောင်လေးရဲ့ ဂျင်းဘောင်းဘီကို ဝတ်လို့ရပါတယ်။

ဒါကလည်း အမျိုးသမီးဖြစ်ရခြင်းရဲ့ ကောင်းကွက်တစ်ခုပဲလေ။ ကိုယ့်ချစ်သူကောင်လေးရဲ့ အဝတ်အစားတွေကိုဝတ်ပြီး ချစ်စရာကောင်းတဲ့ပုံလေး နေလို့ရတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်နဲ့ပွနေတဲ့ ဘောင်းဘီတွေ၊ ရှပ်အင်္ကျီတွေကလည်း ဖက်ရှင်တစ်ခုပဲ မဟုတ်လား။

၈။အမျိုးသမီးတွေရဲ့ သြဇာက တကယ်ကို အာဏာကြီးပါတယ်။

အမျိုးသားတွေက ခေါင်းဆောင်ဖြစ်နေပေမယ့် တကယ်သြဇာအာဏာကြီးတာ အမျိုးသမီးတွေပါ။ သမိုင်းမှာလည်း အကြိမ်ကြိမ်ပြခဲ့ဖူးပါတယ်။ အမျိုးသားခေါင်းဆောင်တွေရဲ့ နောက်ကွယ်မှာ လေးစားစရာကောင်းတဲ့ အမျိုးသမီးတွေအမြဲရှိခဲ့ပါတယ်။ အမျိုးသားတစ်ယောက်က ချစ်မိသွားပြီဆိုတာနဲ့ သူ့နှလုံးသား၊ သူ့စိတ်ဟာ သူ့ချစ်သူအမျိုးသမီးလက်ထဲမှာ ရောက်သွားပါတယ်။

၉။အမျိုးသမီးတွေက ဆံပင်ပုံစံ အများကြီးထားနိုင်ပါတယ်။

နေ့စဉ် တစ်ရက်တစ်မျိုး ဆံပင်ပုံစံမတူအောင် အမျိုးသမီးတွေမှာ ရွေးချယ်လို့ရတာ အများကြီးရှိပါတယ်။ ကျစ်ဆံမြီးကျစ်မလား၊ ဆံပင်လေးစည်းထားမလား၊ ရှေ့ချထားမလား ကြိုက်သလိုလုပ်နိုင်ပါတယ်။ ဆံပင်ပုံစံအမျိုးမျိုး၊ ဆံပင်အရောင်အမျိုးမျိုးနဲ့ တစ်ရက်တစ်မျိုး လှနေအောင် ပြင်ဆင်နိုင်ပါတယ်။ ဒါ့အပြင် အမျိုးသားတွေမှာ ဖြစ်တတ်တဲ့ ထိပ်ပြောင်တာမျိုးက အမျိုးသမီးတွေမှာ ဘယ်တော့မှ မဖြစ်ပါဘူး။

အခုတော့ အမျိုးသမီးဖြစ်ရတာ ကံကောင်းတယ်ဆိုတာ သိသွားပြီလား။ တစ်ဘက်ကပြောရမယ်ဆိုရင်လည်း အမျိုးသားဖြစ်ရတာ ကောင်းတဲ့အချက်လေးတွေ ရှိပါတယ်။

Credit : Gandwanin

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top