iMyanmarHouse.com - Best Property Website for Myanmar
×

သူ့စားပွဲ ကိုယ့်စားပွဲ စနစ်တကျ ကာရံ နေရာ သတ်မှတ်ထားခြင်း မရှိသော ဟင်းလင်းပြင် ရုံးခန်းမျိုးတွင် လုပ်ကိုင်ရသူ ဆိုပါက အလုပ်ခွင် ထဲက ဆူညံပူညံ သမားများဒဏ် ခံရဖို့ အလွန် နီးစပ်နေ ပြီဟု ဆိုနိုင်သည်။ အာကျယ်ကျယ် စကားများများ လုပ်ဖော် ကိုင်ဖက်မျိုးနား အလုပ်လုပ်ရ ခြင်းသည် ရှင်လျက် ငရဲကျရခြင်းနှင့် မခြား ဒုက္ခကြီးလှ၏။ ခက်သည်မှာ ထို သူမျိုးသည် ယနေ့ အလုပ်ခွင်များတွင် မတွေ့ချင် မမြင်ချင် အဆုံး အပေါများဆုံးလို ဖြစ်နေသည်ဟု အလုပ်ခွင်တွင်း ဆူညံပူညံ သမားများကို ကိုင်တွယ်နည်း စာအုပ် ရေးသား ထုတ်ဝေ ထားသော စာရေး ဆရာမ လင်းတိုင်လာက ဆို သည်။

    နားမခံသာ အောင် ညံလာခြင်း၊ နားနားကပ်ပြီး ကျောက်သင်ပုန်းကို လက်သည်းနဲ့ ခြစ်နေ သလား ထင်ရ လောက်အောင် အသည်းယား လာခြင်းများ ဖြစ်လာပြီ ဆိုလျှင်တော့ မိမိ အတွက် အသံ ဆူညံခြင်း ပြဿနာ ကြုံနေရပြီ ဆိုတာ သိလိုက်ပါ။ အသံ ဆူညံမှုကို ကာကွယ် နိုင်ရန် သီချင်း နားမထောင် ချင်ပါဘဲလျက် နားကျပ်ကြီး တပ်ထားရ ခြင်းမျိုး၊ သီချင်းတွေ ဖွင့်ပြီး နားထောင်နေရ ခြင်းမျိုး ဖြစ်လာပြီ ဆိုလျှင် အသံ ဆူညံခြင်းဒဏ် ကိုယ်ခံစားနေရပြီ ဆိုတာ သေချာပြီ။

                ဒီလို ဆူညံပူညံ အော်ကြီး ဟစ်ကျယ် စကား ပြောတတ်တဲ့ လုပ်ဖော် ကိုင်ဖက်မျိုးကို အလုပ်ခွင်ထဲမှာ ရင်ဆိုင် ကိုင်တွယ်ဖို့ ဆိုတာ တော်တော် တော့ ကသိကအောက် နိုင်တဲ့ ကိစ္စပါ။ ရပ်ကွက် ထဲမှာက မခေါ်ချင် မဆက်ဆံဘဲ နေချင်နေလို့ ရမယ်။ အလုပ်ခွင် ထဲမှာက အဲ့လို ရှောင်နေလို့ မရတော့ ပိုဆိုးပါတယ်ဟု အလုပ်ခွင် တိုးတက်ရေး ဆိုင်ရာ ဟောပြော ပို့ချသူ မိုက်ကယ်ကားက ပြောသည်။ မိုက်ကယ်ကားသည် အလုပ်ခွင်တွင်း ရယ်မောစရာ ပေါင်းစပ်ခြင်း စာအုပ်ကို ရေးသား ထုတ်ဝေထားသူ ဖြစ်သည်။

                အလုပ်ထဲမှာ ကျတော့ အားလုံးနဲ့ ပေါင်းပြီး လုပ်နေရတာ။ နားငြီးတယ် ဆိုပြီး ကိုယ်က ထပြောရင် ကိုယ့်ကို မျက်မုန်း ကျိုးပြီး အလုပ်တွဲ လုပ်ရတာ အဆင်မပြေ တော့ဘူး။ အဲဒီတော့ အကောင်းဆုံး ကတော့ အံကြိတ် နားပိတ်နေကွာ ဆိုပြီး ကိုယ့်ကိုယ်ကို နှိပ်စက်ရတဲ့ ဆီ ရောက်တာပဲ ဟု မိုက်ကယ် ကားက ပြောသည်။

                သို့သော် သည်းခံ ကြိတ်မှိတ်ခံသည်မှာ အတိုင်းအတာတော့ ရှိပါသည်။ ကိုယ့်အလုပ် ကိုပါ ထိခိုက် လာပြီ၊ ကိုယ်လုပ်နိုင် ကိုင်နိုင်စွမ်း ကိုပါ ထိခိုက် လာပြီ ဆိုလျှင်တော့ တစ်ဖက် လူသည် စည်းကျော် လာပြီ ဆိုတာ သိလိုက်ပါ။ လိုအပ်သည့် တုံ့ပြန်မှု တစ်ခုခုတော့ ကိုယ့်ဘက်က ပြုရမည်။ ထိုသို့ မှ မတုံ့ပြန်လျှင် တစ်ဖြည်းဖြည်း ကိုယ်လုံး ပါးပါးသွား လိမ့်မည်။ လူမိုက်ကြီး လုပ်ရန် မြှောက်ပေး ခြင်းတော့ မဟုတ်။ သံတမန် ဆန်ဆန် ယဉ်ကျေး သော စကားလုံးများ သုံး၍ မိမိ ပြောလိုသည်ကို ပေါက်ရောက်အောင် ခိုင်မာ ပြတ်သားစွာ ပြောတတ်ဖို့ လိုမည်ဟု တိုင်လာက အကြံပြုသည်။

                အာကျယ်သည့် လုပ်ဖော် ကိုင်ဖက်နဲ့ နှစ်ယောက်ချင်း အေးအေးဆေးဆေး စကားပြော နိုင်မည့် နေရာကို ရွေးပါ။ နေ့လယ်စာ စားနေတုန်း ပြောခြင်းမျိုး၊ တိတ်ဆိတ်သည့် ရုံးခန်း တစ်ခန်းခန်း စသဖြင့် ရွေးချယ်ပါ။ ပြီးလျှင် ထိုသူကို မိမိ ရွေးချယ် ထားသော နေရာသို့ ယဉ်ကျေးစွာ ဖိတ်ခေါ်ပါ။ ဖိတ်ခေါ်ရန် ၀န်လေးသူ ဖြစ်ပါက နှစ်ဦးတည်း စကားပြောလို့ ရမည့် အခြေအနေမျိုးကို စောင့်ကြည့် နေပြီး အခွင့်အရေး ရသည်နှင့် အသုံးချပါ။

                နှစ်ဦးတည်း စကားပြောသည့် အခါ ချိုသာ ယဉ်ကျေးဖို့ လိုသည်။ အပေါ်ယံ လုပ်ခြင်း မဟုတ်ဘဲ စိတ်ထဲကပါ ပါပါစေ။ နှစ်ယောက်လုံး စိတ်ဝင်စား နိုင်မည့် ယေဘုယျ အကြောင်း အရာကစပါ။ မိမိ ပြောလိုသည် ကိုလည်း သံတမန် ဆန်ဆန် ကျင်လည် ပါးနပ်စွာ လုပ်ပါ။ ဟေး.... သူငယ်ချင်း ဒို့တွေ အလုပ်ခန်း တစ်နေရာ တည်းမှာ စုလုပ်နေရတာ ဆိုတော့ အခက်အခဲတွေ အဆင်မပြေ တာတွေ ရှိကောင်း ရှိမှာပဲ။ သူငယ်ချင်း အတွက် အလုပ်လုပ် ရတာ အနှောင့်အယှက် ဖြစ်ရမယ့် ကိစ္စမျိုး ရှိလား။ ရှိရင် ပြောပါဦး။ ၀ိုင်းကူ နိုင်တာ ရှိရင်လည်း ကူပေးရ တာပေါ့။ ကိုယ်တို့က တစ်ယောက်နဲ့ တစ်ယောက် နီးနီး ကပ်ကပ်လေး လုပ်နေကြ ရတာ ဆိုတော့ ကိုယ့်ကြောင့် အနှောင့်အယှက် ဖြစ်ရတာ မျိုးကော ရှိလား။ ဥပမာ ကိုယ်က ဘောပင်နဲ့ စားပွဲကို ခေါက်မိလို့၊ ဘီရို တံခါးကို ဂျိုင်းဆို ပိတ်မိလို့ သူငယ်ချင်း အနှောင့်အယှက် ဖြစ်သွား တာမျိုး ရှိလား။ အဲဒါမျိုးတွေ ရှိရင် ပြောနော်၊ ကိုယ်လည်း ဆင်ခြင်ရ တာပေါ့ စသဖြင့် သူ့ အတွက်လည်း တစ်ကယ် အဆင်ပြေစေ၊ ကိုယ့် အတွက်လည်း အကျိုးရှိ စေမည့် ရှဥ့်လည်း လျှောက်သာ၊ ပျားလည်းစွဲသာ အနေအထားမျိုး ပြောခြင်းသည် အကောင်းဆုံး ဖြစ်သည်။

                 ကိုယ်က ကိုယ့်နေရာက ကြည့်ပြီး သူငယ်ချင်း အဆင်မပြေတာ ရှိမလား အကြံဉာဏ် တောင်းတာပါ။ ဥပမာ ကိုယ်ဆို အသံ ကျယ်ကျယ် ကြားရင် အာရုံတွေ နောက်ပြီး အလုပ်လုပ်လို့ မရဘူး။ သူငယ်ချင်းကော ကိုယ့်ကြောင့် အဲဒီလို ဖြစ်နေရ သလား ပွင့်ပွင့်လင်းလင်း ပြောနော် ဆိုတာမျိုး  လမ်းဖွင့်ပေးပါ ဟု တိုင်လာက အကြံပြုသည်။

                ထိုသို့ ပြောဆို ဖြစ်သည့် အခါ အဖြေတစ်ခုခုတော့ ထွက်လာမည်။ ပြောလိုသည့် ကိစ္စ ပြောပြီးလျှင် နှစ်ယောက်သား သဘောတူ လုပ်ဆောင် နိုင်မည့် ကိစ္စ တစ်ခုခုအကြောင်း ပေါ့ပေါ့ပါးပါး ပြောခြင်းဖြင့် အဆုံးသတ် ဖို့လည်း မမေ့ဖို့ လိုသည်။ ကိုယ်တွေ လုပ်နေသည့် ကုမ္ပဏီ၏ ရှေ့အလားအလာ၊ နှစ်ကုန် မှာပေးမည့် ဘောနတ်စ် စသဖြင့် နှစ်ဦးလုံး ပြောလို့ရနိုင်မည့် ကိစ္စတစ်ခုခုဖြင့် အဆုံးသတ်ပါ။  ထိုသို့ ပြောဆိုခြင်း ဖြင့်ပင် အဖြေ တစ်ခု ထွက် မလာသေးဘူး ဆိုလျှင်၊ သို့မဟုတ် မိမိ ကိုယ်တိုင်က ထိုသို့ နှစ်ဦးတည်း ပြောဆိုရတာ မျိုးလုပ်ရမှာ ၀န်လေးသည် ဆိုလျှင် အခြား တစ်နည်းဖြင့် လှည့်စမ်း ကြည့်ပါ။

             တစ်ဦးတည်းကို တိုက်ရိုက် မပြောလိုလျှင် တစ်ရုံးလုံးကို ခြုံငုံ အသိပေးသည့် ပုံစံမျိုး သုံးကြည့်ပါ။ စိတ်ချမ်းသာစရာ အလုပ်ခွင် ဖြစ်ရေး အဓိက သတ်မှတ်ရမည့် ငါးချက်ကို အကြံပြုနိုင် ပါသည် ဆိုတာမျိုး ထမင်း စာခန်း ကြော်ငြာဘုတ်မှာ ကပ်နိုင်သည်။ အစည်းအဝေး မှာလည်း ထိုအကြောင်း ပြောပြီး အလုပ်ခွင်တွင်း ထုတ်လုပ် နိုင်စွမ်းများ တိုးတက်ရေး အတွက် ထိပ်ဆုံး လိုအပ်သည့် ငါးချက်ကို ၀န်ထမ်း အားလုံး သဘောထား ပေးကြ စေခြင်း ဖြင့် အလုပ်ခွင်ဘ၀ ပိုမို ကောင်းမွန် လာမည် ဖြစ်ကြောင်း ရဲရဲဝံ့ဝံ့ ပြောပါက အထက် လူကြီး များလည်း သဘော မတူစရာ မရှိပါ။ အလုပ်ခွင် ထဲတွင် မိမိ လိုပင် နားဒုက္ခခံ နေရ သူများ ရှိနေပါက အလုပ်ခွင်တွင်း ဆူညံပူညံ မလုပ်ရဟူသော အချက်သည် အများ သဘောတူ ချမှတ်လိုက်သည့် စည်းကမ်းချက် တစ်ရပ် အဖြစ် ပေါ်ထွက် လာမည်။ ထိုအခါ အများ သဘောတူ ချမှတ် ထားသော ကိစ္စဖြစ် သောကြောင့် နောင်တွင် ဆူညံပူညံ လုပ်သူများ ရှိလျှင်ပင် ထပြောလိုက် လို့ပင် မျက်နှာပူစရာ မရှိတော့။

ရုံးခန်းထဲမှာ ဆိတ်ငြိမ်ဇုန်လေးများ ထူ ထောင်ပါ။

                ရုံးခန်းထဲက တစ်ချို့အခန်းများ နေရာ များသည် ၀န်ထမ်းများ တိတ်တိတ် ဆိတ်ဆိတ် အာရုံစိုက် အလုပ်လုပ် နိုင်အောင် သီးသန့် ထားသော အခန်းများ ဖြစ်ကြောင်း စာရေးပြီး ကပ်ပေးထား တာမျိုး လုပ်ထားပါ။ ကိုယ်က စီမံခန့်ခွဲ နိုင်သည့် ဌာနမျိုးက ဖြစ်လျှင် ထိုသို့ လုပ်ဖို့ ပို အဆင်ပြေသည်။ ထိုသို့ မဟုတ်လျှင် အများသဘော တူညီချက် တစ်ခုရအောင် ဦးစွာ စည်းရုံးပါ။

နားကျပ်တပ်ပါ။

                နားကျပ်တပ် သီချင်း နားထောင်နေခြင်းသည် အာကျယ် သမားများကို ကိုယ်တွယ်ဖို့ မှန်ကန် သင့်တော်သော နည်းမဟုတ် သော်လည်း မိမိ အတွက်ကား အထိုက် အလျောက်တော့ အသုံးဝင်ပါ လိမ့်မည်။ ထိုသို့ လုပ်ခြင်းသည် အော်ကြီးဟစ်ကျယ် သမားကို ယဉ်ကျေးစွာ ကန့်ကွက် ဆန္ဒပြခြင်း ဟု ဆိုနိုင် ပါသည်။မိမိသည် ပြင်ပ အသံများ ဆူညံနေပါက ကောင်းစွာ အာရုံစိုက် အလုပ်မလုပ်နိုင် သဖြင့် နားကျပ် တပ်ထားရခြင်း ဖြစ်ကြောင်း သက်ဆိုင်သူ အာကျယ်သမား သိအောင် တစ်နည်း တစ်ဖုံဖြင့် ဆောင်ရွက်ပါ။ ထိုသူ မသိသေးလျှင်ပင် မိမိ အနေဖြင့် ထိုသို့ တပ်ထားခြင်းကြောင့် နား ဒုက္ခပေးခံရခြင်းမှ သက်သာရာ ရမည် ဖြစ်သည်။

ထိပ်တိုက် ပြောဖို့ လိုတာ ပြောပါ။

            လုပ်ဖော်ကိုင်ဖက်တွေ အော်ကြီး ဟစ်ကျယ် ပြောနေ ကြတာက ကိုယ် အလုပ်လုပ် မရလောက်အောင် အနှောင့်အယှက် ဖြစ်လာပြီ ဆိုရင်တော့ ပွင့်ပွင့်လင်းလင်းသာ ပြောပါ။ တစ်ခြား တစ်နေရာရာ သွားပြော ပေးလို့ ရကြမလား။ ဒီမှာ ဖောက်သည် ဘက်က ဖုန်းခေါ်ဖို့ ရှိလို့၊ ဒီမှာ နောက်ဆုံး စာရင်းချုပ် ကိစ္စ ပြောစရာရှိလို့ သေချာ အာရုံစိုက် ပြောရမှာ မို့လို့ စသဖြင့် ကိုယ့်ဘက်က ခိုင်လုံသော အကြောင်းအရာ တစ်ခု တင်ပြပြီး သူတို့ စကားဝိုင်း ကို ယဉ်ကျေးစွာ နေရာရွှေ့ခိုင်းပါ။

သူများ အရှက်ရအောင် မလုပ်ပါနဲ့။

                အာကျယ်သူကြောင့် နားငြီးပြီး အလုပ်လုပ်မရ ဖြစ်ရကြောင်းကို သက်ဆိုင်သူသို့ သွားပြောရာတွင် သူ အရှက်မရ သွားစေရန် ဂရုပြုပါ။ အခန်း က အရမ်းလုံပြီး အသံ အရမ်းပြန်ကန် နေတော့ ခပ်တိုးတိုးလောက် ပြောရုံနဲ့ အကျယ်ကြီး ဖြစ်နေလို့ အသံ နည်းနည်းလျှော့ ပြောပါဟု ဆိုလျှင် သူ့ကြောင့် မဟုတ်ဘဲ အခန်းကြောင့်ဟု ဖြစ်သွားကာ သူလည်း သူ့သိက္ခာ သူဆယ်နိုင်မည်။ အရေးကြီး ဖုန်းဝင် လာစရာရှိ သောကြောင့် ဆိုတာမျိုး ပြောလျှင်လည်း သူမျက်နှာမပျက်အောင် ထိန်းပေး လိုက်ရာ ရောက်သည်။ ပြောသည့် အခါ ကိုယ်က ရန်လိုသော အသွင်အပြင်မျိုး မဖြစ်ဖို့ လိုသည်။

                အသံ အလွန်ကျယ်နေသူ ဖြစ်ပါက သီးသန့်ခေါ်ပြီး သူ့ အသံကျယ်နေတာ သတိထားမိပါ သလား မေးပါ။ တစ်ချို့ လူများသည် မိမိအသံကျယ် လို့ ကျယ်နေမှန်း မသိသူများ ဖြစ်သည်။ ထိုသို့ သူ့ကို ထိန်းပေးလိုက် ခြင်းသည် သူ့ကို စော်ကားခြင်း မဟုတ်ကြောင်းလည်း ရှင်းပြပါ။ ကိုယ်ရေး ကိုယ်တာ တိုက်ခိုက်ခြင်း မဟုတ်၊ အလုပ်ခွင်တွင်း အလုပ် အတွက် အဆင်ပြေ စေရန် အလုပ်သဘော ပြောခြင်းသြာ ဖစ်ကြောင်း သိသာအောင် ချိုသာစွာ ပြောပါ။

            လုံးဝ အဆင်မပြေသည့် ကိစ္စများ ရှိလာပါက အထက်လူကြီး သို့မဟုတ် အလုပ်ရှင်ကို ပြောပြပြီး မိမိထိုင်ရသည့် နေရာအား ရွှေ့ပေး စေခြင်းမျိုး တောင်းဆိုပါ။ မိမိ အနေဖြင့် အသံ ဆူညံမှုကြောင့် ပုဂ်္ဂိုလ်ရေး မုန်းတီးခြင်း မရှိသော်လည်း အလုပ်လုပ် မရအောင် ထိခိုက်ရ သဖြင့် အဆင်ပြေအောင် အကူအညီ တောင်းခြင်း ဖြစ်ကြောင်း အထက် လူကြီး ရှင်းလင်းအောင် ပြောပြပါ။အထက် လူကြီးကို တင်ပြရာတွင် အချက်အလက် ပြည့်ပြည့်စုံစုံနှင့် အဓိပ္ပာယ် ကောက်မလွဲအောင် တင်ပြနိုင်ဖို့တော့ ဂရုပြုရမည်။ သို့မှသာ နောက်ဆက်တွဲ ဆိုးကျိုး သက်ရောက်ခြင်း များကိုပါ ရှောင်ရှားနိုင်မည် ဖြစ်သည်။

Credit : The Messenger

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top