iMyanmarHouse.com - Best Property Website for Myanmar
×









ကျွန်မ TV ကို စိတ်ပါဝင်စားစွာကြည့်နေတုန်း မောင် ရုတ်တရက် ပြောလိုက်တဲ့ စကားတခွန်းက ကျွန်မကို စနောက်နေတာပဲဖြစ်ပါစေလို့ စိတ်ထဲမှာ ချက်ချင်း ဆုတောင်းမိလိုက်တယ်။

`ငါတို့ ကွာရှင်းကြရအောင်´

မောင့်မျက်လုံးတွေကိုကြည့်ရတာ စနောက်နေတဲ့ပုံ လုံးဝမဟုတ်မှန်း ကျွန်မ သိလိုက်ရတယ်။
မောင်ဝယ်ထားတဲ့ စတော့ရှယ်ရာတွေ အရှုံးပေါ်သွားလို့ ဒါမှမဟုတ် မောင့် မှာ ကုလို့မရတဲ့... ရောဂါတစ်မျိုးမျိုးရှိနေလို့ ကျွန်မ ကို ပင်ပန်းမှာစိုးလို့ ကွာရှင်းပြတ်စဲဖို့ပြောတာလား၊
မောင် ဘယ်လိုပဲဖြစ်နေပါစေ၊ ကျွန်မ မောင် နဲ့ သက်ဆုံးတိုင်နေဖို့ ဆုံးဖြတ်ပြီးသား။

ဒါပေမယ့် မောင် ပြောလိုက်တဲ့ ဒုတိယ စကားတခွန်းက ကျွန်မကို ငရဲပြည်ထဲ ပို့ခံလိုက်ရသလိုပါပဲ။

`ငါ...တခြားတစ်ယောက်ကို ချစ်မိနေပြီ၊ ´

`ဘယ်တုန်းကလဲ´ အသက်ပြင်းပြင်းရှူပြီး ကျွန်မ မေးမိတယ်။

` နှစ်ဝက်လောက်ရှိပြီ။ ငါတို့ အလုပ်ကိစ္စနဲ့ ခရီးသွားရင်း တွေ့တာ၊ သူက တိုးရစ်စ်ဂိုက်၊
အရမ်းဖော်ရွေတယ်၊ အရမ်းလဲ ရိုးသားတယ်´ မောင့်ရဲ့ အသစ်စက်စက်ချစ်တဲ့သူကို ချီးမွမ်းခန်းဖွင့်
နေတာကို မောင် ချက်ချင်း ရပ်ပစ်လိုက်တယ်။

မျက်တောင်မခတ်ဘဲကြည့်နေတဲ့ ကျွန်မကို သူ အားနာသွားပုံရတယ်။

`မောင်...အဲ့ဒီ့တစ်ယောက်ကို ဘယ်လောက်တောင်ချစ်လဲ´ မောင် လို့ သူ့ကို ခေါ်မိတာ ဒါနောက်ဆုံးအကြိမ်ပဲလား။

` ရာခိုင်နှုန်းအပြည့်ချစ်တယ်´

ကျွန်မ ဆက်ပြီး မမေးရဲတော့ပါဘူး။ ပိုပြီးအသေးစိတ်မေးလေ၊ ကျွန်မရင်ထဲက ဒဏ်ရာက ပိုပြီး နက်လေပဲ မဟုတ်လား။

မောင်နဲ့ ကျွန်မ တို့ အတိတ်က နေ့တွေကိုပြန်သတိရမိတယ်။ ကျွန်မတို့ အရမ်းပျော်ခဲ့တဲ့ ချစ်သူတွေ၊ မောင် ကျွန်မကို အရမ်းချစ်ခဲ့တာ ကျွန်မ သိတယ်။ ဒါပေမယ့် ချစ်ရမယ့်သူ အသစ်တွေ့နေပါပြီဆိုတဲ့ သူတစ်ယောက်ကို ကျွန်မ ဘာလို့ လက်မလွတ်နိုင်ရမှာလဲ။ ကျွန်မ သက်ပြင်း အကြာကြီးချလိုက်ပြီး
`အကုန်လုံး ရှင့် သဘောထားအတိုင်းတာ လုပ်ပါ၊ ကျွန်မ ဘေးကနေ ရှင့်လို လူမျိုးကို ခေါ်ထုတ်သွားတဲ့သူ့ကို တောင် ကျွန်မက ကျေးဇူးတင်နေပါသေးတယ်´

`မောင်´ အစား `ရှင်´ ဆိုတဲ့ နာမ်စားကို ကျွန်မ ပြောင်းသုံးနိုင်ပြီ။ မောင် အံ့အားတကြီးနဲ့ကျွန်မကို ကြည့်တယ်။
မောင် က သူ့မှာ အပြစ်ရှိတယ်ဆိုပြီး ဒီအိမ်ကြီးနဲ့ သားလေး ကို ကျွန်မကို ပေးထားခဲ့တယ်။

xxxxxxxxxxxx

ကွာရှ့င်းပြတ်စဲဖို့ လက်မှတ်မထိုးခင် မောင် က ကျွန်မကို ညစာခေါ်ကျွေးတယ်။ အရက် တစ်ခွက် နှစ်ခွက်လောက် မောင့် ဗိုက်ထဲဝင်သွားတာနဲ့ မောင် ထုံးစံအတိုင်းစကားတွေ များတော့တာပါပဲ။
သူတို့ နှစ်ယောက်ပေါင်းဖက်တာကို ကျွန်မ က သဘောတူဖို့။ သူမ က ဘယ်လောက်ထိ တက်တက်ကြွကြွရှိကြောင်း၊ သူမ က သူ့ရင်ဘတ်ကြီးတခုလုံး မီးမြှိုက်လိုက်သလို နွေးထွေးကြောင်း၊ သူမ ဘယ်လောက်လှကြောင်း၊ ကျွန်မ လည်း မောင် ပြောသလို တက်ကြွခဲ့ပါတယ်။

မောင် ပြောသလို ငယ်ရွယ်ခဲ့ပါတယ်၊ သူမ လိုပဲ ကျွန်မ မောင့်နှလုံးသားကို လှုပ်ခါခဲ့စေပါတယ်၊ `သူက အရမ်းရိုးတာ... ကိစ္စအသေးအဖွဲလေးတွေက အစ သူ့ကို ပျော်ရွှင်စေတယ်၊ သူနဲ့ ငါ
ဈေးဝယ်ထွက်တုန်းက ဆပ်ပြာတစ်တုံး ကံစမ်းမဲပေါက်တယ်၊ တစ်ခါက ရေခဲမုန့်ဝယ်ကျွေးတာ သူ ပျော်နေသလားမမေးနဲ့။ သူက ကလေးလည်းဆန်တယ်၊ သူနဲ့ ဆို ငါ...အရမ်းလွတ်လပ်တာပဲ။

သူက ပျော်ပျော်နေတတ်တယ်၊ သူ့အိမ်ထဲမှာလည်း ငါဆေးလိပ်သောက်လို့ရတယ်၊ သူငယ်ချင်းတွေနဲ့
အရက်သောက်ပြီး ဘောလုံးပွဲ မိုလင်းထိကြည့်လို့ရတယ်...သူက ငါ့ကို ဘာမှ မချုပ်ချယ်ဘူး´

မောင် မူးပြီး စကားတွေတောက်လျောက်ပြောနေတော့တာပါပဲ။ မောင့် မျက်လုံးတွေက အရက်ကြောင့်လား၊ ဒါမှမဟုတ် ကျွန်မနဲ့ ပေါင်းစရာမလိုတော့ဘူးဆိုပြီး ပျော်နေတာလား၊ ကျွန်မကတော့ ကျွန်မ မေမေအတိုင်းဖြစ်လို့နေပြီ။ ဘာဝယ်ဝယ် သေသေချာချာတွက်ချက်၊ ပစ္စည်းတစ်ခုဝယ်မယ်ဆိုရင်
အနည်းဆုံး ဆိုင် သုံးဆိုင်လောက်ကိုမေးပြီးမှ ၀ယ်၊ မောင့်ကိုလည်း အိမ်မှာ အရက်သောက်ခွင့်၊ ဆေးလိပ်သောက်ခွင့်၊ နောက်... လောင်းကစားလုပ်ခွင့် ဘာဆိုဘာမှ မပေးဘူး။

မောင်က ခွက်ထဲက လက်ကျန်ကို မော့ချလိုက်ပြီး

`ငါ...သူနဲ့ တူတူနေရင် ငါ့ရင်ခုန်သံတွေပိုပြီးမြန်လာတယ်၊ ငါ့မှာ အားအင်တွေပြည့်လာတယ်´

ကျွန်မ မောင် ပြောတဲ့ စကားတွေကို ဆက်ပြီး နားထောင်နိုင်စွမ်းမ၇ှိတော့ပါဘူး။
ကျွန်မ စကားဖြတ်လိုက်ပြီး
`အခုချိန်ကစပြီး ကျွန်မ လည်း ကပ်စီးနည်းနေစရာမလိုတော့ဘူး၊ ရှင့်အ၀တ်အစားတွေ လျော်ပြီး မီးပူတိုက်တဲ့ အချိန်တွေပိုလာတဲ့အတွက် ကျွန်မ စိတ်ကြိုက်အလှပြင်လို့ရပြီ။
ရှင်အစားအသောက်ပျက်မှာစိုးလို့ ဟင်းမျိုးစုံချက်ဖို့ ကျွန်မ ခေါင်းစားစရာလည်းမလိုတော့ဘူး၊
ကျွန်မ ချက်စားချင် ချက်စားရုံပဲ၊ မချက်ချင်ဘူးဆိုရင် အပြင်မှာဝယ်စားလိုက်ရုံပဲ။
ရှင်ဆေးလိပ်သောက်လို့ အဆုတ်ကင်ဆာဖြစ်မှာလည်း ကျွန်မ စိတ်ပူစရာမလိုတော့ဘူး။
အရက်သောက်လို့ အသည်းခြောက်မှာကိုလည်း ကျွန်မ စိုးရိမ်စရာမလိုဘူး၊ ရှင် မူးလာတိုင်း အန်ချင်တိုင်း အန်ထားတဲ့ အန်ဖတ်တွေလည်း ကျွန်မ ဆေးစရာမလိုတော့ဘူး၊ ရှင့် မိဘ တွေရဲ့
ကျန်းမာရေးလည်း ကျွန်မ ပူစရာမရှိတော့ဘူး၊ ကွာရှင်းပြတ်စဲတာ ဘယ်လောက်များကောင်းလိုက်လဲ´ ပြောပြီးတာနဲ့ ကျွန်မ ငိုမိတယ်။

အနည်းငယ်သော အရက်က ကျွန်မရဲ့ ရင်ထဲက စကားလုံးတွေကို
ထုတ်ဖော်ပေးလိုက်တယ်။ မောင် ကျွန်မ ကို ကြည့်နေတယ်၊ အသက် ၃၀ ကျော်မိန်းမ တစ်ယောက်အနေနဲ့ ကိုယ့် အိမ်ထောင်ရေးကို တန်ဖိုးမထားဘဲ ဘယ်နေပါ့မလဲ။

ကျွန်မ အသံကျယ်ကျယ်ရီ လိုက်မိတယ်။

`ကျွန်မနဲ့ ကွာရှင်းပြီး ရှင်ဘယ်လောက်ကြာကြာ ပျော်နိုင်မလဲ ဆိုတာ ကျွန်မ စောင့်ကြည့်ရသေးတာပေါ့။
သူ ရှင့်ကို အရမ်းချစ်တယ်၊ ရှင်လည်းသူ့ကို ချစ်တယ်၊ နောင်ဆယ် နှစ်မှာ ရှင် သူ့ကို အခုလိုမျိုး ရင်ခုန်သံမြန်မြန်နဲ့ ရှင် ရင်ခုန်နိုင်ပါ့မလား၊ သူ အခု ရှင့်ကို ပေးနေတဲ့ အရာတွေအကုန်လုံး ကျွန်မ
ရှင့်ကို လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ပေးပြီးသားအရာတွေပါ၊ ရှင် က လျောက်ပြီးတဲ့ လမ်းကို နောက်တစ်ခါပြန်လျောက်ချင်တာကိုး´

မောင်က ပုံမှန်လေသံနဲ့ပဲ ကျွန်မကိုပြောတယ်။

`နင် မူးနေပြီ´

မောင့်မျက်ဝန်းတွေမှာ စိုးရိမ်နေပုံပါပဲ။
`ကျွန်မ ရှင် မကြာခင်တော်ရမယ့် ဇနီးလိုပဲ တချိန်က လှခဲ့တာပဲ၊ ငယ်ဂုဏ်ရှိခဲ့တာပဲ၊ ရှင် ကျွန်မကို ပေးခဲ့ဖူးတဲ့ တစ်ရှူးစာရွက်လေးကအစ၊ ကျွန်မ တန်ဖိုးထားခဲ့တယ်၊ ကျွန်မ လည်းရှင့်ကို အရမ်းချစ်
ခဲ့ပါတယ်၊ ဒါပေမယ့် အိမ်ထောင်ရှင်မတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေဟာ ဘယ်လောက်ထိ များလည်းဆိုတာ ရှင်သိမှာမဟုတ်ဘူး၊ အိမ်ရှင်မတစ်ယောက်က သူ့ ခင်ပွန်းကိုပဲ ရာနှုန်းပြည့်
ချစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ယောက္ခထီး၊ ယောက္ခမတွေကိုလည်း ချစ်ရသေးတယ်။ မိဘ အရင်းတွေကိုလည်း ချစ်ရသေးတယ်၊ သားသမီးတွေကိုလည်း ချစ်ရသေးတယ်၊ ရှင်...ဒါတွေနားမလည်နိုင်ပါဘူး´

xxxxxxxxxxxx

နောက်ဆုံးမှာ မောင့်က မကွာရှင်းတော့ ဖို့ ကျွန်မကို ပြောလာတယ်။
ကျွန်မက မေးတော့ မောင်က
`အရက်မမူးတဲ့ နင့်ထက် အရက်မူးတဲ့ နင်က ပိုပြီး ဥာဏ်ကောင်းတယ်၊ ပိုပြီး သွက်လက်တယ်၊ ငါ့ မူးနေတဲ့ကြားက နေ နိုးထလာအောင် နင်လုပ်နိုင်တယ်၊ အိမ်ထောင်တစ်ခု ကို ခိုင်မြဲအောင်
တည်ထောင်ဖို့ မလွယ်ကူပါဘူး၊ ဘယ်သူ့မှ နင့်လောက် ငါ့အပေါ် နားလည်ပေးတဲ့ သူရှိမှာ မဟုတ်တော့ပါဘူး၊ ငါ့နေရာမှာ လည်း ဘယ်သူ့ကိုမှ အစားထိုး မခံဘူး၊ ငါ ပင်ပင်ပန်းပန်း တည်ဆောက်ထားတဲ့ မိသားစုလေးကို ငါ ကိုယ်တိုင်ပဲ ဖျက်ဆီးပစ်လိုက်တော့မလို့၊ မိန်းမ...ငါတောင်းပန်ပါတယ်၊ တကယ်တော့ ငါ့ကို တကယ်ချစ်တဲ့သူက တချိန်လုံး ငါ့ဘေးနားမှာရှိနေခဲ့
တာပါ။

Credit : သိုးငယ်


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top