iMyanmarHouse.com - Best Property Website for Myanmar
×









အိမ်ထောင်ဖက်နဲ့ ရန်ဖြစ်သည့် အခါ၊ ရုံးမှာ ငွေရေး ကြေးရေး အခြေအနေ မကောင်းလို့ ၀န်ထမ်းတွေ လျှော့ချ တော့မည်ဟု သတင်းကြားလိုက် ရသည့် အခါ ခေါင်းတွေ ကိုက်လာ၊ ဇက်ကြောတွေ တက်လာ၊ ဗိုက်တွေ ထိုးအောင့် လာတာမျိုး ကြုံဖူးကြ လိမ့်မည်။ Huffington Post သတင်းစာတွင် ဖော်ပြ ထားသော သုတေသန တစ်ခု အလိုအရ လူတွေကို စိတ်ဖိစီးအောင် လုပ်သော အရာများမှာ ရုပ်ပိုင်း ဆိုင်ရာ အရင်းခံ များက အများစု ဖြစ်ကြောင်း သိရသည်။ သို့ဖြစ် သောကြောင့်ပင် ရုပ်မှာ နာကျင်ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ရုပ်ကို လာထိသော စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်မှု များကို ဖြေရှင်းဖို့ ဆိုလျှင် ရုပ်ပိုင်းဆိုင်ရာ အရ တုံ့ပြန် ဖြေရှင်းနည်း များကို သိထားဖို့ လိုသည်။

စိတ်ဖိစီးရတာ ပျော်စရာ အတွေ့အကြုံတော့ မဟုတ်။ စိတ်ဖိစီးသည့် အခါ ကိုယ်ပိုင်းကိုပါ သက်ရောက်မှု ရှိစေရုံ သာမက အိပ်မပျော်၊ စိတ်ကျ၊ လုပ်ကိုင် နိုင်စွမ်းကျ စသည့် နောက်ဆက်တွဲ ဆိုးကျိုး များပါ ပါလာ တတ်သည်။ တစ်ကိုယ်ရေ ဘ၀ ကိုလည်း ထိခိုက် သလို၊ အလုပ်ခွင်ဘ၀၊ လူမှု ဆက်ဆံရေး ဘ၀များ ကိုလည်း ထိခိုက်သည်။ ဘက်စုံဘ၀ အရည်အသွေး ကျဆင်းစေသည်။
လုပ်ငန်းခွင်ဝင် နေရ သူများ စိတ်ပိုဖိစီးသည်။ အိမ်ကနေ အလုပ်အသွား လမ်းမှာ ကားပိတ်တာက အစ အလုပ်မှာ အဆင်မပြေတာ အဆုံး စိတ်ဖိစီးစရာ တွေက များလှသည်။ သို့ဖြစ်ရာ စိတ်ဖိစီးမှုကို ရင်ဆိုင်တတ်ဖို့ လိုသည်။ စိတ်ဖိစီးမှုက ကိုယ့်ဘ၀ အရည်အသွေး များကို တိုက်စား မသွား ရအောင် ကာကွယ် နိုင်မည့် နည်းလမ်း (၁၀) ရပ်ကို အကြံပြု တင်ပြ လိုပါသည်။

၁။ ဘာတွေက စိတ်ဖိစီးအောင် လုပ်နေလဲ၊ စဉ်းစား၊ ဆွဲထုတ်။
စိတ်ဖိစီးမှုကို ကိုင်တွယ်ဖို့ အထိရောက်ဆုံး နည်းလမ်းမှာ ကိုယ့်ကို စိတ်ဖိစီးစေသည့် အကြောင်းရာ များကို တစ်ခုချင်းစီ ဆွဲထုတ်ကြည့်ဖို့ ဖြစ်သည်။ ငါ့ကို စိတ်ဖိစီးအောင် လုပ်နေတာ ဘာတွေလဲ ဟု  ကိုယ့်ကိုယ်ကို မေးပါ။ ထို့နောက် စိတ်ဖိစီးအောင် လုပ်နေတာ တွေကို ငါ ဘယ်လို တုံ့ပြန်မလဲ ဟု ဆက်မေးပါ။ တစ်ခုချင်း ဆွဲထုတ်၊ တစ်ခုချင်း ရှင်း။ ထိုနည်းဖြင့် ကိုယ့်ကို စိတ်ဖိစီးအောင် လုပ်နေတာတွေ ပေါ်လာမည်။ ကိုယ့်ကို စိတ်အဖိစီး စေဆုံး အရာ များကို စာရင်း လုပ်ပါ။ ထိုအရာ များကို ကိုယ်က ဘယ်လို တုံ့ပြန်နေလဲ စဉ်းစား ကြည့်ပါ။ တုံ့ပြန်ပုံ လွဲနေခြင်းသည် စိတ်ဖိစီးစေသည့် အကြောင်း ရင်း ဖြစ်သည်။ ဘယ်လို တုံ့ပြန်ရင် အကောင်းဆုံး ဖြစ်မလဲ အဖြေရှာပါ။ လက်တွေ့ ဖြေရှင်းပါ။

၂။ ကျန်းမာအောင် နေ။
စိတ်ဖိစီးမှုကို လျှော့ပစ်ဖို့ ရှေးပဝေသဏီ ကတည်းက သုံးခဲ့သလို ယခုထိလည်း မှန်နေဆဲ နည်းလမ်း တစ်ရပ်မှာ ကျန်းမာအောင် နေခြင်း ဖြစ်သည်။ ပုံမှန် လမ်းလျှောက်တာ မျိုးလို၊ ယောဂ လေ့ကျင့်တာ မျိုးလို၊ အာဟာရ  ဖြစ်စေသည့် သွားရေ စာတွေ စားတာ လျှော့ခြင်းမျိုးလို၊ အိပ်ရေး၀၀ အိပ်ခြင်းမျိုးလို အလေ့အထကောင်း များသည် ကျန်းမာသော ဘ၀ကို ပေးစွမ်း နိုင်သည်။ မိမိကိုယ်ကို ကျန်းမာအောင် နေထိုင်ခြင်းသည် စိတ်ဖိစီးမှု လျှော့ချ နိုင်ဖို့ အထိရောက်ဆုံး နည်းလမ်း ဖြစ်သည်။ လူသည် ကျန်းမာ သွက်လက်လေ စိတ်ဖိစီးမှု ကင်းဝေးလေ ဖြစ်သည်။ စိတ်ဖိစီးစရာ ကြုံလာလျှင် လည်း ကျန်းမာသူက ပိုခံနိုင်ရည် ရှိသည်မှာ ထင်မှားစရာ မလို။

၃။ သပ်သပ်ရပ်ရပ် ရှိပါစေ။
အလုပ်ခွင်မှာပဲ ဖြစ်ဖြစ် အိမ်မှာပဲ ဖြစ်ဖြစ် မသပ်မရပ် ရှုပ်ယှက်ခတ် နေခြင်းသည် စိတ်ဖိစီး စိတ်ရှုပ်စေသည့် အကြောင်းရင်း ဖြစ်သည်။ အလုပ်ရှုပ် နေချိန်မျိုးမှာ တစ်ခုခုလိုတာ ချက်ချင်း ရှာမရခြင်းလောက် စိတ် အနှောင့်အယှက် ဖြစ်ရ တာမျိုး မရှိတော့။ အလုပ်မှာ ရော အိမ်မှာပါ စနစ်တကျ သပ်သပ် ရပ်ရပ် ရှိအောင် ထားခြင်းသည် စိတ်ဖိစီးမှု တိုးမလာအောင် ကြိုတင် ကာကွယ်ခြင်း မည်သည်။ သပ်သပ်ရပ်ရပ် ရှိရုံသာမက ပစ္စည်း များကို သူ့နေရာဖြင့် သူ အစီအစဉ် တကျ ရနေအောင်လည်း ထားရမည်။ သို့မှသာ လိုက်ရှာစရာ မလိုတော့ဘဲ လိုသည့် အချိန် ချက်ချင်းယူသုံး နိုင်မည်။

၎။ အချိန်ဆွဲနေတာ အခု ရပ်။
စိတ်ပညာ သိပ္ပံ အသင်းကြီးက ထုတ်ပြန်သော အစီရင်ခံစာ တစ်ရပ်တွင် ဖော်ပြထားချက် အရ အချိန်ဆွဲသူ များသည် အခြားသူ များထက် စိတ်လည်း ပိုဖိစီးကြသလို၊ ဘက်စုံ ဘ၀ အရည်အသွေးလည်း နိမ့်ပါးနေ ရကြောင်း သိရသည်။ အချိန် ဆွဲခြင်းသည် အလုပ်များကို စုပုံစေ၏။ စုပုံနေသော အလုပ်များသည် သူ့ဘာသာ မနေ။ မိမိ စိတ်အပေါ်ကို လာဖိစီးနေသည်။ အချိန်ဆွဲလို့ အလုပ်တွေ ပုံနေလေ၊ စိတ်သည်လည်း ဖိစီးလေ ဖြစ်တော့သည်။ ထိုအခါ ပျော်စရာ ရှိလည်း အပြည့် မပျော်နိုင်၊ စိတ်အားစိုက် စရာ ရှိလည်း အပြည့် အားမစိုက်နိုင်နှင့် ဘ၀ အရည်အသွေး အမှတ်သည် မြင့်သင့် သလောက် မမြင့်ဘဲ ဖြစ်ရသည်။ လုပ်စရာရှိတာ လုပ်သင့်သည့် အချိန်မှာ ဖြစ်မြောက်အောင် လုပ်မည်ဟု စိတ်ပိုင်းဖြတ်ပါ။ ဒီနေ့လုပ်လို့ ရတာ မနက်ဖြန် မရွှေ့ပါနှင့် ဟူသော စကားပုံသည် ကြားရတာ များလွန်း၍ အလွတ်ပင် ရနေကြပြီ ဖြစ်သည့်တိုင် ထိုစကားပုံ အတိုင်း ကျင့်ကြံသူ နည်းသောကြောင့် စကားပုံက ပေးသည့် အကျိုး ကျေးဇူး ကိုလည်း ခံစားသိရှိသူ နည်းနေ သေးသည်။ အရေးကြီးသည် များကို ဦးစားပေး ရွေးလုပ်တတ်သည့် အကျင့်လည်း မွေးပါ။ တစ်နေ့လုံး အလုပ်နှင့်လက် မပြတ်အောင်  မခိုမကပ်ဘဲ လုပ်သူများ ရှိသည်။ သို့သော် အရေးမပါတာ များဖြင့်ချည်း အချိန်ကုန်နေသဖြင့် လုပ်ပြီး အရာမထင်သူများ ရှိသည်။

၅။ တတ်နိုင်သလောက် ဖုန်းနဲ့ ကင်းကင်း နေ။
ယနေ့လူသားများကို စိတ်ဖိစီး စိတ်ရှုပ်အောင် အလုပ်ဆုံးသူကို ပြပါဆိုလျှင် လက်ထဲ ကိုင်ထားသော စမတ်ဖုန်းကို ထောင်ပြရ လိမ့်မည်။ ဘာကြောင့်လဲ။ စမတ်ဖုန်း ကနေ မက်ဆေ့ဂ်ျတွေ ၀င်သည်။ အချက်ပေး သံတွေ မကြာမကြာ လာသည်။ မိတ်ဆွေ သူငယ်ချင်းများက ဖေ့စ်ဘွတ်၊ တွစ်တာမှာ မှတ်ချက်ပေးလိုက်တိုင်းလည်း ကိုယ့်ဖုန်းများ တီတီတောင်တောင် မြည်သည်။ ထိုသို့ မြည်လာလျှင် ကိုယ်ကလည်း မနေနိုင်။ ကောက် ကိုင်ပြီး ကြည့်လိုက်ရမှ။ ထိုသို့ အချက်ပေးသံ မြည်လိုက်၊ ကောက်ကိုင်ပြီး တစ်ခုခု တုံ့ပြန် လိုက်နဲ့က တစ်နေ့လုံး တစ်ညလုံး လိုလို ဖြစ်နေ သည်။ အချက်ပေးသံ မမြည်သည့် အချိန်များ တွင်လည်း မည်သည့်အချိန်  မြည်လာမည် နည်းဟု စိတ်က အသင့်ပြင် စောင့်နေတတ်ရာ စိတ်သည် အနားရ သည် ရယ်မရှိ။ အနားမရ ပင်ပန်းလာသော စိတ်သည် ဖိစီးမှုဝင်ဖို့ အ ကောင်းဆုံး တံခါးပေါက် ဖြစ်သည်။ သို့ဖြစ် သောကြောင့်ပင် စမတ်ဖုန်းများသည် လူကို စိတ်ဖိစီးအောင် အလုပ်ဆုံး ပစ္စည်းဟု ပြောရခြင်း ဖြစ်သည်။ ဖုန်းကို တစ်ချိန်လုံး ပိတ်ထား ဖို့တော့ မလို။ ယနေ့ခေတ်သည် ဖုန်းတစ်လုံး ရှိပါက အလုပ်များစွာ တွင်ကျယ်အောင် လုပ်နိုင်သောခေတ်ဖြစ်သည်။ ဖုန်းကို မှန်ကန်စွာ အသုံးချ ဖြစ်အောင်သာ ကြိုးစားရမည်။ စိတ်ကလေး ငြိမ်းချမ်းမှု ရစေရန် အတွက် ဖုန်းကို တစ်ရက်လျှင် တစ်နာရီလောက် ပိတ်ထားပြီး ငြိမ်းချမ်းစွာ နေခြင်းသည် ယနေ့ခေတ် လူသားများ ကျင့်သုံးသင့်သည့် ခေတ်သစ် ဘ၀နေ နည်းတစ်ရပ်ဟု ဆိုနိုင်သည်။

၆။ ကိုယ်ပျော်တာ ၀ါသနာပါတာလည်း လုပ်။
အလုပ်တာဝန်တွေ၊ ဖြည့်ဆည်းရမည့် ၀တ်္တရားတွေကြားမှာသာ နစ်မြုပ်နေပြီး ကိုယ်စိတ်ပျော်ရာ ၀ါသနာတစ်ခုခု လုပ်ဖို့ပင် အချိန် မရအောင် ဖြစ်နေသည်ဆိုပါက ကိုယ့်ဘ၀ အရည်အသွေး နိမ့်ကျနေပြီ ဆိုတာ သတိရ လိုက်ပါ။ စိတ်ဖိစီးမှု နည်းသည့် ဘ၀မျိုးကို ပိုင်ဆိုင် လိုသည် ဆိုပါက ကိုယ်စိတ်ပျော်တာ တစ်ခုခုကို နေ့စဉ် လုပ်ဖြစ်အောင် ကြိုးစားပါ။ မိမိ ၀ါသနာပါသည်ဆိုပါက သေးသေး မွှားမွှားလေးက အစ ကိုယ့်ကို ပျော်ရွှင်    စိတ်လန်းအောင် လုပ်ပေးနိုင်သည်။ ကိုယ်ကြိုက်သည့် အဆိုတော်၏ သီချင်းသစ်တွေ ၀ယ်နားထောင် တာမျိုး၊ ရှိုးပွဲ သွားကြည့် တာမျိုး၊ နေ့လယ်ဘက် တစ်ရေးအိပ် တာမျိုး၊ ရုပ်ရှင် သွားကြည့် တာမျိုး၊ သူငယ်ချင်းနဲ့ အေးအေးလူလူ စကားထိုင်ပြော တာမျိုး၊ ခရီးတို ခရီးရှည် ထွက်တာမျိုး စသည် စသည် ဖြင့် ကိုယ်ဝါသနာ ပါရာ တစ်ခုခုကို လုပ်လိုက်ရ ခြင်းသည် ကိုယ့်ကိုယ်ကို အားသစ်လောင်းပေး လိုက်သည်နှင့် တူသည်။ စိတ်ဖိစီးမှု ရန်သူများကို အကောင်းဆုံး တွန်းလှန်နိုင်သည်။

၇။ ပြက္ခဒိန်ကို အလုပ်တွေနဲ့ချည်း ဖြည့်မထားပါနဲ့။
အသက်သာ ဆုံးမည်၊ လုပ်စရာ ဆုံးမည် မဟုတ်။ အလုပ် ကိစ္စ၊ မိသားစု ကိစ္စ၊ လူမှုရေး ကိစ္စ၊ ရပ်ရေး ရွာရေး နိုင်ငံရေး စသဖြင့် လူ တစ်ယောက် အဖို့ လုပ်စရာ  မကုန်ခန်းနိုင်။ ဟိုဟာလည်း ကိုယ်လုပ်မည်၊ ဒီဟာလည်း ကိုယ်လုပ်မည်ဖြင့် ပြက္ခဒိန်ထဲမှာ လုပ်စရာများ နှင့်သာ ဖြည့်ထားခြင်း သည်လည်း နေပျော်သော ဘ၀ ထူထောင်ရေး အနှောင့်အယှက် တစ်ရပ် ဖြစ်သည်။ ကိုယ်ပိုင် အချိန်လေးများလည်း ပြက္ခဒိန်ထဲမှာ ဖြည့်ဖို့ မမေ့ကြရန် သတိပေး လိုသည်။ မိမိဝန်းကျင်က အရာများအတွက် အချိန်ပေးသလို၊ မိမိအတွက်လည်း အချိန်ပေးဖို့ မမေ့ပါစေနှင့်။ အေးအေးလူလူ နေခွင့် ရသော ကိုယ်ပိုင် အချိန်ဟူသည် လူကို ဘက်ထရီ အားပြန်ဖြည့်သည့်  အချိန်မျိုး ဖြစ်သည်။ တစ်ချိန်လုံး သုံးထား သမျှ  ဘက်ထရီကို ကိုယ်ပိုင်ချိန်တွင် နားနားနေနေ နေခြင်းဖြင့် အားပြန် ဖြည့်ပေး ရမည်။ ထိုသို့ မဖြည့်လျှင် အားမရှိသော ဘက်ထရီလို ဘယ်နေရာမှာမှ အသုံးချ မရသည့်ဆီ ရောက်သွား မည်။ ထိုသို့ ဖြစ်လျှင် မိမိ ပတ်ဝန်းကျင် အတွက်လည်း မကောင်း၊ မိမိ ကိုယ်တိုင် အတွက်လည်း မကောင်း။

၈။ လူတွေကို အရှိအတိုင်း လက်ခံနိုင်အောင် ကြိုးစား။
ပါးစပ်ကြီးဖွင့်ပြီး ပလပ် ပလပ်ဖြင့် ထမင်း စားတတ်သည့် လုပ်ဖော်ကိုင်ဖက်၊ ပန်းကန် ဆေးရမှာ သိပ်ပျင်းသည့်  အိမ်ထောင်ဖက်၊ သီချင်း အကျယ်ကြီး ဖွင့်တတ်သည့် အိမ်နီးချင်း စသူ တို့ကြောင့်လည်း  ကိုယ့်မှာ စိတ်ဆင်းရဲ ရတတ်သည်။ ထိုသူများ မည်မျှပင် အလိုက် ကန်းဆိုး နားမလည် သည်ဖြစ်စေ မိမိအနေဖြင့် ထိုသူများကို အရှိ အမှန်အတိုင်း လက်ခံ ပေးတတ်အောင် ကြိုးစားရမည်။ လူတိုင်းကို မိမိ စိတ်အလို အတိုင်း ဖြစ်လာအောင် ပြောင်းလဲပစ် နိုင်မည် မဟုတ်။ သို့ဖြစ်ရာ သူတို့၏ ပကတိ ပုံစံများ အပြုအမူများကို ကိုယ်က အရှိအတိုင်း လက်ခံနိုင်အောင် ပထမ အဆင့် ကြိုးစားရမည်။ လက်ခံလိုက် ပြီးလျှင် ထိုသူများ၏ အပြုအမူများကြောင့် မိမိ စိတ်ဖိစီးဆင်းရဲမှု အနည်းဆုံး ဖြစ်အောင် မည်သို့ လုပ်သင့်ကြောင်း စဉ်းစား အဖြေရှာပါ။ အဖြေ ရလျှင် လက်တွေ့ လုပ်ပါ။

၉။ ကျေးဇူး တင်တတ်ပါစေ။
တစ်ပါးသူ၏ ကျေးဇူးကို သိတတ်ပြီး ကျေးဇူးတင်တတ်သူသည် ဘ၀မှာ ပိုစိတ်ချမ်းသာ၊ ပိုစိတ်ကျေနပ်၊ ပိုလန်းဆန်း တက်ကြွ၊ ပိုအကောင်း မြင် နိုင်စွမ်းရှိကြ သလို၊ စိတ်ဖိစီးမှုလည်း အနည်းဆုံးဖြစ်ပြီး စိတ်ကျမှုမှလည်း အကင်းဝေးဆုံးဖြစ်ကြကြောင်း စိတ်ပညာ သုတေသီ ရောဘတ် အမ်မွန်က ပြောသည်။ ကြုံလာမှ ကျေးဇူးတင်ရုံနှင့် မလုံလောက်။ ည မအိပ်ခင် လက်ဆယ်ချောင်း ထောင်ပြီး တစ်နေ့တာ အတွင်း ကျေးဇူးတင်ချင်စရာ ကိစ္စ ဆယ်ခု ပြည့်အောင် စဉ်းစားပြီး ကျေးဇူးတင်စိတ် မွေးမြူကြည့်ဖို့ မစ္စတာ အမ်မွန်က အကြံပြုသည်။ ထိုနည်းဖြင့် ကျေးဇူးတင်တတ် စိတ်ကို မွေးယူ ပါဟု ၎င်းက နည်းလမ်းပေးသည်။

၁၀။ တစ်ပြိုင်တည်း အများကြီး စုလုပ်တာ ရှောင်။
ခေတ်သစ် အင်တာနက် ကွန်ရက် ချိတ်ဆက် နည်းပညာကြောင့် လူသားများ နယ်စည်းမခြား အချိန်မခြားဘဲ တိုက်ရိုက် ဆက်သွယ် လုပ်ကိုင် နိုင်မှုကြောင့် ယနေ့ လူသားများ အလွန်အလုပ်များ ကြသည်။ အလုပ်များကြ သဖြင့် မြန်မြန် ပြီးစီးအောင် အလုပ်များစွာကို တစ်ပြိုင်တည်း လုပ်ခြင်းသည် ပိုကောင်းသည်ဟု အတွေးဝင်ကာ တကယ်လည်း လုပ်ကြသည်။

အလုပ်တွေကို တန်းစီ ချထားပြီး ဟိုတစ်ခု ကောက်လုပ်၊   ဒီတစ်ခု ကောက်လုပ် လုပ်တာဟာ သိပ်စိတ်ရှုပ်ဖို့  ကောင်းတယ်။ ဘယ်ဟာကိုမှ သေချာ အာရုံမစိုက် နိုင်တဲ့ အတွက် လက်ရာ ကလည်း  သာမန် လက်ရာလောက်ပဲ ဖြစ်တယ်။ တန်ဖိုးထားရမယ့် လက်ရာမျိုး ထွက်မလာဘူး။  အလုပ် အများကြီးကို တစ်ပြိုင်တည်း လုပ်တာဟာ ရေတို အတွက် အလုပ် အရည်အသွေးကို ကျစေ သလို၊ ရေရှည်မှာလည်း ကိုယ် စိတ်ကျန်းမာရေး ကိုပါ ဆိုးဆိုး ၀ါးဝါး ထိခိုက်စေပါတယ် ဟု မစ်ရှီဂန် တက္ကသိုလ် စိတ်ပညာ ပါမောက္ခ ဒေးဗစ် မေယာက ထောက်ပြ ပြောကြား သည်။

စိတ်ဖိစီးမှု နည်းနိုင်သမျှ နည်းအောင် နေထိုင်ခြင်းသည် စိတ်ကို ပျော်ရွှင်စေ ရုံသာမက ကိုယ်ကိုလည်း ကျန်းမာ စေသည်။ ကိုယ်ကြိုက်သည့်  စာအုပ်လေး ကောက်ကိုင် သစ်တစ်ပင်အောက် အေးအေး လူလူ စာသွားဖတ်ပါ။ ကိုယ့်ရှိတာ အတွက် ကျေနပ် နှစ်သက်တတ် ပါစေ။ ရှိသမျှ အချိန်ကို အလုပ် အတွက်ချည်း ခွဲတမ်းချ မထားပါနဲ့။ အထက်ပါ (၁၀) ချက် အနက် မိမိနှင့် ကိုက်သည့် အချက်များ ယူငင် အသုံးချခြင်းဖြင့် ပိုပျော် ပိုကျန်းမာ သော ဘ၀မျိုး ပိုင်ဆိုင်နိုင်ကြ ပါစေဟု ဆုမွန်ကောင်း တောင်းလျက်။

Credit : Messenger

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top