iMyanmarHouse.com - Best Property Website for Myanmar
×








HIV AIDS ရန်ပုံငွေပွဲအတွက် ပြုလုပ်တဲ့ Miss Red Ribbon 2014 beauty contest မှာ First Runner Up နဲ့ Best Skin ဆုကို ရရှိပိုင်ဆိုင်သူကတော့ မိတ်ကပ် Artist  ချစ်ခွန်းချို ပဲဖြစ်ပါတယ်။ သူဟာ လက်ရှိမှာ ပျိုးခင်းတင်မင်းသမီးထဲက တစ်ဦးဖြစ်တဲ့ ပိုင်ဖြိုးသု ကို ပြင်ဆင်ခြယ်သပေးနေသူ တစ်ဦးဖြစ်ပြီး သွယ်လျတဲ့ ခန္ဓာကိုယ်၊ ဖြူစင်ဝင်းပတဲ့ အသားအရေကို ပိုင်ဆိုင်ထားပြီး အားလုံးရဲ့ချစ်ခင်မှုကိုလည်း ရရှိထားသူတစ်ဦးပါ။ သူမနဲ့တွေ့ဆုံခိုက်

-Miss Red Ribbon ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖြစ်ပုံလေးကို ပြောပြပေးပါဦး။

ခွန်းချို Venus Queen ပြိုင်ပြီးကတည်းက မပြိုင်ဖြစ်တော့တာ။ နှစ်နှစ်၊ သုံးနှစ်လောက်ခြားသွားပြီ။ ဒီပွဲလုပ်နေတာလဲ သိတယ်။ ဒုတိယ တစ်ခေါက်တုန်းဝင်ပြိုင်မလို့ပဲ။ ဒါပေမဲ့ အဲ့တုန်းက ကစ်နောက်ကို လိုက်နေတာဆိုတော့ ပြင်ဦးလွင်မှာ ရောက်နေတော့ မပြိုင်ဖြစ်ဘူး။ ခုတတိယအကြိမ်လဲရောက်ရော သုသုကလဲ သူဆေးရုံတစ်ဖက်နဲ့ကားရိုက်နားတဲ့အချိန် ကိုယ်ကလဲ အလုပ်လေး ပါးတဲ့အချိန်နဲ့ ကြုံတော့ ၀င်ပြီးဖောင်တင်ဖြစ်တယ်။ ပြီးခဲ့တဲ့ ၁၆ ရက်နေ့မှာ လူအယောက်၁၅၀ ကျော်ထဲက ၃၀ ရွေးတယ်။ အဲ့ဒီထဲကနေ တောက်လျှောက်ပါသွားခဲ့တာပါ။

-ရရှိခဲ့တဲ့ ဆုတွေအပေါ် ဖြစ်ပေါ်မိတဲ့ စိတ်ခံစားချက်လေးကရော။

Miss ဖြစ်လို့ရှိရင်တော့ ပိုပြီးပျော်မိမှာပါ။ Miss ကိုမှန်းပြီး ၀င်ပြိုင်တာပေါ့နော်။ ဒါပေမဲ့ ခုMiss ရသွားတဲ့ တစ်ယောက်ကလဲ ခွန်းချိုသူငယ်ချင်းပါပဲ။ First Runner Up ဆိုတော့ ပျော်ပါတယ်။ Miss ပြီးရင် ကိုယ်ပဲလေ။ မှန်းထားပြီးသားပါ။ Miss နဲ့ First Runner Up နဲ့တစ်ခုခုချိတ်မယ်ဆိုတာ သိထားပြီးသားပါ။ သိထားပြီးသားဆိုတာက ကိုယ့်ရဲ့ကြိုးစားမှု၊ ကိုယ့်ရဲ့အားထုတ်မှုက အကြီးကြီးပဲလေ။ ထရိန်နင်တွေဆိုလဲ သူတို့ခေါ်တဲ့အချိန်ကို တစ်ခါမှမပြတ်ပဲသွားတယ်။ အလုပ်ရှိရင်တောင် ဖျက်ပစ်တယ်။ နည်းပြဆရာတွေ သွန်သင်ဆုံးမတာကိုလဲ လက်ခံတယ်။ အဆင်ပြေအောင်လုပ်တယ်။ ပွဲကြီးမတိုင်ခင် လိုအပ်ချက်တွေ အားလုံးကို ပြုပြင်တယ်။ အရမ်းကြိုးစားထားတဲ့အတွက် အားလုံး ပြည့်စုံတယ်လို့ယုံကြည်တယ်။ ဒါကြောင့် ဒီစင်ပေါ်မှာ ငါဒီဆုတစ်ခုခုကို ချိတ်ရမယ်ဆိုတဲ့ စိတ်ကတော့ ရှိပြီးသားပါ။ title ဆုကို မမှန်းထားပေမဲ့ ရသွားတဲ့အတွက် အရမ်းပျော်မိပါတယ်။ အသားအရေအလှဆုံးဆိုတော့ ကျေနပ်ပါတယ်။

-ဒီပွဲလေးက တခြားပွဲတွေနဲ့လဲမတူဘူး။ HIV AIDS ရောဂါသည်တွေအတွက်လုပ်တဲ့ ရန်ပုံငွေပွဲလေးဆိုတော့ အဲ့ဒီပေါ်မှာရော ဘယ်လိုပီတိမျိုးဖြစ်မိလဲ။

ဒီပွဲလေးက လှူတဲ့ပွဲဆိုတော့ ခွန်းချိုတို့ကုသိုလ်ရတာပေါ့။ ခွန်းချိုတို့လို ပြိုင်တဲ့သူတွေရှိတဲ့အတွက် ဒီပွဲကြီးက အထမြောက်လာတာလေ။ ဒီပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရသလို ဆုတွေလဲရတဲ့အတွက် ကျေနပ်ပါတယ်။ ဒီ HIV AIDS ရောဂါသည်တွေကို တစ်ဖက်တစ်လမ်းက ကူညီခွင့်ရတယ်လို့ ခံစားမိပါတယ်။

-နောက်များမှာရော ပြိုင်ပွဲတွေ ၀င်ရောက်ယှဉ်ပြိုင်ဖို့ရှိဦးမလား။

ခုပွဲထက်ကြီးတဲ့ပွဲတွေ ရှိဦးမယ်ဆိုရင်တော့ ၀င်ပြိုင်ဖြစ်မှာပါ။ ပြိုင်ပွဲလေးတွေ ပြိုင်ရတာကိုလဲ ခွန်းချိုနှစ်သက်ပါတယ်။

-၂၀၁၃ အကယ်ဒမီအတွက်က ဘယ်သူတွေကို ပြင်ပေးဖြစ်မလဲ။

သုကတော့ ပင်တိုင်ဆိုတော့သူ့ကို ပြင်ပေးမယ်။ အများကြီး လက်မခံဘူးဆိုတာက ပြောထားပြီးရင် မမှီမှာစိုးလို့လေ။ တစ်ယောက်ထဲကို ပဲပိုင်ပိုင်နိုင်နိုင်ပြင်ပေးမယ်။ ပြောထားတဲ့သူတွေကတော့ ရှိတယ်။ ဒါပေမဲ့ လက်မခံရသေးဘူး။ အနားနီးမှပဲ။ တော်ကြာ ဟိုလူ့တန်းလန်း၊ ဒီလူ့တန်းလန်းနဲ့ဆို မင်းသမီးတွေကို အရမ်းအားနာလို့။ ပွဲနီးပြီဆို စိတ်လဲပူတယ်လေ။ အဲ့ဒါကြောင့်ပါ။ သုသုကတော့ မယုံဘဲအစအဆုံး စီစဉ်ပေးမှာပါ။

-ခုနောက်ပိုင်းမှာ မိတ်ကပ် artist တော်တော်များများ ဖက်ရှင်တစ်ခုအနေနဲ့ ရင်သားခွဲစိတ်ပြီး ဆီလီကွန်တွေ ထည့်လာတဲ့အပေါ် ခွန်းချိုရဲ့အမြင်လေးကို ပြောပြပေးပါဦး။

ခွန်းချိုက ကိုယ်တိုင်လဲ ဆီလီကွန်ထည့်ထားတယ်ဆိုတော့ ကြိုက်ပါတယ်။ ဂေးတစ်ယောက်ဖြစ်လာပြီ မိန်းကလေးတစ်ယောက်ဖြစ်လာပြီဆိုရင် မိန်းမတစ်ယောက်နဲ့တူအောင် အဆုံးစွန်ထိလုပ်ဖို့ပဲ စိတ်ကူးရှိပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်က ငယ်ငယ်လေးကတည်းက မိန်းကလေး လိုနေလာတာဆိုတော့ ရင်သားကို ဆီလီကွန် ထည့်တယ်ဆိုတာကလဲ သူများ ကိုယ့်ကို ကြည့်လို့ကောင်းအောင်၊ အ၀တ်အစားဝတ်တဲအ့ခါ အဆင်ပြေအောင် ထည့်တာပါ။ နေရထိုင်ရတာက ဆီလီကွန်ထည့်ပြီးတဲ့ နောက်ပိုင်းမှာ ယုံကြည်မှု ရှိလာတယ်။ ရင်သားမရှိခင်တုန်းကဆို ကိုယ်တွေက ဂေးလဲဖြစ်တယ် ။ ပိန်လဲပိန်တော့ ရင်ဘတ် အရမ်းပြားတယ်။ ပြားတဲ့ချိန်မှာ ဘရာစီယာ ၀တ်ထားတဲ့ခါ အုံပဲရှိတယ်။ အသားမရှိတဲ့အတွက် အ၀တ်အစားဝတ်ရင် လူမြင်လို့မကောင်းဘူး။ ခုလို ဆီလီကွန် ထည့်လိုက်တဲ့အတွက် ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ ဘာပဲဝတ်ဝတ် အဆင်ပြေသွားတယ်။ သူများအမြင်မှာလဲ ကြည့်ကောင်းသွားတယ်။ ဆီလီကွန်ထည့်တယ်ဆိုတာလဲ ရင်သားကို ဖော်ပြီး သရုပ်ပျက်ဝတ်ဖို့မဟုတ်ပါဘူး။ ကိုယ့်ဟာကို အ၀တ်အစားဝတ်လို့အဆင်ပြေအောင်ထည့်ထားတာပါ။ ခွန်းချိုကတော့ကြိုက်တယ်။ ကိုယ်လှဖို့လုပ်တဲ့အတွက် ကောင်းတယ်လို့ပဲမြင်တယ်။ လုပ်ချင်တဲ့သူတွေရှိရင်လဲ လုပ်ပါလို့ပဲ တိုက်တွန်းချင်ပါတယ်။ လုပ်ပြီးသွားရင်တော့ သူများအမြင်ကပ်အောင်မနေပါနဲ့လို့။ တချို့ဆို ရင်သားကြီးတွေကို အရမ်းဖော်ပြီး ၀တ်ကြတယ်လေ။ ကြည့်လို့ အမြင်မတော်ဘူးလေ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်လှအောင် လုပ်ထားပြီးတော့ အိနြေ္ဒရှိရှိ၊ သိက္ခာရှိရှိလေး နေရင် ပိုပြီးအဆင်ပြေပါတယ်လို့ ပြောချင်ပါတယ်။

-တချို့ကကျ ဘေးထွက်ဆိုးကျိုးတွေကို ကြောက်ပြီး မလုပ်ရဲတာမျိုးရှိတယ်။ အဲ့ဒီအပေါ်ကိုရော ဘယ်လိုလေးပြောပြချင်လဲ။

ခွဲခန်းထဲမှာ သူတို့က မေ့ဆေးနဲ့လုပ်တာဖြစ်တဲ့အတွက် ကိုယ်ဘာမှမသိဘူး။ တချက်တချက် သတိရရင် နာတယ်။ ဒါပေမဲ့ မေ့ဆေးအရှိန်နဲ့ ပြန်ပြန်အိပ်ပျော်သွားတဲ့တွက် သိပ်မသိသာဘူး။ မေ့ဆေးအရှန်ပြယ်သွားတဲ့ခါ ညဖက်ရောက်တော့လဲ သူတို့က သူတို့မှာဆေးရှိတယ်။ ပိုက်နဲ့သွယ်ပြီး လက်ထဲကနေထည့်ပေးတာ။ ကိုယ်သတိရလို့ နာတယ်ကိုက်တယ်လို့ ညည်းရင်သူတို့က စက်လေးကတ်စဆင့် ပိုက်ထဲကနေလက်ထဲကို တစ်စက်ထည့်ပေးတယ်။ သတိရတာနဲ့ လာထည့်ပေးတာဆိုတော့သိပ်တော့မသိဘူး။ ဆေးရုံမှာပဲနေတာဆိုတော့ အန္တရယ်လဲမရှိဘူး။ လုပ်ပြီးကာစ မနက်ပိုင်းလေးတစ်ချိန်ပဲ နာတယ်။ အသားတွေ၊ နံရိုးပိုင်းတွေနာတာ။ ရိုက်ထားသလိုပဲ။ ရင်ဘတ်ကတော့ မနာဘူး။ သူတို့ပတ်တီးနဲ့စည်းထားတာဖြစ်တဲ့အတွက် နေ့လည် ၂နာရီ ၃နာရီလောက်ကျတော့ သက်သာသွားတယ်။ ခွန်းချိုလုပ်ထားတာ ၄လကျော်လောက်ပဲရှိသေးတယ်။ ခွန်းချိုတို့ကကျ ဆေးရုံမှာလုပ်တာ။ ဆီလီကွန်ကလဲ အစားစားရှိတယ်။ အပြင်ဆေးခန်းမှာ ထည့်လို့ရတယ်။ အပြင်မှာထည့်ရင် သိန်း ၂၅ နီးပါးလောက်ပဲရှိမယ်။ ချက်ချင်းထည့်၊ ချက်ချင်းဆင်း ပြီးရင် ဟိုတယ်မှာသွားနားတယ်။ ခွန်းချိုတို့ကျတော့ ဆေးရုံတစ်ခါတည်းသွား၊ အဲ့ဒီမှာ စစ်ဆေးမှုတွေ အကုန်လုပ်ရတယ်။ HIV AIDS သွေးဖောက်ပြီးစစ်တယ်။ စစ်ဆေးမှုတွေလုပ်တယ်။ ဘာရောဂါမှ မရှိဘူးဆိုမှ သူတို့က လက်မှတ်ထိုးခိုင်းတယ်။ နောက်ပြီး ဆီလီကွန်က အာမခံ ဘာရောဂါမှလဲ မဖြစ်ဘူး။ ဆေးရုံမှာဂရုတစိုက်နဲ့ထားတယ်။ ချုပ်ရိုးဖြည်ပြီးမှပြန်လွှတ်တာဆိုတော့အဆင်ပြေတယ်။ ပိုက်ဆံကတော့ သိန်း၄၀လောက်ကုန်ပါတယ်။ ပိုက်ဆံကုန်တာကို မနှမြောပါဘူး။ ကိုယ့်ခန္ဒာကိုယ်မှာ ရှိနေမဲ့အရာက အမြဲတမ်းတွက်ကောင်းနေဖို့ပဲလိုတယ်။ အဲ့ဒီတွက် ဆေးရုံမှာပဲလုပ်ဖို့စီစဉ်ပြီး လုပ်ခဲ့တာပါ။

-လိင်အင်္ဂါရောပြောင်းဖို့အစီအစဉ်ရှိသေးလားမသိဘူး။

ပြောင်းဖို့အစီအစဉ်ရှိပါတယ်။ ရှိတယ်ဆိုတာက ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းဖြစ်တဲ့ မိတ်ကပ်ဆိုင်လေး တစ်ဆိုင်လောက်ဖွင်ပြီးတော့မှ ကိုယ့်ရဲ့ ကိုယ်ပိုင်ဆိုင်လေးနဲ့ ကိုယ့်ရဲ့အလုပ်လေးကလဲ လည်ပတ်နေပြီဆိုတော့မှ နောက်ပိုင်းမှာ ပိုက်ဆံစုပြီး ပြောင်းလဲသွားဖို့အစီအစဉ်ရှိပါတယ်။ ကိုယ်က မိန်းကလေးဖြစ်ချင်တဲ့အတွက် ကိုယ့်ခန္ဒာကိုယ်မှာလဲ မိန်းကလေးလိုပဲ ဖြစ်ချင်လို့ပါ”လို့ပြောပြပေးခဲ့ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top