iMyanmarHouse.com - Best Property Website for Myanmar
×

“နှုတ်ကြောင့်သေ၊လက်ကြောင့်ကြေ”ဆိုတဲ့စကားပုံကိုတော့အားလုံးကြားဖူးကြမယ်ထင်ပါတယ်။ စကားပြောတယ်ဆိုတာ တကယ်တော့အနုပညာတစ်ခုပါ။ လူနှစ်ယောက်၊သို့မဟုတ် နှစ်ယောက်ထက်ပိုသော အခြားသူများနှင့်ဆက်ဆံသောအခါ စကားဆိုတဲ့အရာကိုသုံးရပါတယ်။ အဆိုလေးတစ်ခုတောင်ရှိပါတယ်။ အပြောကောင်းရင် လေယာဉ်တောင်အလကားစီး ရတယ်တဲ့။ အပြောကောင်းတယ်ဆိုတာ လိမ်ညာတာကိုပဲ ဆိုလိုတာမဟုတ်ပါဘူး။ စကားပြောတတ်ခြင်း၊အချိန်အခါကြည့်တတ်ခြင်း၊ ပြောနည်းကို
သိခြင်းတွေကြောင့်ပါ။ စကားပြောကောင်းတဲ့သူတွေရှိသလို ထိုစကားကိုကောင်းကောင်းမပြောတတ်သောကြောင့် လူမုန်းများသူများ လည်း လောကကြီးမှာရှိနေပြန်ပါတယ်။ ဒါကြောင့် လူမုန်းများခံရနိုင်တဲ့ စကားပြောပုံများကို အောက်မှာဖော်ပြ ပေးလိုက်ပါတယ်။ အားလုံးပဲ စကားပြောတတ်ကြပါစေ။

(၁) စကားများခြင်း
စကားများတာတော်တော်ကိုဆိုးပါတယ်။ ပြောတဲ့စကားတွေက အဓိပ္ပါယ်မရှိရင် ပိုလို့တောင်ဆိုးပါသေးတယ်။ ဘယ်နေရာမှာမှအဆင်ပြေမှာမဟုတ်ပါဘူး။ တစ်ချို့လူတွေအတွက် စကားများတာဟာ အလေ့အကျင့်တစ်ခု လိုတောင်ဖြစ်နေပါတယ်။ သူတို့ကိုယ်တောင်သူတို့သတိမထားမိတတ်ကြပါဘူး။ တစ်ချို့သူတွေက သတိထားမိရဲ့ သားနဲ့ မပြင်ကြတာပါ။ ဒါ့ကြောင့် စကားများတတ်တယ်ဆိုရင်တော့ သင့်ကိုယ်သင်ပြန်သုံးသပ်သင့်ပါပြီ။ စကားဆိုတာ အကျိုးရှိတဲ့စကားကိုပဲ ရွေးပြောတာကောင်းပါတယ်။

(၂) သူတစ်ပါးကိုစကားပြောခွင့်မပေးခြင်း
သူတစ်ပါးကို စကားပြောခွင့်မပေးပဲ သူတို့ချည်းပဲ တောက်လျှောက်ပြောတတ်တဲ့သူမျိုးတွေကို သင်မြင်ဖူးပါသလား? သင်ဘယ်လိုခံစားရပါသလဲ? အကယ်၍ သင်လည်း ထိုကဲ့သို့ သူများစကားပြောတာကို အလှည့်မပေးတတ်တဲ့သူမျိုးဆိုရင်တော့ သတိထားသင့်ပါပြီ။ ဒါဟာ တော်တော်လေးကို စိတ်အနှောက်အယှက် ပေးတဲ့ အမူအရာမျိုးပါ။ ကျွန်တော့်ဘ၀မှာ ထိုကဲ့သို့သူမျိုးတွေကြုံခဲ့ဖူးပါတယ်။ သူတို့နဲ့စကားပြောရတာ ငရဲရောက်နေသလိုပါပဲ။

(၃) စကားကိုကျယ်လောင်စွာပြောဆိုခြင်း
တစ်ချို့သူတွေက စကားကိုကျယ်လောင်စွာပြောဆိုတတ်ပါတယ်။ ဒါဟာ မိသားစုထဲမှာတော့ အဆင်ပြေပေမယ့် တကယ့်လက်တွေ့လောက အလုပ်ခွင်တွေမှာတော့ ဘေးမှာရှိတဲ့သူတွေကို တော်တော်လေး စိတ်အနှောက်အယှက်ပေးပါတယ်။ ဒါကြောင့် သင့်မှာထိုအကျင့်မျိုးရှိတယ်ဆိုရင်တော့ သင်ပြင်ဆင်သင့်ပါပြီ။

(၄) ဆရာကြီးအထာနှင့်အမြဲစကားပြောခြင်း
ဆရာကြီးအထာဖြင့် အမြဲစကားပြောတာဟာလည်း လူမုန်းများစေပါတယ်။ ဒီအမူအရာကလည်း တော်တော်လေးကိုဆိုးပါတယ်။ နေရာတကာ အကုန်သိသောအထာမျိုးဖြင့် သင်ကစေတနာနဲ့ ၀င်ပြောနေရင်တောင် လူအမြင်ကတ်ခံရနိုင်ပါတယ်။

(၅) မမေးပဲဝင်ဖြေခြင်း
ဒါကလည်း တစ်ခါတစ်လေကောင်းပေမယ့် အမြဲဆိုရင်တော့ လူအမြင်ကတ်ခံရနိုင်ပါတယ်။ တစ်ခါတစ်လေ လက်တွေ့လောကမှာ သိတိုင်းလည်း ၀င်မပြောသင့်ပါဘူး။ သင့်ရဲ့အသိပညာကို တန်ဖိုးထားစေချင်ရင် လိုအပ်တဲ့အချိန်မှာ အသုံးချတတ်ရပါတယ်။ အမြဲတမ်းပြောနေရင် လူမုန်းလည်းခံရနိုင်သလို သင့်အသိပညာ ဟာလည်း တန်ဖိုးမရှိဖြစ်နေပါလိမ့်မယ်။

စကားအချိုသာကြီးမပြောတတ်ရင်တောင် အထက်ပါအချက်လေးများကို ရှောင်ရှားနိုင်ရင် နေ့စဉ်ဘ၀မှာ ပိုအဆင်ပြေလာမှာပါ။ အားလုံးပဲ စကားပြောတတ်ကြပါစေ။

Credit : မိုးရှင်း (I.M.T)

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top