iMyanmarHouse.com - Best Property Website for Myanmar
×













Rock အဆိုတော် တစ်ဦးဖြစ်သည့် ဇော်ဝင်းထွဋ်နှင့် တွေ့ဆုံခိုက် သူ၏ လတ်တလော ဖြတ်သန်းမှုနှင့် အမြင်များကို ဇော်ဝင်းထွဋ် ပရိသတ်များအတွက် မေးမြန်း ဖော်ပြလိုက်ပါသည်။

အရင်ဆုံး ဦးညီထွဋ်ရဲ့  ““ဆေး ပေါင်းခ သက္ကရာဇ်များ”” ဆိုတဲ့ စာအုပ်လေး အကြောင်း ပြောပြပါဦး။

                   ကျွန်တော် ဒီစာအုပ်ကို ရောင်းဖို့ အစီအစဉ်တော့ မရှိဘူး။ ဘာကြောင့်လဲ ဆိုတော့ အသက် (၅၀) ပြည့် မွေးနေ့တုန်းက လုပ်တာ။ မနှစ်ကပေါ့။ ဒီစာအုပ်ကို လက်ဆောင်ပေးဖို့လုပ်တာ။ ငါးဆယ်ပြည့်လို့ လုပ်ခဲ့ပေမယ့်  စာအုပ်က ကြာမယ့် သဘော ဖြစ်နေလို့  မလုပ်ဖြစ်ဘူး။

                       ငါးဆယ်ပြည့်က ဓာတ်ပုံကို ထပ်ထုတ်မယ် လုပ်တယ်။ အဲဒီတော့ ကြားထဲမှာလည်း ပြီးတော့ ပြီးနေပြီပေါ့နော်။ ဒါနဲ့ ကြားထဲမှာ အကြောင်း ရှာပြီးတော့ အင်ပါယာ သုံးဆယ်ပြည့် ကလေးတွေ လုပ်တော့ သူတို့နဲ့ ရောပြီးတော့လာတဲ့ Fan တွေကို လက်ဆောင်ပေးမယ်။ ပွဲ ကြည့်မှမဟုတ်ဘူး။ စာအုပ်ကလည်း ဈေးကြီးတော့ အများကြီးလည်း ပေးလို့ မရဘူးလေ။ ကျွန်တော် စာအုပ် (၁၀၀၀) ပဲ ရိုက်လိုက်တာ။ သို့သော် ကျွန်တော့်  Fan တွေကို လက်ဆောင် ပေးလိုက်တယ်။

                    အင်ပါယာ Fan က (၃၀၀) ကို ပေးလိုက်တယ်။ ဒါနဲ့မပြီးဘူး အိမ်ကို ဖုန်းတွေ ဆက်ဆက်ပြီးတော့ လာလာ ယူကြတယ် Member ကဒ်တွေ ပြပြပြီး လာယူကြတယ်။ အိမ်မှာပဲ ထိုင်ပေးနေတယ်။ အပြင်ကိုတော့ မဖြန့်ဘူး။ ကုန်သွားရင် အသံတိတ် ပြဇာတ်လို့ ဖြစ်သွားမှာစိုးလို့ ပြန်မရဖြစ်မှာ စိုးလို့ပါ။

ဒီစာအုပ်ကနေ ပရိသတ်ကို ဘာပေးချင်တာလဲ။

                   ကျွန်တော်တို့ ဖြတ်သန်းလာခဲ့တဲ့ သက္ကရာဇ်တွေပေါ့နော်။ အဲဒီထဲကပုံတွေကို ပြထားတာ။ ပုံတွေပဲ များပါတယ်။ ကျွန်တော်လည်း ဓါတ်ပုံတွေ ကြည့်ရတာ ကြိုက်တယ်လေ။ အရင်တုန်းက ပုံတွေ ငယ်ငယ်တုန်းက ပုံတွေ ကြည့်ရတာ ကြိုက်တယ်။ ဓာတ်ပုံက စကားတွေ အများကြီး ပြောတယ်။ကြိုက်သလိုလည်း တွေးလို့ရတယ်။ ကိုယ်ကြိုက်တဲ့ ဓာတ်ပုံ ဇာတ်လမ်းလည်း ဆင်လို့ ရတယ်လေ။ ဓာတ်ပုံများများနဲ့ စာအုပ် တစ်အုပ်ပေါ့။

                       ကျွန်တော့် ငါးဆယ်ပြည့် မွေးနေ့မှာ စုပြီးတော့ ၀ိုင်းရေးထားကြတာ။ ကျွန်တော့် အတွက် ဆုတောင်းကို  ရေးထား ပေးတယ်။ အဲဒါကိုလည်း သိမ်းထားတာပေါ့။ သူတို့ကိုလည်း အသိအမှတ်ပြုတဲ့ အနေနဲ့ စာအုပ်ထဲမှာ ထည့်ထားတယ်။သူများတွေ ရေးတဲ့ ကျွန်တော့် အကြောင်းပေါ့။ ကျွန်တော် သေသွားရင်လည်း အဲဒီလို စာအုပ် ထုတ်မှာပဲလေ။ သေချာတယ်။ သေပြီးရေးတာနဲ့ အရှင်လတ်လတ် ယူရေးတာနဲ့ တော်တော် ကွာလိမ့်မယ်။

                          သေတဲ့ သူကျတော့ ကောင်းကောင်း မွန်မွန်ပဲ ရေးကြတော့မှာတော့ ကျွန်တော့် ကျတော့ ဟာသလိုလည်း ရတယ်။ ကြိုက်သလို ရေးလို့ရတယ်။ ပိုပြီးတော့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်တဲ့သူလည်း အင်တာတိန်းမန့် တစ်ခုလည်း ဖြစ်ပါတယ်။

အခုစာအုပ်က ဓါတ်ပုံတွေ များတယ် ဆိုတော့ နောက်တစ်ခါကျရင် စာသား တွေရော ဦးညီထွဋ် ရေးဖြစ်ဦးမလား။

                       အမှန်တော့ အဲဒီလို ရေးတယ်ဆို တာကလေ စာကတော့ ရိုးရိုးသားသား ရေးဖို့ လိုတာပေါ့နော်။ ရိုးသားတယ် ဆိုတာကလည်း ရိုးသားဖို့ ကလည်း မလွယ်ဘူးပေါ့နော်။ အဲဒါခက်နေတာ။ ကျွန်တော် ကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကို ရိုးသား တယ်လို့ မထင်သေးဘူး။ ဒါမျိုးရေးနိုင်တဲ့ အရွယ် အတွေ့အကြုံ၊ နောက်တစ်ခါ အမြင်ရှင်းရှင်းနဲ့ မြင်နိုင်တဲ့ အခါကျရင် ရေးမယ်။ အဲဒါ ပိုကောင်းတာပေါ့နော်။ တစ်ခုတော့ ရှိတယ်။

                         ရေးချင်စိတ် ရှိတယ်။ ဒီစာအုပ်လေး လုပ်လိုက်တော့ စာရေးချင်စိတ် ရှိတယ်။ ကိုယ်မြင်တာလေးတွေ ရှယ်ပြီးတော့ အပြန်အလှန် အတွေး ဖလှယ်လို့ရမယ့် စာမျိုး ရေးချင်ပါတယ်။ ကိုယ့်အကြောင်း ကိုယ်တော့ မရေးချင်သေးပါဘူး။

စာအုပ်ရဲ့ နောက်ကျောမှာ ရေးထားတဲ့ စာသားကရော ဘယ်လို အဓိပ္ပာယ် သက်ရောက်စေလဲ။

                   ကျွန်တော့်ကို တစ်ခုခုတော့ ရေးပါလို့ ပြောတယ်ပေါ့နော်။ စာအုပ် ဒီဇိုင်းကို လာပြတော့ ကျွန်တော်လည်း ရေးချင်စိတ်နဲ့ ခေါင်းထဲ ပေါ်လာတာလေးကို တစ်ကြောင်း နှစ်ကြောင်း ရေးပေးလိုက်တာ။ ပါသမျှ စာလေးတွေပေါ့။ ကျွန်တော်လည်း တွေးကြည့်တယ်။ လူကြိုက်အောင်လည်း လုပ်ဖူးတယ်။ လုပ်ပြီးတိုင်း အဆင်မပြေဘူး။ ကျွန်တော်လည်း လုပ်ဖူးတယ်။ လူကြိုက်အောင် တမင် လုပ်တာလည်း ရှိတယ်။ အဲဒီလို လုပ်ပြီးတိုင်း ကိုယ့်ကို ညစ်ပတ် သွားတယ်လို့ ခံစားရတယ်ပေါ့နော်။ ရိုးရိုးသားသားနဲ့ အောင်မြင်ဖို့က ခက်တယ်လေ။

                    ကျွန်တော်တို့ “နေရာသစ်” ထွက်တဲ့ အချိန်မှာ ဗဒင်က “နေရာ”ဆိုတာကို ထွက်တယ် ကျွန်တော်တို့ သိပ်မကွာဘူး။ ဗဒင်က တအားပေါက်တယ်။ အဲဒီခေတ်က အဲလောက် ပေါက်တာ မရှိဘူးပေါ့နော်။ ကျွန်တော်တို့လည်း ဗဒင် ပေါက်တဲ့ အကြောင်း ထိုင်ပြောရင်းနဲ့ ဗဒင် ပေါက်တာက တကယ်ရိုးရိုး သားသား ပေါက်တာ။ ကျွန်တော်တို့ကမှ ဆံပင်အရှည်ကြီးထား လယ်သာ ဂျာဂင်ကြီးတွေနဲ့ လုပ်ပြနေရသေးတယ်။ ဗဒင်က ဘယ်သူမှန်းတောင် မမြင်ဖူးသေးဘူး။

                  သူ့အခွေက တစ်ပြည်လုံး နားထောင်တယ်လို့ ပြောဖူးတယ်။ ခုနက ရိုးသားတယ် ဆိုတာ အဲဒီသဘောပါပဲ။ ဘာမှကို မလုပ်ရဘဲ အေးအေးဆေးဆေးနဲ့ ကိုယ်ချစ်တဲ့သူနဲ့ အသက်ထက်ဆုံး ပျော်ပျော်ရွှင်ရွှင် နေသွားလို့ရမယ့် အချိန်ကိုပဲ မျှော်လင့် ရတာပေါ့လေ။

ဦးညီထွဋ်ကို အားပေးကြတဲ့ လူငယ်လေးတွေ အတွက် ဘာကိုများ ချန်ခဲ့ ပြီး မျှဝေ ပေးချင်တာ ရှိပါသလဲ။

                   အခုတော့ သီချင်းကတော့ အမြဲ ဆိုပါတယ်။ နောက်တစ်ခါ ကျွန်တော့် စိတ်ကုးထဲမှာတော့ ဒီဘ၀မှာ လုပ်သွားချင်တာ တစ်ခုတော့ ရှိပါတယ်။ ဘာလဲဆိုတော့ ကျောင်းရယ်လို့ မဟုတ်ဘူး။ အနုပညာ Musican တွေပေါ့၊ Artist တွေစုတဲ့ နေရာလေး တစ်ခုပေါ့။ အဲဒါလေးကို ၀ါသနာရှင်တွေ၊ စိတ်ဝင်စားတဲ့ သူတွေ ပါဝင်လေ့လာလို့ ရမယ့် အရာလေး တစ်ခုတော့ စိတ်ကူး ယဉ်ထားတာပေါ့။ Music School လို မဟုတ်ဘူး။

                     Work Shop လေးတစ်ခုပေါ့။ အဲဒါလေးကို ကျွန်တော် ဒီနှစ်ထဲမှာလုပ်ဖို့ ကြံနေတယ်။ အနားမှာရှိတဲ့ သူတွေနဲ့ တိုင် ပင်တာပေါ့နော်။ ဘာမြူးဇစ်မှ ရယ်လို့တော့ မဟုတ်ဘူး။ Musical မျိုးစုံပါနိုင်တယ်။ မြန်မာပြည် ကျောက်စိမ်းလည်း ပါနိုင်တယ်။ DJ ပါရင်ပါမယ်။ ဒီမှာကလည်း ဘောင်ကြီးတွေ၊ စည်းကြီးတွေ ရှိနေသေးတယ်လေ။

                    အဲဒီလို မရှိဘဲ ကျွန်တော်တို့ မိုးကုတ်စက်ဝိုင်းက ပိုကျယ်သွားတာပေါ့။ အတွေးတွေနဲ့ ပိတ်မိနေကြသေးတယ်။ ဘာလုပ်ရမလဲ ဆိုတာတွေ၊ ငါကတော့ဘာ၊ သူကတော့ ဘာဆိုတာတွေ ရှိနေ ကြတယ်။ မရှိတဲ့ အဆင့်ကို သွားဖို့က တစ်ခုခုနဲ့ သွားရမှာလေ။ ကျွန်တော် ဖြစ်ချင်တဲ့ ကျောင်းလေးမျိုးပေါ့။

မနှစ်ကလို ဒီနှစ်သင်္ကြန် အစီအစဉ် ဘာများ လုပ်ဖြစ်ဦးမလဲ။

                   သင်္ကြန်ကလည်း မနှစ်က ကိုယ့်ဟာကို လုပ်ပြီး သဘောတွေ ကျနေတယ်။ ဒီနှစ်လည်း လာငှားသမျှ ထိုင်ငြင်းနေတယ်။ မဆိုတော့ဘူး။ လုပ်ဖို့တော့ ရှိတယ်။အမှန်တိုင်းပြောရင် ဒီအရွယ်ကြီးကျမှ ကုန်ပစ္စည်းတွေ ကြော်ငြာပေးနေရတာ အဆင် မပြေတော့ဘူး။ ဘာရယ်တော့ မဟုတ်ဘူး။ တစ်ခုခုကို ကိုယ်စားပြုပြီးတော့ ဒါကိုသုံးမှ၊ ဒါကို လုပ်ပါလို့ ကျွန်တော် မပြောချင်တော့ဘူး။ ကျွန်တော်တို့ လုပ်ခဲ့ပြီးပြီ။ အများကြီး လုပ်ပြီးနေပြီ။

                     လာငှားရင်လည်း အဲဒီလိုပဲ ငှားတာလေ။ မန္တလေးကလည်း မေးတော့ အရက်ဆိုတော့ ပိုဆိုးတာပေါ့။ ဒီအရွယ်ကျမှ ကျွန်တော်က ကိုယ်တိုင် မီးလောင်ပေမယ့် မီးလောင်တာကိုတော့ အားမပေးဘူးပေါ့။ တီးဝိုင်း အတွက်တော့ ကျွန်တော် တစ်ခုခု ပြန်လုပ် ပေးရမယ်လေ။ အဲဒီတော့ ရန်ကုန်မှာ အားလုံးလည်း ပျော်လို့ရအောင်၊ သူတို့လည်း ၀င်ငွေ တစ်ခုခု ရအောင်လို့ စဉ်းတော့ စဉ်းစားပေါ့။ ကြော်ငြာ မဆန်တာပဲနဲ့ ၀ိုင်းဝန်း လုပ်ကြတာမျိုးပေါ့။

ဒါဆိုရင် သီချင်းခွေတွေရော ထပ်လာ ဦးမှာလား။

                   သီချင်းသစ် တစ်ပုဒ်တော့ ရှိတယ်။ ကျွန်တော့် ပရိသတ် အားလုံးကို လက်ဆောင်ပေးဖို့ Fan Class တွေ ကို တင်ပေးမှာ။ “လူ”အခွေကိုလည်း MTV ရိုက်နေပါတယ်။

Credit : The Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top