iMyanmarHouse.com - Best Property Website for Myanmar
×














အလုပ်ဖြုတ်ခံရတယ်ဆိုတာဟာ ကမ္ဘာပေါ်မှာရှိတဲ့ အဆိုးဆုံးခံစားချက်တွေထဲက တစ်ခုဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၂ လလောက်က Bureau of Labor Statistics (အလုပ်သမားဆိုင်ရာ ကိန်းဂဏန်းအချက်အလက် အဖွဲ့အစည်း) ကနေ ဖော်ပြထားတာကတော့ အလုပ်ဖြုတ်ခံရတာနဲ့ အလုပ်ထွက်တာတွေအပါအ၀င် အလုပ်နဲ့ ခွဲခွာလာရသူဦးရေ ဟာ ၅၃ သန်းကျော်ရှိပါတယ်တဲ့။ ဒီကိန်းဂဏန်းက အချက်ပေးတဲ့အသံ ဖြစ်နေတယ်ဆိုပေမယ့်အလုပ်ထုတ်ခံရတာ ဒါမှမဟုတ် အလုပ်ထွက်လာတာကနေ အပြုသဘောဆောင်တဲ့ ရလဒ်တွေရှိနေတယ်ဆိုတာကို သတိရဖို့လည်း အရေးကြီးပါ တယ်။အကယ်၍ သင့်အနေနဲ့ သိပ်မကြာသေးခင်က အလုပ်ကနေထွက်လာရတယ်ဆိုရင် သင့်ရဲ့ အသက်မွေးလုပ်ငန်းကို ရှေ့ဆက်ရာမှာ လိုက်နာသင့်တဲ့  အချက် ၇ ချက်ကို  ဖော်ပြလိုက်ပါတယ်။

၁။    သင့်ရဲ့ စိတ်ခံစားချက်တွေကို အမြန်ဆုံးထိန်းချုပ်လိုက်ပါ။
အလုပ်ကနေထုတ်ခံရတယ်ဆိုတဲ့ ဆေးခါးကြီး သောက်ရသလိုမျိုး သိပ်ပြီးခံစားရခက်တယ်ဆိုတာ သိရမှာပါ။ ဒါပေမဲ့ အလုပ်စားပွဲဆီရောက်လာတဲ့ သတင်းဆိုးအပေါ် စိတ်ဆိုးဒေါသထွက်တဲ့ ဝန်ထမ်းမျိုးမဖြစ်ဖို့ အရေးကြီးပါတယ်။
အလုပ်ကနေဖြုတ်ခံရတဲ့အခါမှာ ဝမ်းနည်းပြီး စိတ်မကောင်းဖြစ်တယ်ဆိုတာ သဘာဝကျပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ စိတ်လှုပ်ရှားမနေဘဲ တည်တည်ငြိမ်ငြိမ်ရှိနေဖို့လိုပါတယ်။ စိတ်အေးအေးထားလိုက်ခြင်းဖြင့် ယုတ္တိမရှိတဲ့ ဆုံးဖြတ်ချက် တွေချတာ၊ ဒါမှမဟုတ် သင့်အလုပ်ရှင်နဲ့ နောက်တစ်ခေါက် ပြန်လည်ဆက်ဆံလို့မရအောင် ဆိုးဝါးတဲ့ အပြုအမူတွေ လုပ်မိတာကနေ ကာကွယ်ပြီးသားဖြစ်သွားပါလိမ့်မယ်။ သင့်အနေနဲ့ ထိန်းချုပ်လို့မရတဲ့အနေ အထား ရောက်နေတယ်ဆိုရင်တော့ အပြင်ထွက်ပြီး လမ်းလျှောက်ရင်း ခေါင်းကိုရှင်းလိုက်ပါ။ ပြင်းပြင်းပြပြခံစားနေရတာတွေကနေ စိတ်ငြိမ်သွားအောင်လုပ်လိုက်ပါ။

၂။ သတင်းဆိုးကို ကမ္ဘာပတ်ပြီး ကြော်ငြာမနေပါနဲ့။
သင်အလုပ်ဖြုတ်ခံရတဲ့အခါမှာ သင့်သူငယ်ချင်းတွေ၊ မိသားစုနဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ် ထွက်ပေါက်ရှာတဲ့ အပြုအမူမျိုး (ကုလားမနိုင် ရခိုင်မဲတာမျိုး) လုပ်ချင်ပါလိမ့်မယ်။ သင့်ဘယ်လောက် ခံစားနေရတယ်ဆိုတာကို မေ့ထားပြီး
တော့ ယုံကြည်စိတ်ချရတဲ့ လူတစ်ချို့ကိုသာ အတွင်းစကားအဖြစ်ပြောပြပါ။
စိတ်တည်ငြိမ်မှု ရသွားတာနဲ့ သင့်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေ ဒါမှမဟုတ် မိသားစုဝင်တွေကို သင်အလုပ်မှ ထွက်ခွာလာရတဲ့အကြောင်းပြောပြပါ။ အခြားသူတွေဆီ ဒီသတင်း ဘယ်လိုပေးမလဲဆိုတာကိုလည်း စဉ်းစားထားပါ။ ဒီလိုလုပ်ခြင်းဖြင့် သင်နဲ့ ဆက်စပ်တဲ့ ပတ်ဝန်းကျင်တွေကို သင့်အလုပ်ကနေ ထွက်ခွာလာရခြင်းအကြောင်းမျှဝေဖို့ အကောင်းဆုံး ပြင်ဆင်ထားပြီးသားဖြစ်ပါလိမ့်မယ်။

၃။    ရက်အနည်းငယ်လောက်တော့ အလုပ်ရှာတာတွေ မလုပ်ပါနဲ့ဦး။
အလုပ်ထွက်လာရပြီးတဲ့နောက်မှာ ပထမဆုံးစဉ်းစားမိမှာကတော့ သင့်အတွက်ဝင်ငွေရနိုင်တဲ့ အရင်းအမြစ်ပါပဲ။ သင့်အနေနဲ့ အလုပ်သစ်တစ်ခုကို ချက်ချင်းရှာချင်နေမှာ ဖြစ်ပေမယ့် အလုပ်သစ်မရှာခင်မှာ တင်းထားတဲ့ စိတ်တွေ ဖြေ
လျော့ဖို့ တစ်ရက်၊ နှစ်ရက်လောက်တော့ အချိန်ယူပါ။ အဆင်ပြေမယ်ဆိုရင်တော့ အားလပ်ရက်တို ယူလိုက်တာက ပိုကောင်းပါတယ်။
အလုပ်ကနေထွက်လာပြီးတဲ့နောက် ချက်ချင်းအလုပ်လျှောက်ခြင်းဟာ သင့်အသက်မွေးမှုလုပ်ငန်းအကြောင်းကို ရှင်းရှင်းလင်းလင်း မစဉ်းစားမိတာမျိုး ဖြစ်နိုင်ပါတယ်။ အလုပ်လျှောက်လွှာဖြည့်တဲ့အခါ ပြည့်ပြည့်စုံစုံ မစဉ်းစားမိတာ၊ သင့်ရဲ့ ပုဂ္ဂိုလ်ရေးနဲ့ အသက်မွေးမှုလုပ်ငန်းအတွက် လိုအပ်ချက်တွေနဲ့ မကိုက်ညီတာတွေ ဖြစ်တတ်ပါတယ်။

၎။    သင့်အိမ်မက်ထဲက အသက်မွေးမှုလုပ်ငန်းကို လုပ်ကိုင်ဖို့ အခွင့်အရေးတစ်ခုအဖြစ် အသုံးပြု ပါ။
ငါအလုပ်ကနေ ဖြုတ်ခံလိုက်ရပါလားဆိုပြီး ထိုင်တွေးနေတာထက် သင့်ရဲ့ အကြီးမားဆုံး အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အခွင့်အရေးအဖြစ် အသုံးချလိုက်ပါ။ ဘယ်လိုအလုပ်မျိုးက သင့်ကို အမှန်တကယ် ပျော်ရွှင်စေနိုင်သလဲ ဆိုတာကို တွေးကြည့်ပြီး သင့်လုပ်ငန်း ရည်မှန်းချက်တွေကို ချင့်ချိန်တွက်ချက်နိုင်ဖို့ အချိန်ရတာပါပဲ။ သင့်မှာ ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေ ပြုစုထားတာရှိမယ်ဆိုရင် ဒါတွေကို လုပ်ကြည့်ဖို့အတွက် အချိန်ကောင်းလဲ ဖြစ်ပါတယ်။

၅။    သင်ကိုယ်တိုင် အလုပ်ရှင် ဖြစ်နိုင်ပါတယ်။
သင့်ရဲ့ အသက်မွေးမှုလုပ်ငန်းမှာ ထိန်းချုပ်မှုတွေများနေတာနဲ့ ပတ်သက်လို့ ပင်ပန်းနေပြီ လား။ အလုပ်ကနေ ထွက်ခွာလာရတဲ့  လက်ရှိအခြေအနေဟာ သင်ကိုယ်တိုင် အလုပ်ရှင် ဖြစ်လာနိုင်တဲ့ အချိန်လည်း ဖြစ်နိုင်ပါတယ်။
အလုပ်ဖြုတ်ခံရပြီးနောက်ပိုင်း လူတချို့ဟာ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ ဒါမှမဟုတ် စွန့်ဦးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာဖို့ ဆုံးဖြတ်တတ်ကြပါတယ်။ ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်လိုက်ခြင်းဟာ အချိန်ပြည့်ဝန်ထမ်းဖြစ်သွားတယ်ဆိုတာကို လူအများစုက သတိမထားမိကြပါဘူး။ ဒါကြောင့် အလုပ်က ထွက်ခွာလာရတာဟာ သင့်ရဲ့စိတ်ကူးတွေကို အသုံးချဖို့ အခွင့်အလမ်းကောင်းတစ်ခုပါ။
ဒါ့အပြင်သင့်ရဲ့ ကိုယ်ရေးဂုဏ်ဒြပ် အချက်အလက်တွေ ဒါမှမဟုတ် အောင်မြင်ကျော်ကြားမှုတွေကို တည်ဆောက်ဖို့ အချိန်ပိုင်းအလုပ် တချို့ကို ရှာဖို့လည်း စဉ်းစားကြည့်ပါ။ သင်ကြိုးစားလုပ်ဆောင်မယ့် လုပ်ငန်းသစ်အတွက် သင့်ရဲ့ကိုယ်ပိုင်ဖောက်သည်တွေကို စုဆောင်းနိုင်ပါတယ်။

၆။    သင့်ရဲ့ လူမှုဆက်သွယ်ရေးဆိုင်ရာ ကိုယ်ရေးအချက်အလက်အကျဉ်းကို update ဖြစ်အောင် ပြန်လည် ပြင်ဆင်ထားပါ။
နောက်အဆုံးအနေနဲ့ သင်ဟာ အွန်လိုင်းပေါ်မှာရှိနေတဲ့ သင့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို နောက်ဆုံးအခြေအနေအထိ update ဖြစ်အောင် လုပ်ထားရပါမယ်။

သင့်ရဲ့ လူမှုဆက်သွယ်ရေးဆိုင်ရာ ကိုယ်ရေးအချက်အလက်တွေကို Twitter, Facebook နဲ့ Google+ တို့မှာလည်း ပြင်ဆင်သင့်ပါတယ်။
အဲ့ဒီလို ပြင်ဆင်တဲ့အခါမှာလည်း သင့်ရဲ့ အခြေအနေကို “အလုပ်လက်မဲ့” အဖြစ် မပြောင်းလဲသင့်ပါဘူး။ အဲ့ဒီအစား သင်ဟာ အခွင့်အလမ်းသစ်တွေအတွက် ကျွမ်းကျင်စွာ ရှာဖွေနေသူတစ်ယောက်အဖြစ် ဖော်ပြသင့်ပါတယ်။ ဒါက အလုပ်
ရှာဖွေသူတစ်ယောက်အနေနဲ့ သင့်ရဲ့လက်ရှိအနေ အထားကို ရှင်းပြစရာမလိုတော့ပဲ သင်ကိုယ်တိုင် နေရာပေးထားလိုက်တဲ့ အပြုသဘောဆောင်သော နည်းလမ်းဖြစ်ပါတယ်။

၇။    သင်မြတ်နိုးတဲ့အရာတွေကို ပြုလုပ်ဖို့ အချိန်ပေးပါ။
အလုပ်တစ်ခုကို ဆုံးရှုံးပြီးတဲ့နောက် သင့်မှာ အချိန်ပိုလေးတွေ ရှိလာပါလိမ့်မယ်။ ဒါဟာ သင့်ကိုယ်သင် သေချာအာရုံစိုက်နိုင်ဖို့နဲ့ သင့်ရဲ့ဝါသနာပါရာအလုပ်တွေကို အချိန်ပေးနိုင်ဖို့ အခွင့်အရေးကောင်းပါပဲ။

အလုပ်တွေထဲမှာ စိတ်ပါဝင်စားနေခြင်းက သင့်ကိုယ်သင် တန်ဖိုးထားမှုကို မြင့်တက်စေပါလိမ့်မယ်။ သင်နှစ်သက်တဲ့ အလုပ်တွေကို လုပ်နေတဲ့အခါမှာ အလုပ်တွေကို အာရုံစူးစိုက်နေတာကြောင့် သင့်ကို ပျော်ရွှင်မှုတွေ သယ်ဆောင်ပေးလာမယ့် အပြင် လူတစ်ယောက်အဖြစ် ကြီးပြင်းလာတာကို လည်း အကူအညီဖြစ်စေပါတယ်။

အလုပ်ဖြုတ်ခံလိုက်ရတာဟာ သင့်ကမ္ဘာကြီး အဆုံးသတ်သွားတာ မဟုတ်ပါဘူး။ အခွင့်အလမ်းသစ်တွေကို ရှာဖွေဖို့အတွက် အခွင့်အရေးတစ်ခုဖြစ်တယ်ဆိုတာကိုလည်း သတိရပါ။ အလုပ်ဖြုတ်ခံရခြင်းရဲ့ အပြုသဘောမဆောင်တဲ့ ရှုထောင့်
တွေထဲမှာပဲ ပိတ်မိမနေပါစေနဲ့။ သင့်လုပ်ဆောင်နိုင်တဲ့ အကောင်းဆုံးသော အသက်မွေးမှုလုပ်ငန်းတွေကို ချဲ့ထွင်နိုင်စေဖို့ သင့်ကိုယ်သင် ခွင့်ပြုလိုက် ပါ။

Credit : People Magazine

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top