iMyanmarHouse.com - Best Property Website for Myanmar
×










သိပ္ပံပညာရှင်များသည် အသက်အရွယ် ကြီးလာသောအခါ အရေပြားများ ပျက်စီး၍ ဖြစ်ပေါ်လာသည့် တွန့်လိပ်ခြင်း များကို တွန်းလှန်နိုင်သော ခရင်မ်များ လိမ်းရခြင်းနှင့် အလှပြုပြင်ပေးရခြင်းများ ပြုလုပ်နိုင်ရန် အရေပြားများ မတွန့် မလိပ်စေသော လျှို့ဝှက်ချက်ကို တွေ့ရှိထားပြီဟု သိရသည်။

၎င်းတို့သည် စမ်းသပ်ရာတွင် အသုံးပြုသည့် ကြွက်များကို ရက်သတ္တပတ် ၂ဝ ကြာ လေ့လာချက် အရ ခန္ဓာကိုယ် ခုခံအားစနစ် အတွင်းရှိ Granzyme-B ခေါ် အင်ဇိုင်းမ်တစ်မျိုး မရှိသော ကြွက်များသည် အင်ဇိုင်းမ် ရှိသော ကြွက်များထက် ပို၍ နုပျိုကြကြောင်း၊ ၎င်းတို့၏ ကော်လာဂျင်ခေါ် ဓာတ်တစ်မျိုးကို မူလအတိုင်း တွေ့ရခြင်းနှင့် အရေပြား ချောမွတ်ခြင်းကို သတိပြုမိ ခဲ့ကြောင်း သိရသည်။

သုတေသီများသည် အရေပြား မတွန့် မလိပ် စေရအောင် ခန္ဓာကိုယ် အတွင်းရှိ Granzyme-B ခေါ် အင်ဇိုင်းမ်ကို ပိတ်ဆို့ထားခြင်းဖြင့် ပြုလုပ်နိုင်ကြောင်း ယုံကြည် ထားကြသည်။ သုတေသီများသည် အသရိုစ ကလာရိုးဆစ် ရောဂါနှင့် နှလုံးရောဂါတွင် Granzyme-B ၏ အခန်းကဏ္ဍကို စူးစမ်း ရှာဖွေရာမှ အမှတ်မထင် မယုံနိုင်လောက်အောင် အရေပြား မတွန့် မလိပ်စေသော လျှို့ဝှက်ချက်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၎င်းတို့သည် စမ်းသပ်မှု ပြုလုပ်စဉ်အတွင်း မတူညီသော ကြွက်အုပ်စုများတွင် အရေပြား အရည်အသွေး ချင်းလည်း မတူကြဘဲ ဖြစ်နေသည်ကို သတိပြုမိ ခဲ့ကြသည်။ ဗြိတိသျှ ကိုလန်ဘီယာ တက္ကသိုလ်မှ သုတေသီ ခေါင်းဆောင် ဒေးဗစ်ဂရန်ဗီးလ်က ''သွေးကြောတွေက အသက်အရွယ် ကြီးရင့်မှု အပေါ် အကျိုး သက်ရောက်ခြင်းကို ကျွန်တော်တို့ စိတ်ဝင်စားခဲ့တယ်။ ဒီအင်ဇိုင်းမ် မရှိရင် အရေပြား အပေါ် အကျိုးသက် ရောက်မှုအတွက် မစဉ်းစား ခဲ့ကြဘူး။ ဒီလို အသစ် အဆန်းတွေကို ရှာဖွေ တွေ့ရှိချင်လို့ သိပ္ပံပညာ အတွက် ကျွန်တော်တို့ အသက်ရှင် နေကြရတာပါ'' ဟု သုတေသီများက ပြောသည်။

ပါမောက္ခ ဂရန်ဗီးလ်က ၎င်းတို့ သုတေသန အဖွဲ့သည် Granzyme-B ကို ပိတ်ဆို့ထားနိုင်သော ဆေးကို တီထွင် ထုတ်လုပ်လျက် ရှိပြီး မကြာမီ စီးပွားရေး ဈေးကွက် အတွင်း ရရှိနိုင်တော့မည်ဟု မျှော်မှန်းထားသည်။ သုတေသန အဖွဲ့သည် ဓာတ်ခွဲခန်း၌ ကြွက်များကို စမ်းသပ်နိုင်ရန် အလှပြင်ဆိုင်ကဲ့သို့ ပြုလုပ်ပေးပြီး ခရမ်းလွန်ရောင်ခြည် မီးလုံးများ အောက်တွင် လှည့်၍ ကြွက်များကို ရောင်ခြည် ခံစေသည်။ ၎င်းတို့အား တစ်ပတ်လျှင် ခရမ်းလွန်ရောင်ခြည် သုံးကြိမ် ထိတွေ့စေပြီး အရေပြားကို နီရဲသွားသည် အထိ ထားသည်။

ရက်သတ္တပတ် ၂ဝ ပြည့်သောအခါ Granzyme-B အင်ဇိုင်းမ်မရှိအောင်၊ ကော်လာဂျင်ဆုံးရှုံးမှု မဖြစ်အောင် ကာကွယ် စောင့်ရှောက်ထားသော အရေပြားများသည် တွန့်ခြင်း လိပ်ခြင်းမှ ကြိုတင် ကာကွယ်နိုင်ကြောင်း တွေ့ရှိ ရသည်ဟု သိရသည်။

သိပ္ပံပညာရှင်များက အသက်အရွယ် ကြီးရင့်ခြင်းကို တွန်းလှန်နိုင်သော ခရင်မ်နှင့် ကုသမှုများသည် ယခုကဲ့သို့ ရှာဖွေ တွေ့ရှိရခြင်းများကြောင့်ဟု မျှော်လင့်ကြသည်။ Granzyme-B အင်ဇိုင်းမ်သည် ကော်လာ ဂျင်များ သူ့ဘာသာသူ တည်ရှိနေခြင်းကို ထိခိုက်အောင် နှောင့်ယှက်မှသာ အလုပ် လုပ်နိုင်၍ ဆဲလ်များ အချင်းချင်း ပြိုကွဲသွားအောင် ပြုလုပ်ခြင်းဖြင့်သာ အလုပ် လုပ်နိုင်ကြောင်း တွေ့ရှိရသည်။ ဆဲလ်ဖွဲ့စည်း ထားသည့် တည်ဆောက်ပုံ အားနည်းသွားသော အခါ အရေပြား မျက်နှာပြင်တွင် တွန့်ခြင်းလိပ်ခြင်း တို့ကို တွေ့မြင်ရခြင်း ဖြစ်သည်။ နေရောင်နှင့် ထိတွေ့ခြင်းသည် Granzyme-B ပမာဏကို တိုးပွား လာစေပြီး အရေပြားကို ဘေးမကင်းမှုလည်း တိုး၍ လာစေသည်။

ပါမောက္ခ ဂရန်ဗီးလ်က အသက်အရွယ် အိုမင်းခြင်းကြောင့် အရေပြား ပျက်စီးမှုကို ကာကွယ်သည့် အလှကုန် ပစ္စည်းများတွင် ကော်လာဂျင် ပါဝင်ပြီး အရေပြားတွင် လိမ်းပေးရန် ပမာဏ နည်းသော်လည်း အသုံးပြု နေကြသည်ဟု ပြောသည်။ ကော်လာဂျင်များကို ပျက်စီးစေသော အင်ဇိုင်းမ်ကို တားဆီးနိုင်မှသာ တကယ် လက်တွေ့ကျသော အဖြေကို ပေးနိုင်မည် ဖြစ်သည်။

ပါမောက္ခ ဂရန်ဗီးလ်၏ viDa Therapeutics ကုမ္ပဏီသည် နေရောင်ဒဏ်ကြောင့် ဖြစ်ရသော အနာများနှင့် နေပူလောင်ခြင်းများ ပျောက်ကင်းသော အရေပြားလိမ်းဆေး (Lotion) တစ်မျိုးကို တီထွင် ထုတ်လုပ်လျက် ရှိသည်။ စမ်းသပ်မှုကို ကြွက်များနှင့် ပြုလုပ်ရာတွင် Granzyme-B လုံးဝ မရှိအောင် ကျွေးထားသော ကြွက်များနှင့် စမ်းသပ် ရသော်လည်း လူများတွင် ယင်း အင်ဇိုင်းသည် ခန္ဓာကိုယ် ခုခံအား စနစ်၏ အစိတ်အပိုင်း ဖြစ်နေသည့် အလျောက် ယင်းအင်ဇိုင်းမ်ကို ဖယ်ထုတ်ပစ်ရန်မှာ ပိုမို ရှုပ်ထွေးသည့် ကိစ္စများ ဖြစ်သည်။ အဆိုပါ Granzyme-B ခေါ် အင်ဇိုင်းမ်ကို ဖယ်ရှားပစ်ပါက ရည်ရွယ်မထားသော အခြား အကျိုး ဆက်များ ဖြစ်ပေါ် လာနိုင်ကြောင်း သိရှိရသည်။

သို့ဖြစ်၍ သိပ္ပံပညာရှင်များသည် ယင်း အရေးကြီးသော အချက်ကို သတိထား၍ အသက်အရွယ် ကြီးရင့်လာ မှုကြောင့် ဖြစ်ရသော အရေပြား တွန့်ခြင်း၊ လိပ်ခြင်း စသည်တို့ကို မဖြစ်ရအောင် ကြိုးပမ်းလျက် ရှိသော်လည်း မိမိတို့၏ အလှအပ အတွက် ခန္ဓာကိုယ်မှ မလိုလားအပ်ဘဲ အင်ဇိုင်းမ်များ ဖယ်ရှားပစ်ပါက မိမိတို့ အတွက် ဖြစ်ပေါ်လာမည့် အကျိုးဆက် တို့ကို တွေးခေါ်၍ ဆောင်ရွက် သင့်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပါသည်။ ။

Credit : မြ၀တီ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top