iMyanmarHouse.com - Best Property Website for Myanmar
×









ကျွန်ုပ်နှင့် အလုပ်သည် အလွန် ရင်းနှီးသောသူများ ဖြစ်လေ၏။ ယခင်က အလုပ်နောက်သို့ ကျွန်ုပ်ပြေးလိုက်ခဲ့ရ၏။ ယခုအခါ အလုပ်က ကျွန်ုပ်ထံသို ပြန်လိုက်နေပြန်၏။ အလုပ်ဟူသည် တစ်ခါတစ်ရံ စစ်သူရဲကောင်းကဲ့သို့ ဒေါသကြီး၏။ တစ်ခါတရံ မိန်မပျိုလေးကဲ့သို့ စိတ်ကောက်တတ်၏။ တစ်ခါတရံ ဆရာတော် ကြီးကဲ့သို့ လည်းဖြစ်နေတတ်၏။ ထိုသို့သော သဘောများရှိကြောင်း အလုပ်နှင့် ပေါင်းကြည့်မှ သိရလေ၏။ အလုပ်သည် သူကို ချစ်သောသူထံတွင်သာ နေပြီး သူ့ကို မချစ် မနှစ်သက် သောသူထံတွင် နေလေ့ မရှိကြောင်း ကျွန်ုပ် အတွေ့အကြုံအရ သိလာရပေသည်။

အလုပ်သည် ကျွန်ုပ်အား လက်ရုံးရည် နှလုံးရည် စာမေးပွဲများကို စစ်ဆေးခဲ့သော သူလည်းဖြစ်၏။ လောကရဲ့အစ တွင် အလုပ်သည့် ကျွန်ုပ်အား စိတ်ကြိုက် ရွေးချယ်ခွင့် လုံးဝ မပေးခဲ့ပေ သူက ပေးသည့်အရာကိုသာ တစ်စိုက် မှတ်မှတ် လုပ်ခဲ့ရ၏။ သူ့ကို နိုင်အောင် သူထက်ပို ကြိုးစားပြခဲ့ဖူးရာ ယနေ့ အချိန်တွင် သူက ပြန်အရွေးချယ်ခွင့် ပြုပြန်၏။ လူက အလုပ်ကို မနိုင် အလုပ်ကသာ လူကို နိုင်သည်ဟု ပြောကြသူများ ရှိသကဲ့သို့ ပြောင်းပြန် ပြောကြသူများလည်း ရှိပေသည်။

အချို့က အလုပ်ကို ကြောက်သည်ဖြစ်ရာ အလုပ်သံကြားလျင် ဖျားတတ်သည် ဖြစ်ပြီး အလုပ်အပေါ်တွင် ခင်မင်လိုစိတ် မရှိပေ ထိုအခါ အလုပ်သည် ထိုသူထံမှ ထွက်သွားတတ်လေသည်။ အချို့က ကံကို ပုံချသည်။ ကျွန်ုပ်လည်း ကံနှင့် ပါတ်သက်သည့် အယူဝါဒ အားယုံ ကြည်သူဖြစ်သည်။ သို့သော်လည်း အလုပ်တစ်ခု အောင်မြင်ရန် ကံ၊ ဥာဏ်၊ ဝိရိယတို့ အချိုးချလျင် တစ်ခု ၃၃.၃၃% ဖြစ်ရာ ကံအား သုည ထားလျင် ဥာဏ် နှင့် ဝိရိယ ပေါင်း ၆၀% ကျော် ဖြစ်သဖြင့် ထက်ဝက် အောင်မြင်သည်သာ ဖြစ်တန်ရာ၏။ ကံသည်လည်း ထာဝရ သုည မဖြစ်နိုင်ရာကား ပျင်းမနေဘဲ ဥာဏ် နှင့် ဝိရိယကို စိုက်ထုတ်လျက် အလုပ်နောက်သို့ အပြေး လိုက်ခဲ့ဖူးလေသည်။

ကံ တစ်ချက်ကောင်းကို စောင့်နေသူများလည်း ရှိကောင်း ရှိနေနိုင်ပြီး ကံ တစ်ချက်မလျင် မိုးပေါ်သို့ ချက်ချင်း ရောက်နိုင်သော်လည်း ကျွန်ုပ်၏ ဘဝတွင် ကံအကြောင်း မလှခဲ့သည်က များလေရာ ဥာဏ်ကို အားကိုးရလေ၏။ သို့သော်လည်း ဥာဏ်သည် လမ်းကို ညွှန်ပြသည်သာဖြစ်ကြောင်း နာလည်လာသည့် အချိန်တွင် အဓိကဖြစ်သော ဝိရိယ အားစိုက်ပြီး တစ်ကြိမ် မဖြစ်သော်လည်း ဇွဲဖြင့် အကြိမ်ကြိမ် ကြိုးစားခဲ့ရသော နေ့စွဲများသည် ကျွန်ုပ်ဘဝ၏။ မှတ်တမ်းများ ဖြစ်ခဲ့ဖူးသည်ဖြစ်ရာ ယနေ့ အချိန်အထိပင် ဖြစ်လေသည် ။
တစ်ချိန်က တစ်ကြိမ် မဖြစ်လျင် ထပ်မကြိုးစား တော့ဘဲ မလုပ်ခင်ကပင် မဖြစ်နိုင်ပါဟု အားလျော့ခြင်းမျိုးများ ပြုလုပ်ခဲ့ဖူးသည့် အချိန်များတွင် ကျွန်ုပ်သည် မပင်ပန်း သော်လည်း ဘဝသည် မြေတွင် ကပ်နေခဲ့ဖူးသည်ဖြစ်ရာ ကျွန်ုပ်အတွက် ဆရာ ကောင်းဖြစ်သော စာအုပ် စာပေတို့၏ အဆုံးအမများတွင် ပြန်လည် နိုးထလျက် မလုပ်ကြည့်ဘဲ မဖြစ်နိုင်ဟု ပြောမနေတော့ဘဲ ဇွဲံ၊ လုံးလံ၊ ဝိရိယ တို့ စိုက်ထုတ်လျက် တစ်ကြိမ် မဖြစ်သော်လည်း အကြိမ်ကြိမ် ပြန်လည် ရုံးထခဲ့သည်သာ ဖြစ်သည်။

ယခုအချိန်တွင်လည်း အလုပ်နှင့် ကျွန်ုပ် နပန်းလုံးနေရဆဲ ဖြစ်ပြီး ပညာများ ပေးနေဆဲပင် ဖြစ်သည် အလုပ်နှင့်ကျွန်ုပ်တွင် ကျွန်ုပ်သေ မှ လမ်းခွဲရမည်ထင်သည် ကျွန်ုပ် အလုပ် လုပ်ရသည်ကို ယခု ပျော်တတ်နေပြီ ဖြစ်သည်။ အလုပ်ကလည်း ကျွန်ုပ်ကို ပညာစမ်းဆဲ သင်းကြားဆဲဖြင့် ခရီးဆက်နေအုံးမည်သာ ဖြစ်တော့သည်။ ။

Credit : Yo Yar Lay

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top