iMyanmarHouse.com - Best Property Website for Myanmar
×









တစ်ဦးနဲ့ တစ်ဦး သေတပန် သက်တဆုံးချစ်ကြင်စွာ ဖေးမကူညီကာ နေထိုင်ဖို့ ရွေးချယ်ခဲ့ပြီး လက်ထပ်မင်္ဂလာကျင်းပခဲ့ကြတဲ့ အသစ်စက်စက် ဇနီးမောင်နှံတွေအတွက် ဟန်းနီးမွန်းကာလမှာ ကြည်နူးဆွတ်ပျံ့ဖွယ်အမှတ်တရတွေနဲ့ ပြည့်လျှမ်းနေဖို့ဟာ အရမ်းကို အရေးကြီးပါတယ်။ ဒီတော့ တစ်သက်တာအတွက် တသသဖြစ် ကာ နှစ်ပေါင်းများစွာ ပြန်လည်စမြုံ့ပြန်ကြည်နူးကြရစေဖို့ အမှတ်တရလှလှလေးတွေနဲ့ ဟန်းနီးမွန်းတစ်ခုဖြစ်စေဖို့အတွက် သတို့သမီးအသစ်စက်စက်လေး အနေနဲ့ ဆောင်ရန်ရှောင်ရန်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အလှကုန်ပစ္စည်းတွေ နေရာချထားခြင်း။
အမျိုးသားတွေဟာ အမျိုးသမီးတွေအတွက် အလှကုန်တွေက ဘယ်လောက်ထိ အရေးပါနေတယ်ဆိုတာ တိတိကျကျ မသိကြပါဘူး။ ဒီတော့ ဟိုတယ်ရောက်ရောက်ချင်း ရှင့်ရဲ့ မိတ်ကပ်မျိုးစုံတွေကို အိတ်ထဲကထုတ်ပြီး စီတန်းလိုက်တဲ့အခါ သူ့အနေနဲ့ အရမ်းကို တအံ့တသြဖြစ်သွားနိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ သင့်ရဲ့ အလှကုန်ပစ္စည်းမျိုးစုံတွေနဲ့ အခန်းတစ်ခုလုံးပြည့်ကျပ်နေရာယူသွားလို့ ခင်ပွန်းရဲ့ မုတ်ဆိတ်ရိတ်ပစ္စည်းတွေနဲ့ ရေမွှေးဘူးလေးတွေကို ချောင်ထဲသွားမထားမိဖို့ အရေးကြီးပါတယ်။ ဒါဆိုရင်တော့ သူက စိတ်ရှုပ်တဲ့အပြင် စိတ်လည်းခုသွားနိုင်ပါတယ်။ သူ့အနေနဲ့ ဖွင့်မပြောရင်တောင်မှ ရင်ထဲ မသက်မသာဖြစ်နေနိုင်ပါတယ်။

(၂) အပြင်သွားရန် ပြင်ဆင်ခြင်း
ခင်ပွန်းသည်က စိတ်ရှည်ရှည်ထားဖို့ အရမ်းကို ကြိုးစားမှာဖြစ်ပေမဲ့ တကယ်တမ်းကျတော့ မရနိုင် ပါဘူး။ အပြင်သွားခါနီးအရမ်းကို ကြာနေတဲ့အခါ အမျိုးသမီးတွေဟာ ပြင်တာဆင်တာ ဘာလို့ ဒီလောက်ကြာတာလဲ သူတို့နားမလည်ကြပါဘူး။ သူတို့တွေ စောင့်ရင်း၊စောင့်ရင်း စိတ်မရှည် ဖြစ်လာပါလိမ့်မယ်။ ဒီတော့ သူတို့ရဲ့ အချက်ပြမှုတွေကို သတိထားတတ်ဖို့ လိုပါတယ်။ နာရီ တကြည့်ကြည့်နဲ့ သက်ပြင်းအခါခါချနေတာမျိုး၊ ဖိနပ်ကို ပြန်ချွတ်ပြနေတာမျိုး၊ TV အစီအစဉ်ကို သီချင်းချန်နယ်ကနေ အားကစားချန်နယ်ကိုပြောင်းလိုက်တာမျိုး၊ TV အသံကို ကျယ်ကျယ်မြှင့် လိုက်တာမျိုးဟာ စိတ်မရှည်တော့ကြောင်း လက္ခဏာတွေပါပဲ။ ဒီလိုမျိုးအချက်ပြမှုတွေ ရှိလာရင်တော့ ၀ိုင်လေးတစ်ခွက်ဖြစ်ဖြစ် ငှဲပေးလိုက်ပြီး ဒါလေးသောက်ရင်း ၀ရံတာမှာ ထိုင်စောင့်ပေးနော်လို့ ချိုချိုသာသာပြောလိုက်ပါ။ ဒါမှမဟုတ် ဟိုတယ်အပြင်ဘက်မှာ ဘားကောင်းကောင်းလေးရှိတဲ့ ဟိုတယ်မှာပဲ တည်းခိုဖို့ အစတည်းက သေချာစီစဉ်ထားပါ။ ဒါမှသာ သူ့ကို စောင့်ခိုင်းဖို့ အဆင်ပြေမှာပေါ့။

(၃) သူ့ကို အ၀တ်အစားပြင်ဆင်ပေးဖို့ မရှက်ပါနဲ့
ရှင် အပြင်ထွက်ဖို့ ပြင်ဆင်နေတဲ့အခါမှာ စိတ်မရှည်စွာစောင့်နေတတ်တဲ့ ခင်ပွန်းသည်က တကယ်တမ်း အပြင်ထွက်ခါနီးမှာကျတော့ ၀တ်တာစားတာဘာမှ အဆင်မပြေတာကို ရှင်တွေ့ရပါလိမ့်မယ်။ ပျော်စရာကာလလေးကို သူ့ကို အပြစ်တင်စကားတွေပြောရင်းနဲ့ မကုန်ဆုံး စေဖို့ မိမိကိုယ်ကို သတိပေးပြီး စိတ်ရှည်လက်ရှည်နဲ့ သူ့အတွက်အ၀တ်အစားရွေးပေးလိုက်ပါ။ အမျိုးသားတွေက အ၀တ်အစားထက် သောက်စားပျော်ရွှင်ဖို့ကိုပဲ ပိုပြီးစိတ်ဝင်စားတတ်တဲ့အတွက် သူကြိုက်လောက်တဲ့ အ၀တ်အစားမျိုးကို ရွေးချယ်စီစဉ်ပေးပြီး သူ့ကို အဲဒီအ၀တ်အစားနဲ့ အရမ်းလိုက်ဖက်ကြောင်း ပြောပေးလိုက်ပါ။

(၄) ညနေခင်းဝတ်စုံရွေးပေးဖို့ သူ့ကို လုံးဝ (လုံးဝ) မတောင်းဆိုမိပါစေနဲ့
ရှင့်အတွက်အ၀တ်အစားရွေးဖို့တောင်းဆိုမိရင်တော့ ရှင့်ဘက်ကပဲ စိတ်ညစ်ရပါလိမ့်မယ်။ ဘာလို့ လဲဆိုတော့ သူက ရှင်မကြိုက်တဲ့အ၀တ်အစားမျိုးကိုပဲ ရွေးပေးပါလိမ့်မယ်။ ဒါဟာ သူတမင် လုပ်တာမဟုတ်ပါဘူး။ အမျိုးသားအများစုက အ၀တ်အစားမရွေးတတ်တာ ရှင်သိတာပဲ မဟုတ် လား။ ဒီတော့ ရှင်မကြိုက်တဲ့အ၀တ်အစားကိုပဲ စိတ်မချမ်းသာစွာ ၀တ်မလား၊ သူ့အတွက်ရော ကိုယ့်အတွက်ပါ အ၀တ်အစားကိုတစ်ခါတည်းစီစဉ်ပေးပြီး ကိုယ့်သဘောကျဝတ်မလား။ အိမ် ထောင်သက်တစ်လျောက်လုံးလည်း အ၀တ်အစားရွေးရာမှာ သူ့သဘောထားအမြင်ကို တောင်းဆိုတာမျိုးထက် ကိုယ်က အကုန်ရွေးချယ်ပေးရတာမျိုးပဲ လုပ်ဖြစ်ဖို့များတာမို့ အခုတည်းက လေ့ကျင့်ထားလိုက်ပါ။

(၅) ဒါဝတ်တာ ၀ နေတဲ့ပုံပေါက်လားလို့ လုံးဝ မမေးမိပါစေနဲ့
ရှင်က အဲလိုမေးခဲ့ရင် ရှင့်ခင်ပွန်းက “အင်း” လို့ဖြေလိုက်နိုင်တယ်လေ။ သူကတော့ ဘာရယ်မဟုတ် ဖြေလိုက်တာလည်းဖြစ်နိုင်ပေမယ့် ကိုယ့်အနေနဲ့က အရမ်းကို စိတ်ပျက် လက်ပျက်ဖြစ်သွားနိုင်တယ်မဟုတ်ပါလား။ ဒီတော့ မမေးမိပါစေနဲ့။

(၆) ရေချိုးခန်းထဲမှာ ဆူညံသံတွေရှိလာရင် အကျင့်ဖြစ်အောင်ပြင်ဆင်ပါ။
အမျိုးသားတွေဟာ ရေချိုးတဲ့အခါ ဆူဆူညံညံလည်း သီချင်းအော်ဆိုတတ်ပြီး သွားတိုက်တဲ့အခါနဲ့ အိမ်သာသုံးတဲ့အခါ အသံဗလံတွေ လုပ်တတ်ကြပါတယ်။ ဒါကို ရှက်ပြီးအနေခက်မနေပဲ iPod ကို သီချင်းကျယ်ကျယ်ဖွင့်ပြီးဖြစ်ဖြစ် နားထောင်ပစ်လိုက်ပါ။ နောက်ဆို ကျင့်သားရသွားပါလိမ့်မယ်။

(၇) “ဒါလေးတောင် မသိဘူးလား” လို့တွေးပြီး စိတ်တိုခြင်းကို ရှောင်ပါ
ရှင့်ခင်ပွန်းကို တစ်ခုခုသိစေချင်ရင်ဖြစ်ဖြစ် လုပ်ပေးစေချင်ရင်ဖြစ်ဖြစ် ထုတ်ဖော်ပြီး ပြောရပါမယ်။ ရှင့်ရဲ့ ၀ိုင်ခွက်က ၀ိုင်ကုန်သွားရင် တစ်ခွက်ထပ်ငှဲ့ပေးဖို့ သူ့ကိုပြောရပါမယ်။ ရှင်ချမ်းနေတဲ့အခါ သူ့ဂျာကင်ကို ရှင့်ကိုခြုံပေးဖို့တောင်းဆိုပါ။ ဒါကိုမသိရကောင်းလားလို့ အပြစ်တင်စိတ်နဲ့ စူပုပ်နေမယ့်အစား လိုအပ်တာကို ချိုသာစွာတောင်းဆိုပြီး ပျော်ပျော်ရွှင်ရွှင် အချိန်ကုန်ဆုံးပါ။ ရှင့်ခင်ပွန်းက အကြားအမြင်ဆရာမဟုတ်တဲ့အတွက် ဘာမှမပြောပဲ သိမှာမဟုတ်တဲ့အပြင် အကဲခတ်ဖို့လည်း စိတ်မ၀င်စားတတ်တဲ့အတွက် နောက်လည်း သိလာဖို့ မမျှော်လင့်နိုင် ပါဘူး။ ဒီတော့ ပြောချင်တာရှိရင် ထုတ်ဖော်ပြောလိုက်ပါ။

(၈) တဘက်သတ်ထင်မြင်ချက်နဲ့ စေတနာထားလုပ်ပေးခြင်းကို ရှောင်ပါ
ငွေအများကြီးကုန်ခံပြီး ဟန်းနီးမွန်းထွက်ပြီးမှ အပြည့်အ၀ မပျော်ရွှင်ခဲ့ခြင်းရဲ့ အဓိကအကြောင်းရင်း က တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်လို့လည်းဖြစ်တတ်ပါတယ်။ “မောင် ကြိုက်မယ်ထင်လို့ လုပ်ခဲ့တာ” “ မောင်လည်း အဲလိုလုပ်ခဲ့တယ်ထင်လို့ ကျမလည်း လိုက်လုပ်ခဲ့တာ” စတဲ့ အပြောမျိုး တွေကို ရှင်လည်း ကြားဖူးခဲ့မှာပါ။ အတူတူ ညနေစာစားဖို့ သွားတဲ့အခါ သူကြိုက် တာကိုပဲ ကိုယ်က စမ်းသပ်စားကြည့်ဖို့ ဆုံးဖြတ်ထားရင်တော့ သူ့အကြိုက်ကိုပဲ လိုက်စားကြည့်ပေါ့။ ဒါဟာ မလိုအပ်မှန်း တကယ်လည်း သိနေခဲ့တယ်ဆိုရင်တော့ သူကြိုက်တာသူမှာပြီး ကိုယ်ကြိုက်တာ ကိုယ်မှာစားပါ။ ဒါမှသာ စိတ်စနိုးစနောင့်ဖြစ်စရာမရှိတဲ့ အခြေအနေမှာ ပျော်ရွှင်နိုင်ကြမှာပါ။

ဟန်းနီးမွန်းခရီးဆိုတာ ရာသက်ပန်ဇနီးမောင်နှံအဖြစ် သက်သေတည်ဖို့အတွက် အမှတ်တရကောင်း များစွာကိုဖန်တီးဖို့ ငွေကုန်ခံ အချိန်ကုန်ခံ စီစဉ်ကြရတဲ့ခရီးပါ။ ဒီတော့ ကြင်နာဖေးမစွာ၊ ချိုသာပွင့်လင်းစွာနဲ့ အကောင်းဆုံး ညှိနှိုင်းပြီး အချိန်ကုန်ဆုံးခဲ့မှသာ တသသအမှတ်ရစရာ ဖြစ်နေကြမှာပါ။ ကိုယ့်ခင်ပွန်းရဲ့ အးနည်းချက်၊ အားသာချက်တွေကို ချိန်ထိုးညှိယူရင်း ချစ်မေတ္တာတွေတိုးသထက်တိုးအောင် နားလည်မှုအပြည့်နဲ့ ပျော်ရွှင်ဖွယ်ခရီးစဉ်လေးကို ဖန်တီးနိုင်ကြစေဖို့ ဆန္ဒပြုလိုက်ရပါတယ်။

Credit : yangonlife

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top