iMyanmarHouse.com - Best Property Website for Myanmar
×










တစ်နေ့တစ်နေ့ အလုပ်ပေါင်းများစွာကြားမှာ နှစ်မြှပ်ပြီး ရှုပ်ရှက်ခတ်နေရပေမဲ့ ဘာလို့ကိုယ့်ရဲ့အထက်အရာရှိက ကိုယ့်ကိုသဘောမကျဖြစ်နေရတာလဲ ?

အလုပ်ခွင်မှာရော ကိုယ့်ရဲ့အထက်အရာရှိက ကိုယ့်ကိုဘယ်လို အမြင်တွေရှိနေသလဲ ။
ဘယ်လိုအချက်လေးတွေကို ရှောင်ကြဉ်လိုက်တဲ့အခါ လုပ်ငန်းခွင်ထဲက ရာထူးတိုး၊ လခတိုးတဲ့ ကိစ္စအတွက် ခေါင်းမခဲရတော့ဘူးလဲ ?

(1) လုပ်ရည်ကိုင်ရည်ရှိပြီး အများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိသောသူ

ဒီလိုလူမျိုးဟာ လုပ်ရည်ကိုင်ရည်ပိုင်းမှာ သူများတွေထက် ဆယ်ဆသာလွန်ကောင်း သာလွန်နေပါလိမ့်မယ်။
ဒါပေမဲ့ သူဟာအမြဲလိုလို ကိုယ်ကိုယ်တိုင်လုပ်မှ စိတ်တိုင်းကျတတ်ပြီး သူများဘာလုပ်လုပ် သူလုပ်တာလောက် အဆင်မပြေဘူးလို့ ထင်မြင်တတ်ပါတယ်။
သူ့ရဲ့အထက်အရာရှိက ခိုင်းလိုက်တဲ့အလုပ်ကို တာဝန်ကျေပွန်အောင် လုပ်ကိုင်နိုင်ပေမဲ့ သူဟာကိုယ့်ရဲ့အတွေ့အကြုံကို တခြားလုပ်ဖေါ်ကိုင်ဖက်နှင့် လက်အောက်ငယ်သားအပေါ် ဝေမျှပေးချင်စိတ်မရှိပါဘူး။
ကိုယ်ကလွဲပြီး ကိုယ့်လောက်မတော်ဘူးလို့ ထင်မြင်တဲ့အတွက် တခြားသူရဲ့အမြင် ၊ခံစားချက်ကို သူသိပ်ဂရုမစိုက်တတ်ပါဘူး။ အများနဲ့လုပ်ရှားလုပ်ကိုင်သွားလာရမဲ့ အလုပ်ပဲဖြစ်ဖြစ် ၊ ပွဲလမ်းသဘင်ပဲဖြစ်ဖြစ် အတူတကွပါဝင်ဆောင်ရွက်လေ့မရှိတတ်ပါဘူး။
သူတို့ရဲ့စိတ်ထဲမှာ သူတို့ Level မျိုးဟာ သူတစ်ပါးနဲ့ မတူညီတဲ့အတွက် ပူးတွဲလုပ်ဆောင်စရာမလိုဘူးလို့ ထင်တတ်ကြပါတယ်။

အထက်အရာရှိရဲ့ အမြင်မှာတော့ … လုပ်ရည်ကိုင်ရည်ရှိတယ်၊ လုပ်ငန်းပြီးမြောက်အောင် ဆောင်ရွက်နိုင်တာ မှန်ပါတယ်။ ဒါပေမဲ့ သူတစ်ဦးသိ သူတစ်ဦးပဲတတ်အောင်လုပ်ပြီး တခြားသူတွေကို စံပြနမူနာဖြစ်အောင်နှင့် ရှေ့ဆောင်လမ်းပြ မသင်ပြပေးနိုင်တဲ့အတွက် ဒါဟာလူကြီးမဖြစ်ထိုက်သေးဘူးလို့ ယူဆတတ်ကြပါတယ်။
လုပ်ငန်းခွင်မှာ အောင်မြင်တဲ့လူတစ်ယောက်ဟာ ကိုယ်ပိုင်အရည်ချင်းလည်း ရှိရသလို ၊ မှန်ကန်ပြည့်ဝတဲ့ သဘောထားကြီးမှုတွေလည်း ရှိရပါတယ်။ အလုပ်တစ်ခုရဲ့ အတွေ့အကြုံကို အခြားသူတစ်ယောက်ကိုလည်း ဝေမျှပေးပြီး ဦးဆောင်နိုငတဲ့ အရည်ချင်းရှိတဲ့သူဟာ တစ်ဦးတည်းသိ တစ်ဦးတည်းတတ် တစ်ဦးတည်း ဖြေရှင်းရပြီး တစ်ဦးတည်းအောင်မြင်မှုကို ခံယူလိုက်တာထက် အများနဲ့ပြဿနာတစ်ခု၊ အလုပ်တစ်ခုကို တက်ညီလက်ညီ ပူးတွဲဖြေရှင်းနိုင်ရမယ်လို့ လူကြီးတိုင်းကတော့ ယူဆတတ်ပါတယ်။

(2) တော်ပါပြီ ဒီလောက်ပဲ ဆိုတဲ့ စိတ်ဓါတ်ရှိတဲ့သူ

အလုပ်တွေဘယ်လောက်များများ ဘယ်လောက်အရေးကြီးကြီး အချိန်မှန်ရုံးတက် အချိန်မှန်ရုံးဆင်းပြီး တစ်ရက်တစ်ရက် ရုံးသာမှန်မှန်လာတက်၊ ကိုယ့်ရဲ့အထက်အရာရှိက ခိုင်းတာလေးလုပ်ရုံ ၊ လုပ်ပြီးရင်ပြီးပြီ၊ တာဝန်ကျေရင်ပြီးပြီ၊ ကျန်တာဘာရှိဦးမလဲဆိုတာ ရှာဖွေလုပ်ကိုင်ခြင်းမရှိပဲ တာဝန်ကျေရုံစိတ်ဓါတ်ရှိတဲ့ သူမျိုးလည်းရှိကြပါတယ်။
အလုပ်တစ်ခုခိုင်းလိုက်ရင်လည်း ဒါလုပ်ခိုင်းရင် လုပ်လိုက်မယ် အောင်မြင်ချင်လည်း အောင်မြင်လာမယ် မအောင်မြင်လည်း ကိုယ့်အလုပ်မဟုတ်ဘူးဆိုတဲ့ သူမျိုးတွေလည်း ရှိကြပါတယ်။

ဒီအလုပ်တစ်ခု ခိုင်းလိုက်တာ အဆင်ပြေအောင် မလုပ်နိုင်ခဲ့ရင် ကိုယ့်ရဲ့အထက်အရာရှိက ဘယ်လိုမြင်မလဲ ၊ အဆင်မပြေတာကို ဘယ်လိုဖြေရှင်းခဲ့မလဲ။ မဖြေရှင်းနိုင်ခဲ့ရင်တောင် ကိုယ်တတ်သလောက်မှတ်သလောက် ရအောင်ကြိုးစားပြီး အချှိန်မီ အကြောင်းကြားနိုင်ခဲ့ရင်တောင် ကိုယ့်ရဲ့အထက်လူကြီးက အမြင်တစ်မျိုးပြောင်းချင်ပြောင်းသွားပါဦးမယ်။
ဒါပေမဲ့ အလုပ်ခိုင်းလိုက်တယ် ၊ ခိုင်းတဲ့နေရာကိုလည်း ရောက်အောင်သွားမယ် ၊ အဆင်မပြေဘူး တန်းလှည့်ပြန်လာခဲ့ရင်တော့ တစ်နေ့မဟုတ်တစ်နေ့တော့ အဆူခံရပြီး အခန့်မသင့်ရင်တောင် အလုပ်ပြုတ်မဲ့အနေထားပါပဲ။

သူတစ်ပါးရဲ့ ၀န်ထမ်းအဖြစ် လုပ်ငန်းခွင်ထဲဝင်ရောက်လာကြပြီဆိုတာနဲ့ လခယူထားတဲ့အတွက် ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက်လုပ်ရပါမယ်လို့ ခံယူထားရပါတယ်။ လူကြီးက ရေခပ်ခိုင်းလိုက်တယ် ၊ ရေပါလာရင်ပြီးရော ဆိုတာထက် ရေခွက်သန့်သန့်တစ်လုံးရှာပြီး ရေသန့်တစ်ခွက်ကို ရအောင်ဖန်တီးရယူပြီး လူကြီးလက်ကို အပ်တာနဲ့က ကွာခြားပါတယ်။

လူကြီးရဲ့အမြင်မှာလည်း ရောက်ရှိလာတဲ့ရေခွက်အပေါ်မှာ ကိုယ့်ပေါ်မြင်တဲ့အမြင် ၊ သဘောထားဟာလည်း ပြောင်းလဲသွားတတ်ပါတယ်။
အလုပ်ပေါ်မှာထားတဲ့ သဘောထားပြောင်းလဲလိုက်တာနဲ့ ကိုယ့်ပေါ်ထားတဲ့သေဘာထားတွေလည်း ပြောင်းလဲသွားတတ်ပါတယ်။

(3) Negative Thinking တွေ သိပ်များတဲ့သူ

အလုပ်ပေါ်မှာ ဖိအားရလာတာပဲဖြစ်ဖြစ် ပြင်ပစိတ်ရှုပ်မှုတွေက အရိပ်လာဟပ်တာပဲဖြစ်ဖြစ် အလုပ်ထဲမှာ ဒေါသထွက်ပေါက်ကွဲနေတတ်တာ။ အမြဲလိုလို မကျေမနပ် မျက်နှာထားနဲ့ စူပုပ်ပုပ်နေတတ်ပြီး လူကြီး တစ်ခုခုခိုင်းလိုက်ပြီဆိုတာနဲ့ ဘာလို့ ငါ့ချည်းခိုင်းရတာလဲ ၊ သူ့ကျတော့ ဘာလို့မခိုင်းတာလဲ၊ ငါကတောက်တိုမယ်ရ (TTMY) မှမဟုတ်တာဆိုပြီး ဘာလေးပဲခိုင်းခိုင်း ဒီလိုအမြင်နဲ့အရင်ဆုံးမြင်တတ်တဲ့ သူမျိုးရှိပါတယ်။

ဒီလောက်အများကြီး ကိုယ့်ကိုပုံအောပြီး လာခိုင်းတာဟာ ကိုယ့်ရဲ့အရည်ချင်းကို ယုံကြည်အားကိုးလို့ ခိုင်းတယ်လို့ထင်မြင်တာထက် ဒီလောက်လခလေးပေးပြီး ဒီလောက်အများကြီးခိုင်းတာ တရားသလား ဆိုပြီး စူပုပ်စောင့်အောင့်ပြီး လုပ်ကိုင်နေသ၍ကတော့ ခိုင်းရတဲ့ အထက်လူကြီးလည်း စိတ်မချမ်းသာရသလို သူ့ဘေးနားရှိတဲ့ လုပ်ဖေါ်ကိုင်ဖက်တွေရဲ့ စိတ်တွေအားလည်း ညစ်ညူးရတတ်ပါတယ်။

ကိုယ့်ရဲ့တစ်နေ့တာမှာ အလုပ်တစ်ခုပဲ ခေါင်းစဉ်ရှိတာမဟုတ်ပါဘူး ။ အလုပ်ထဲမှာ စိတ်ရှုပ်လာရင် ပြင်ပလူမှုပတ်ဝန်းကျင်မှာ သူငယ်ချင်းတွေနဲ့ Relax လုပ်ပြီး ဖြေဖျောက်လို့ရပါတယ်။ ဒီလိုပါပဲ အိမ်တွင်းရေး စိတ်ညစ်လာခဲ့ရင်လည်း လုပ်ငန်းခွင်ထဲကသူငယ်ချင်းတွေနဲ့ တိုင်ပင်နှီးနှောပြီး ဖြေရှင်းလို့ရပါတယ်။ ကိုယ့်ရဲ့တစ်နေ့တာတွက် စိတ်အဆာပြေ Plan ဆိုတာ တစ်ခါတစ်လေကျရင် မိမိဖာသာ ထိန်းညှိရတာပါ။
ကိုယ့်ရဲ့အပြင်ပ အပူမီးတွေကို ရုံးသယ်လာပြီး တခြားလူတွေကို မဲနေတာထက် အကြံဥာဏ်တောင်းပြီး အကောင်းဘက်က မြင်နိုင်အောင် တွေးနိုင်အောင် ဆွေးနွေးလို့ရပါသေးတယ်။
ကိုယ့်ရဲ့အထက်အရာရှိကလည်း ကိုယ့်ကိုအလုပ်တွေရှုပ်ပြီး စူပုပ်နေတာမြင်ချင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အလုပ်တွေရှုပ်လာရင် တခြားမဆိုင်တဲ့သူတွေပေါ် ပုံချပြီး ပတ်ရမ်းနေတာထက် ကိုယ့်ရဲ့အလုပ်တွေ ၊ ဖိအားတွေကို ကိုယ့်ကိုယ်ကို အကောင်းဆုံး ဖြေရှင်း ထိန်းညှိနိုင်ရင် လူကြီးတွေလည်း သဘောကျကြမှာပါပဲ။

(4) ကိုယ်ကအမြဲတမ်း မှန်ပါတယ် ဆိုတဲ့သူ

ဘာလေးပဲမှားမှား ၊ ဘယ်လောက်ကြီးပဲမှားမှား ကိုယ်နဲ့မဆိုင်ဘူး သူ့ကြောင့်ဆိုပြီး လက်ညှိုးထိုးတတ်တဲ့ဝန်ထမ်းမျိုးရှိတတ်ကြပါတယ်။ တစ်ခုခု Complain လေးပေါ်လာတာနဲ့ ဒါကျွန်တော်/ကျွန်မ လုပ်တာမဟုတ်ဘူး ၊ တာဝန်ယူထားတမဟုတ်ဘူးဆိုပြီး ပုတ်ထုတ်လိုက်ပြီး ဒါကတော့ သူ့ကိုသွားရှာလိုက်လို့ လွှဲချတတ်တာတွေလည်း မကောင်းပါဘူး ။.
ဒီလိုလူမျိုးကို အထက်အရာရှိရော လုပ်ဖေါ်ကိုင်ဖက်တွေကပါ သဘောမကျကြပါဘူး။

ပြဿတစ်ခု ပေါ်ပေါက်လာပြီ ဆိုကြပါစို့။ တာဝန်ခံမရှိရင် ကိုယ်ကအရင်ဦးဆုံး လက်ခံဖြေရှင်းထားရမှာပါပဲ ။ အရင်ဦးဆုံး Customer ရဲ့ Complain ကိုလက်ခံနားမထောင်ပဲ သူလုပ်တာ သူ့သွားပြောဆိုတဲ့ တာဝန်မခံမှုဟာ ကိုယ့်တစ်ဦးတစ်ယောက်တည်းပေါ်ထက် လုပ်ငန်းတစ်ခုလုံးပေါ် Customer က မကျေမလည်ပိုပြီး ဖြစ်သွားစေပါတယ်။

တာဝန်ခံမရှိချိန် ကိုယ်ကအကောင်းဆုံးဖြေရှင်းထားလိုက်တယ်ဆိုရင် လူကြီးကလည်းကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည်အပေါ်မှာ အသိမှတ်ပြုသွားနိုင်ပါတယ်။
အမှားတစ်ခုဖြစ်လာရင်လည်း လူတိုင်းက အမြဲတမ်းမှန်တယ်ဆိုတာ မရှိတဲ့အတွက် ၀န်ခံတောင်းပန်လိုက်ပါ။ ကိုယ်ကလည်းမှားသေး အကြောက်ကန်ငြင်းပြီး သူများပေါ်ပုံချရင် လူကြီးရဲ့စိတ်ထဲမှာ ကိုယ်ဟာဘယ်လိုလူဆိုတာ အထူးတလည် မီးမောင်းထိုးပြစရာမလိုပဲ ထင်းထင်းကြီးပေါ်နေတတ်ပါတယ်။

(5) အလုပ်တစ်ခုလုပ်ပြီးရင် အချိန်မှီမပြီးစီးသည့်အပြင် Report မလုပ်တတ်တဲ့သူ ။

အထက်အရာရှိက အလုပ်တစ်ခုခိုင်းလိုက်ရင် အချိန်မှီမပြီးသည့်အပြင် ဘာကြောင့်မပြီးရသလဲ ၊ ဘယ်လိုအခက်ခဲတွေ ရှိသလဲဆိုတာ တင်ပြခြင်းမ၇ှိပဲ လူကြီးက လိုက်လံမေးမြန်းပြီး ဖြေရှင်းပေးရတာမျိုး တွေရှိတတ်ကြပါတယ်။
တစ်ခါတစ်ရံမှာလည်း နောက်ထပ်အလုပ်သစ်တွေ ရောက်လာမှာစိုးပြီး အလုပ်တွေကိုအချိန်ဆွဲ လုပ်ကိုင်နေတာမျိုးတွေလည်း ရှိပါတယ်။
လူကြီးက ပြီးပြီလားလို့ လာမေးတဲ့အခါမှ ဘာကြောင့် ညာကြောင့်ဆိုပြီး အကြောင်းပြချက်ပေးတတ်သလို မလုပ်တတ်ရင်လည်း အကူညီမတောင်းတဲ့အတွက် အလုပ်တွေပိုပြီး ကြန့်ကြာတတ်ပါတယ်။

တကယ်တမ်း လူကြီးတွေ လိုချင်တာက အလုပ်တစ်ခု မပြီးမြောက်ခင် စပ်ကြားမှာလည်း ဒီလုပ်ငန်းစဉ်နဲ့ ပက်သတ်တဲ့ ဘယ်အဆင့် ဘယ်လိုအခြေအနေကို ရောက်နေပြီလဲဆိုတာကို သိချင်ကြပါတယ်။ ဒါမှလည်း တစ်ခုခု လွဲချော်လာခဲ့ရင်လည်း အချိန်မှီအမှားတွေကို ပြင်ဆင်ခွင့်ရနိုင်မှာပါ။
စကားနားတဲ့ ၀န်ထမ်းကို လူကြီးတိုင်း သဘောကျပါတယ်။ အလုပ်ခိုင်းတိုင်း ပြီးမြောက်အောင်မြင်အောင် မလုပ်နိုင်ဘူးဆိုရင် သင်ရော သင့်လုပ်ငန်းရဲ့ အရည်သွေးတွေပါ ကျဆင်းတယ်ဆိုတာ မမေ့ပါနဲ့ ။

မိမိကိုယ့်ကိုယ် ပြန်လည်လေ့လာသုံးသပ်ကြည့်လိုက်ပါ ။
နောက်ပြီး ကျန်ရှိလုပ်ဖေါ်ကိုင်ဖက်တွေကို သူတို့ကိုဘာကြောင့်လူကြီးတွေ ကြိုက်သလဲ ဘာကြောင့်မကြိုက်ရသလဲ ဆိုတာ ထပ်မံသုံးသပ်ကြည့်လိုက်ပါ။
ကိုယ့်ရဲ့ သဘောထားတွေ ကိုယ့်ရဲ့အမြင်တွေကိုလည်း တစ်ခါတစ်လေကျရင် ပြောင်းလဲပစ်လိုက်ကြပါ။

Credit : မနုဿ

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top