iMyanmarHouse.com - Best Property Website for Myanmar
×

ဂီတနှင့်ရုပ်ရှင် နှစ်ဖက်စလုံးတွင် ပရိသတ်အားပေးမှုရရှိသူ၊ လွန်ခဲ့သည့်ဆယ်နှစ်က ကောင်မလေးတစ်ယောက်အကြောင်း သီချင်းဖြင့် ဂီတလောကသို့ စတင်ဝင်ရောက်ခဲ့သူ ၀ိုင်းစုခိုင်သိန်းက ဂီတသက်တမ်း ဆယ်နှစ်ပြည့်အဖြစ် ပထမဆုံးတစ်ကိုယ်တော်ဖျော်ဖြေပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပြီးနောက် ၎င်းနှင့်မေးမြန်းထားသည့် အနုပညာလှုပ်ရှားမှုများအကြောင်း ဖော်ပြလိုက်ပါသည်။

မေး- အဆိုတော်တစ်ယောက်ရဲ့ဘဝမှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲဆိုတာ မှတ်တိုင်တစ်ခုဆိုတော့ ပွဲနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် အားရကျေနပ်မှု အပြည့်ရခဲ့လား။

ဖြေ- အားရကျေနပ်မှုက ရတော့ရတယ်။ ဒါပေမဲ့ တချို့လိုအပ်ချက်ကလေးတွေလည်းရှိတယ်။ ဝိုင်းစုက ပါဖောမန့်ပိုင်းတွေလည်းလုပ်တယ်။ ပြီးတော့ အစီအစဉ်တင်ဆက်သူတွေကို ကြေညာခိုင်းတာတွေ ဘာတွေ မလုပ်ဘူး။ နောက်ပြီး အတွဲသီချင်းတွေဆိုရင်လည်း အတွဲဆိုတဲ့လူတွေကို နောက်ထပ်တစ်ပုဒ် ဆိုခိုင်းတာတွေမရှိတော့ အလျဉ်မီအောင် လုပ်တာရှိတယ်။ အဲဒါလေးတစ်ခုမှာ နည်းနည်းလေး အခက်အခဲတွေရှိတော့ အဲဒီနေရာတွေမှာ ကိုယ့်ဟာကိုယ် စိတ်တိုင်းမကျဘူး။

မေး- ဧည့်သည်အဆိုတော်တွေပါပေမယ့် တစ်ကိုယ်တော်ဖျော်ဖြေပွဲဆိုတဲ့ အရသာရအောင် တင်ဆက်မှုတွေ ဆက်တိုက်လုပ်ခဲ့ရတာဆိုတော့ အချိန်မီတင်ဆက်နိုင်ဖို့ စင်နောက်မှာ ဘယ်လောက်ကြိုးစားခဲ့ရလဲ။

ဖြေ- အကြိုလေ့ကျင့်ကတည်းက ကျန်တဲ့အကအဖွဲ့တွေက အဝတ်အစားတွေ ဝတ်မကြည့်ဘူး။ ဒါပေမဲ့ ဝိုင်းစုက အဝတ်အစားတွေပါဝတ်ကြည့်ပြီး ရီဟာဇယ်တစ်ခေါက်လုပ်တယ်။ အဲဒီလိုလုပ်တဲ့အချိန်မှာ လိုအပ်ချက်တွေ အကုန်ပြင်လို့ရတယ်။ မိုက်ပေးတာကအစ အဝတ်အစားလဲတာ ဘယ်နှမိနစ်ရတယ်။ ဘယ်လောက်ကြာတယ်ဆိုတာ တွက်ထားပြီးလုပ်ခဲ့တယ်။

မေး- ပွဲအစပိုင်း ဖျော်ဖြေမှုမှာ သီချင်းတွေ စိတ်တိုင်းကျ မဆိုနိုင်သလိုဖြစ်နေတာက တစ်ကိုယ်တော်ပွဲနဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားနေလို့လား။

ဖြေ- စိတ်လှုပ်ရှားတာ ပိုပြီးပါမယ်။ အဓိကက ဝိုင်းစုက ပါဖောမန့်တစ်ခါမှ မလုပ်ဖူးဘူး။ အဲဒီတော့ ပါဖောမန့်လုပ်ရတယ်။ နောက်ပြီး တစ်ပွဲလုံးဆိုတဲ့အရာက စစတက်ချင်းမှာ စိတ်လှုပ်ရှားတာမျိုးရှိတယ်။ အဲဒါကြောင့်ပါ။

မေး- တစ်ကိုယ်တော်ပွဲမှာ လုပ်မယ်လို့ စိတ်ကူးထားတာတွေကို ပထမဆုံးအကြိမ်ဖျော်ဖြေပွဲမှာ အကုန်လုံးအကောင်အထည်ဖော်နိုင်ခဲ့လား။

ဖြေ- လုပ်မယ်လို့စိတ်ကူးထားတာထက် ပွဲမှာပါဝင်တဲ့သူတွေနဲ့ တိုင်ပင်ပြီးလုပ်တာပါ။ ကိုယ်လုပ်ချင်တာတွေလည်း ပြောပြပြီးလုပ်တယ်။

မေး- သီချင်းတစ်ပုဒ်နဲ့တစ်ပုဒ် ဖက်ရှင်တွေလည်း မထပ်အောင် ဝတ်ဖြစ်တာကကော ဝိုင်းစုရဲ့ စိတ်ကူးပဲလား။

ဖြေ- ဖက်ရှင်ဆိုတာက ဝိုင်းစုရဲ့သီချင်းတိုင်းက မတူဘူး။ ဥပမာ မက်လောက်စရာနဲ့ အပြစ်မမြင်ဆိုရင်မတူဘူး။ အဲဒီလိုမတူတဲ့အခါကျတော့ တစ်ပုဒ်နဲ့တစ်ပုဒ်က အင်္ကျီအဝတ်အစား ချိန်းမှရတယ်။ ရိုးရိုးတန်းတန်း ဒီအတိုင်းဆိုသွားလို့တော့ရတယ်။ အဲဒီလိုဆိုပုံမှန်ဆိုတာ ဝိုင်းစုအတွက် ဘာမှမခက်ဘူး။ ဒါပေမဲ့ အဲဒီလိုလည်းမဖြစ်ချင်ဘူး။ ဝိုင်းစုကိုယ်တိုင်လည်း နိုင်ငံခြားရှိုးပွဲတွေကြည့်ရင် သူတို့က ပါဖောမန့်တွေလည်းလုပ်တယ်။ အင်္ကျီအဝတ်အစားတွေလည်း နှစ်မိနစ်၊ သုံးမိနစ်အတွင်းမှာ အမြန်လဲတယ်။ အဲဒီလိုမျိုးတွေကို အရမ်းအားကျတယ်။ ကိုယ်တွေက အဲဒီလို မလုပ်နိုင်ဘူးဆိုပေမယ့် ကိုယ့်ဘက်က တတ်နိုင်သလောက် အကောင်းဆုံးကြိုးစားပြီး လုပ်ကြည့်တာပါ။ အခက်အခဲတွေလည်းရှိသလို အမှားအယွင်းတွေလည်းရှိတယ်။ ဘာပဲပြောပြော ဒီလောက်ထိလုပ်နိုင်တဲ့အတွက် ကိုယ့်ဟာကိုယ်ကျေနပ်တယ်။ လိုအပ်ချက်တွေရှိတဲ့အတွက်လည်း မကျေနပ်ဘူး။ အဲဒီလိုဖြစ်နေတယ်။

မေး- ဂီတလောကထဲကို စဝင်ခဲ့တဲ့ ကောင်မလေးတစ်ယောက်အကြောင်း သီချင်းဆိုခဲ့တဲ့ ဝိုင်းစုခိုင်သိန်းနဲ့ လက်ရှိဝိုင်းစုခိုင်သိန်း ဘာတွေကွာခြားသွားပြီလို့ သုံးသပ်မိလဲ။

ဖြေ- ကွာခြားတာတွေကတော့ အများကြီးပါပဲ ။ အဓိကကတော့ အတွေ့အကြုံပိုင်းပေါ့။ ဘယ်သီချင်းမှာ ဘယ်လိုဆိုမယ်၊ ဘာလုပ်မယ်။ အခုဆို တစ်ကိုယ်တော်ပွဲလုပ်လိုက်တဲ့အတွက် နောက်ပွဲတွေမှာ ရှောင်သင့်တာ၊ ပိုလုပ်သင့်တာတွေ သိလာတယ်။ ရီဟာဇယ်ဆို ဘယ်လိုလုပ်သင့်တယ်။ စက်ပိုင်းဆိုင်ရာမှာလည်း အသံစနစ်တွေကအစ အကုန်လုံးသိသွားတယ်။ အခုပြန်ကြားတာတော့ တိုက်ရိုက်ထုတ်လွှင့်မှုတွေမှာ အသံထွက်ကောင်းတယ်ပြောတာရှိသလို မကောင်းဘူးလို့ပြောတဲ့ လူတွေလည်းရှိတယ်။ ပွဲမှာလာကြည့်တဲ့သူတွေတိုင်းကတော့ အသံစနစ်ကောင်းတယ်ဆိုတာ အားလုံးလက်ခံကြတယ်။ တိုက်ရိုက်လွှင့်တဲ့အချိန်မှာ ဘာအခက်အခဲရှိလို့လဲတော့မသိဘူး။

မေး- အရင်က ရန်ကုန်၊ မန္တလေး နှစ်ပွဲလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ရန်ကုန်တစ်ပွဲပဲလုပ်ဖြစ်တော့တာဆိုတော့ မန္တလေးက ပရိသတ်တွေအတွက် ဖျော်ဖြေပွဲထပ်လုပ်ဖို့အစီအစဉ်ရှိမလား။

ဖြေ- မန္တလေးပွဲက လုပ်ဖို့တော့ရှိတယ်။ လောလောဆယ်တော့ မလုပ်ဖြစ်သေးဘူး။ တစ်ပွဲ၊ တစ်ပွဲ လုပ်ရတာလည်း မလွယ်ဘူး။ နောက်ပြီး တိုက်ရိုက်လည်းလွှင့်လိုက်တာဆိုတော့ ပါဖောမန့်ထပ်တာကို သွားလုပ်ရင် ပရိသတ်တွေလည်း ကြိုက်မှာမဟုတ်ဘူး။ နောက်တစ်ပွဲလုပ်မယ်ဆိုရင်လည်း ဒီလိုကောင်းကောင်းမွန်မွန်လေးပဲ ထပ်လုပ်ချင်ပါတယ်။

မေး- သင်္ကြန်လည်းနီးလာပြီဆိုတော့ သင်္ကြန်ဖက်ရှင်အနေနဲ့ ဘယ်လိုပုံစံဝတ်ဖို့ စဉ်းစားထားလဲ။ သင်္ကြန်ဘယ်မှာရှိမလဲ။

ဖြေ- သင်္ကြန်ကတော့ MRTV-4 မဏ္ဍပ်မှာပဲ ရှိမှာပါ။ ပြည်လမ်းမှာရှိမှာပါ။ ဖက်ရှင်ကတော့ လောလောဆယ်မစီစဉ်ရသေးဘူး။ သိပ်ပြီး ထူးထူးခြားခြားတော့ မရှိပါဘူး။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top