iMyanmarHouse.com - Best Property Website for Myanmar
×











နွေကာလရဲ့ သရုပ်ဟာ အခုဆိုရင် ပိုလို့ပီပြင်လာပါပြီ။ မနက်မိုးလင်းတာနဲ့ အပူရှိန်လေးက ငွေ့ငွေ့လေးတက်နေပြီဖြစ်ပါတယ်။ညနေဘက်အိမ်ပြန်ချိန်ဆိုပိုလို့ ထင်ရှားပါတယ်။ ညနေစောင်းနေဝင်သွားပြီဖြစ်ပေမယ့် လူတွေဟာ ချွေးတစ်လုံးလုံးနဲ့ ပင်ပန်းနွမ်းနယ်နေကြပါတယ်။အထူးသဖြင့် အမျိုးသမီးတွေရဲ့ မျက်နှာမှာ အဆီလေးတဝင်းဝင်းနဲ့ အပူရှိန်ရဲ့ဒဏ်ကို အလူးအလဲခံထားကြရတယ်ဆိုတာ ပေါ်လွင်နေစေပါတယ်။

ဒါကြောင့် အခုလို ပူပြင်းတဲ့ရာသီမှာ အမျိုးသမီးတွေအနေနဲ့ မိမိတို့အသားအရေကို အထူးဂရုစိုက်ဖို့လိုအပ်တယ်ဆိုတာကို နိုင်ငံတကာမိတ်ကပ်ပညာရှင် တစ်ယောက်ဖြစ်တဲ့အပြင် အသားအရေပိုင်းဆိုင်ရာမှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့ မခိုင်စင်ဒီစိုးက အမျိုးသမီးထုအတွက် အခုလို အကြံပြု ထားပါတယ်။

နေရောင်ခြည်ဒဏ်ကို ကာကွယ်ပါ
နေရောင်ခြည်ထဲမှာ ခရမ်းလွန်ရောင်ခြည်ဟာ အသားအရေကို ပျက်စီးစေဖို့ ဒုက္ခအပေးဆုံးဖြစ်ပါတယ်။တစ်ချို့ အမျိုးသမီးတွေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် နေ့ခင်းဘက်တွေမှာအ ပြင်ထွက်ရတာတွေရှိပါတယ်။ ဒီလို အပြင်ထွက်ရသူတွေအနေနဲ့ မျက်နှာကို နေပူလောင်တာ၊ နေရောင်ခြည်တိုက်ရိုက်ထိတွေ့တာ ကာကွယ်နိုင်ဖို့မိမိနဲ့သင့်တော်ရာနေလာင်ခံ ခရင်မ်တစ်မျိုးမျိုးကို လိမ်းထားသင့်ပါတယ်။ မျက်နှာကို ဘာအကာအကွယ်မရှိဘဲ နေရောင်ခြည်နဲ့ထိတွေ့ဖန်များလာတဲ့အခါ တင်းတိတ်၊ မှဲ့ခြောက်တို့ထွက်လာတတ်ပါတယ်။ မျက်နှာပေါ်မှာ အမဲကွက်ကြီးတွေဖြစ်လာပြီး အဆိုးရွားဆုံးကတော့ အရေပြားကင်ဆာဖြစ်တတ်တာပါပဲ။

အစားအသောက်ကို ဂရုစိုက်ပါ
အသားအရေအဆီပြန်တတ်သူတွေဟာ နွေရာသီမှာ ပိုလို့ အဆီထွက်တတ်ကြပါတယ်။ ဒီလို အဆီပြန်တတ်တဲ့သူတွေဟာ အဆီများတဲ့အစားအစာတွေကိုရှောင်သင့်ပါတယ်။ ဆီပြန်ဟင်း၊ ကြာကြာခံအောင်ပြုလုပ်ထားတဲ့အစားအစာတွေကို ရှောင်သင့်ပြီး လတ်ဆတ်တဲ့သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေကို အထူးဂရုစိုက်ပြီး စားပေးသင့်ပါတယ်။နွေရာသီမှာ အမျိုးသမီးတွေဟာ ရာသီဓမ္မာတာပိုလို့အဆင်းများပါတယ်။ဒီအတွက် အမျိုးသမီးတို့ရဲ့သွေးသားတွေကို အထူးသန့်စင်စေတဲ့ ဒိန်ချဉ်၊ဒိန်ခဲတို့ကို များများသောက်ပေးဖို့လိုပါတယ်။

ရေဓာတ်ဆုံးရှုံးမှုကိုကာကွယ်ပါ
နွေရာသီမှာ လူတွေဟာ ချွေးအထွက်များတတ်ကြပြီး ထွက်လာတဲ့ချွေးတွေထဲမှာ ဆားဓာတ်တွေအများကြီးပါပါတယ်။ဆားဓာတ်ဆုံးရှုံးမှုတွေအဖြစ်များတာကြောင့် တစ်နေ့ကို ရေ ၁ လီတာ ၊ ၂ လီတာ လောက်ကိုပုံမှန်သောက်သင့်ပါတယ်။အပြင်ထွက်တိုင်းရေဗူးလေးတွေနဲ့ ဓာတ်ဆားထုပ်တွေကို ဆောင်ထားသင့်ပါတယ်။အုန်းစိမ်းရည်တွေများများသောက်ပေးသင့်ပါတယ်။

နွေရာသီနဲ့ကိုက်ညီရာ ဝတ်စားဆင်ယင်ပါ
နွေရာသီမှာ ပူတဲ့အပူရှိန်ဟာ ကျန်တဲ့ရာသီကာလရဲ့ အပူရှိန်မျိုးနဲ့မတူညီဘဲ လူတွေရဲ့အသားအရေကို ပိုလို့ထိခိုက်လွယ်စေပါတယ်။ ဒါ့အပြင် ဝတ်လိုက်တဲ့အဝတ်အစားဟာ တစ်ခါတစ်ရံမှာ အသားအရေကို များစွာ ဒုက္ခပေးတာရှိပါတယ်။ ဒါကြောင့် အပြင်ထွက်တိုင်း အပူရှိန်ကို ကာကွယ်နိုင်တဲ့အဖြူရောင်ချည်ထည်ပါးပါးလေးတွေ၊ အရောင်ဖျော့ဖျော့လေးတွေကို ဝတ်ဆင်သင့်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေဟာ နေလောင်ဒဏ်မိရင် မျက်ကွင်းညိုတတ်ကြတာကြောင့်နေကာမျက်မှန်တပ်ဖို့ ၊ ထီးဆောင်းပြီးသွားလာဖို့အထူးသတိရှိရပါမယ်။

အိုမင်းရင့်ရော်မှု ကိုကာကွယ်ပါ
အမျိုးသမီးတွေဟာ အများအားဖြင့် မိမိတို့ရဲ့ ဓလေ့ရိုးရာသနပ်ခါးကို အရမ်းကြိုက်နှစ်သက်ကြပါတယ်။ညအိပ်ယာဝင်ခါနီးမှာဖြစ်ဖြစ် ၊နေ့ခင်းနေ့လည် မှာဘဲဖြစ်ဖြစ် ရေမိုးချိုးပြီးရင် သနပ်ခါးလေးလိမ်းပြီး နေတတ်ကြပါတယ်။ ဒါပေမယ့် တစ်ချို့အမျိုးသမီးတွေဟာ သနပ်ခါးကို ထူပိန်းပြီး လိမ်းတတ်ကြတာရှိပါတယ်။ သနပ်ခါးကို ထူထူပိန်းပိန်းလိမ်းလိုက်တဲ့အခါ အမျိုးသမီးတွေအနေနဲ့ မျက်နှာတစ်ခုလုံးတင်းရင်းလာတာကိုခံစားမိကြမှာပါ။ ဒါဟာ သနပ်ခါးက ရေဓာတ်ကို စုပ်ယူလိုက်တာကြောင့်မျက်နှာမှာ ရေဓာတ်ခမ်းခြောက်မှုဖြစ်လာခြင်းဘဲဖြစ်ပါတယ်။
 ရေဓာတ်ခမ်းခြောက်လာခြင်းဖြင့် မျက်နှာအရေးကြောင်းတွေထွက်လာကာ ရုပ်ရည်ကို ပိုမိုရင့်ရော်သွားစေတတ်ပါတယ်။ဒါကြောင့် အမျိုးသမီးတွေအနေနဲ့သနပ်ခါးကို ထူထူလိမ်းခြင်းထက် သနပ်ခါးရေကျဲလေးသာလိမ်းသင့်ပါတယ်။

မျက်နှာသန့်ရှင်းရေးကို အထူးဂရုစိုက်ပါ
အမျိုးသမီးတွေအနေနဲ့ အပြင်ထွက်တဲ့အခါမှ အသားအရေကိုထိန်းသိမ်းဂရုစိုက်ရမှာမဟုတ်ဘဲ အပြင်က ပြန်လာပြီးအိမ်မှာ နေချိန်မှာလည်း ဂရုစိုက်ဖို့လိုပါတယ်။အပြင်ထွက်တဲ့အခါမှာလည်း နေလောင်ဒဏ်ကို ကာကွယ်နိုင်ဖို့ မိမိအသားအရေနဲ့လိုက်ဖက်တဲ့ ကရင်မ်တစ်မျိုးမျိုးကိုလိမ်းသင့်ပါတယ်။ အိမ်ပြန်ရောက်တဲ့အခါရေအေးအေးလေးနဲ့ မျက်နှာကိုသေသေချာချာသစ်ပြီး Toner ကိုလိမ်းဖို့လိုပါတယ်။အဓိကအားဖြင့် အခုလိုရာသီကာလမှာ ထိတွေ့ခံရတဲ့ အပူရှိန်ဒဏ်ဟာ အခြားရာသီကာလထက် ပိုမိုပြင်းတာကြောင့် ရုပ်ရည်ရင့်တာတွေ(Anti-aging ) ကိုကာကွယ်ပေးတဲ့မိတ်ကပ်ကရင်မ်တစ်မျိုးမျိုးကို ပိုမိုလိမ်းဖို့လိုပါတယ်။(ဥပမာ- SPF+++နဲ့ PA++ ပါဝင်တဲ့ မိတ်ကပ်ကရင်မ်မျိုး)

စိတ်ဖိစီးမှုကိုလျော့ချပါ
ဒီလို ရာသီကာလမှာအမျိုးသမီးတွေဟာ အများအားဖြင့် အပူရှိန်ကြောင့် စိတ်လက်မကြည်မလင်၊မအီမသာခံစားတတ်ကြရပါတယ်။ ရာသီအပူချိန်ကြောင့်တစ်မျိုး၊ လုပ်ငန်းခွင်စိတ်ဖိစီးမှုကြောင့် တစ်ဖုံ အစရှိတဲ့ အကြောင်းတစ်ရပ်ရပ်ကြောင့် အဖြူဆင်းတာများတတ်ကြပါတယ်။တကယ်တော့ အမျိုးသမီးတွေအတွက် အချိန်မတိုင်ခင် အိုမင်းရင့်ရော်မှုရဲ့အစဟာ stress များခြင်းကြောင့်ဖြစ်ပါတယ်။ stress များတဲ့အခါ မျက်နှာမှာတင်းတိတ်တွေပေါ်လာတတ်ပြီး အလှတရားကို ထိခိုက်စေတတ်ပါတယ်။

Credit : YangonLife

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top