iMyanmarHouse.com - Best Property Website for Myanmar
×










ဝန်ထမ်းများ အလုပ်ခွင်တွင် ပျော်ရွှင်တက်ကြွ တီထွင်မှုရှိစွာ လုပ်ဖြစ်ကြစေရန် အကောင်းဆုံး နည်းလမ်းကား ၀န်ထမ်း တစ်ဦးချင်းစီ၏ နိုးခြင်း အိပ်ခြင်းကို စိုးမိုးသော ခန္ဓာဇီဝနာရီ လည်ပတ်မှုနဲ့ ကိုက်ညီသည့် အလုပ်ချိန်မျိုး ဖြစ်အောင် ချိန်ညှိ ပေးထားဖို့ လိုကြောင်း ဇီဝဗေဒပညာရှင်များက ပြောကြား လိုက်သည်။

လူတစ်ဦးချင်းစီသည် ခန္ဓာနာရီ လည်ပတ်မှု စနစ် လွှမ်းမိုးမှုအရ စောစော အိပ်ပြီး စောစော ထကာ မနက် ပိုင်းကစ ညနေထိ လန်းဆန်း တက်ကြွနေသူများ ရှိသလို၊ ညဥ့်နက်မှအိပ် နေမြင့်မှ ထကာ ညနေပိုင်းကနေ မိုးချုပ် ချိန်ကြားတွင်မှ တက်ကြွ လန်းဆန်းစွာ အလုပ် လုပ်တတ်သူများလည်း ရှိသည်။ စောစောစီးစီး တက်တက်ကြွကြွ လုပ်သူများကို ငှက်စောများဟု တင်စားကြပြီး နောက်ကျမှ တက်ကြွကာ အလုပ် လုပ်သူများကို ဇီးကွက်များဟု တင်စားကြသည်။

ဇီဝဗေဒ ရှုထောင့်မှ လေ့လာချက် အရကား လူငါးဦးတွင် လေးဦးသည် ခန္ဓာနာရီနှင့် မကိုက်ဘဲ လှုပ်ရှား လုပ်ကိုင်နေရကြောင်း သိရသည်။ ခန္ဓာနာရီက အိပ်နေဦးဟု ခိုင်းနေသော်လည်း အလုပ်ရှိ၍ ထပြီး လှုပ်ရှား နေရသည်၊ ခန္ဓာနာရီက တက်ကြွဖို့အချိန်ဟု ညွှန်းသော်လည်း တစ်နေ့တာ အလုပ်တွေ လုပ်ထားရ၍ ပင်ပန်းပြီး အိပ်ဖို့သာ စိတ်စော နေရသည့် အဖြစ်မျိုးနဲ့လည်း ကြုံနေကြရသည်။

ခန္ဓာနာရီ လည်ပတ်မှု အတိုင်းသာ နိုးနေချိန်မှာ အလုပ် လုပ်ခွင့်ရမည်၊ နားသင့်ချိန်မှာ နားခွင့်ရမည် ဆိုပါက ၀န်ထမ်းများသည် ကျန်းမာရေး လည်းကောင်းကာ အလုပ်ခွင်လည်း ပျော်ရွှင်ပြီး ဖန်တီး ထုတ်လုပ် နိုင်စွမ်းများလည်း တက်လာမည် ဖြစ်ကြောင်း ဂျာမနီ ပညာရှင်များက လက်တွေ့ သုတေသနဖြင့် သက်သေ ပြခဲ့သည်။

မြူးနစ်မြို့ လူးဝစ်-မက်ဆီမီလန် တက်္ကသိုလ် ဆေးဘက်ဆိုင်ရာ စိတ်ပညာသိပ္ပံမှ သုတေသန ပညာရှင်များက သံမဏိ စက်ရုံ တစ်ရုံမှ လုပ်သား (၁၁၄) ဦးဖြင့် လက်တွေ့ သုတေသန ပြုခဲ့သည်။ ထိုသူများ၏ အိပ်ခြင်း၊ နိုးခြင်း ခန္ဓာနာရီ စနစ်ကို မှတ်တမ်း တင်သည်။ ခန္ဓာနာရီစနစ်ကို လိုက်ပြီး မနက်ပိုင်း တက်ကြွသူများ အစု၊ နေ့လည်ပိုင်း အစုနှင့် ညပိုင်းအစုဟူ၍ သုံးစု ခွဲလိုက်သည်။ ထိုသူများ၏ အိပ်စက်မှု၊ စိတ်ဖိစီးမှု၊ ဘက်စုံ ကျန်းမာရေးများကို ငါးလ တိုင်တိုင် စောင့်ကြည့်သည်။

တွေ့ရှိချက်များကို Current Biology ဂျာနယ်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။

သုတေသန အဖွဲ့ကို ဦးဆောင်သော ပါမောက္ခ တီလ်ရိုနင်ဘာ့ဂ်ျ က “ခန္ဓာနာရီနဲ့ ကိုက်မယ့် အစုထဲ ထည့်ပေးလိုက်တဲ့ အခါကျတော့ လုပ်သားတွေဟာ အလုပ် ဆင်းရတဲ့ ရက်များမှာတောင် ခန္ဓာကိုယ်က အိပ်ငိုက်လာတဲ့ အချိန်မှာ အိပ်ခွင့်ရတယ်။ ခန္ဓာကိုယ်က ထတော့မယ်လို့ အချက်ပေးတဲ့ အခါကျမှ ထခွင့်ရတဲ့ အတွက် အိပ်ရေး ကောင်းကောင်း ၀ကြတယ်။

ကြားရက်တွေမှာ အိပ်ရေးဝအောင် အိပ်ခွင့် ရထားတာကြောင့် ပိတ်ရက် ကျတော့လည်း ခန္ဓာကိုယ်ဟာ အတိုးနဲ့ အိပ်နေစရာ မလိုဘဲ နိုးချိန်မှာ လန်းလန်းဆန်းဆန်းနဲ့ နိုးလာတယ်””ဟု ပြောသည်။
အိပ်ချင်သည့် အချိန် အိပ်ရခြင်း၊ လန်းဆန်းစွာ နိုးထရခြင်း တို့ကြောင့် ၀န်ထမ်းများသည် အလုပ်ခွင်မှာလည်း စိတ်ပါ လက်ပါ လန်းဆန်း တက်ကြွစွာ လုပ်နိုင်လာသည်။ ထုတ်လုပ်မှု စွမ်းအားက အစ စည်ကမ်းပိုင်း အဆုံး အားလုံး တိုးတက် ကောင်းမွန် လာသည်ကို တွေ့ခဲ့ရသည်။

ထိုသို့ ကိုယ်နဲ့ ကိုက်သည့် မနက်၊ နေ့လယ်၊ ည အစုထဲတွင် လုပ်ခွင့်ရကြသည့် နောက်ပိုင်း နေမကောင်း၍ ခွင့်ယူနှုန်းလည်း သိသိသာသာကို နည်းသွားကြကြောင်း တွေ့ခဲ့ရသည်။

ခေတ်သစ် လူနေမှုပုံစံသည် ဖိအား အလွန်များလာသည် ဖြစ်ရာ လူသားများသည် ခန္ဓာနာရီ စနစ်၏ စေခိုင်းချက်ကို မနာခံနိုင်ဘဲ အလုပ်၏ စေခိုင်းချက် အတိုင်းသာ နိုးထ၊ အိပ်စက်၊ လုပ်ကိုင် နေကြရသဖြင့် လူသားထု၏ ကျန်းမာရေး အလားအလာသည် စိတ်ပူစရာ ကောင်းကြောင်း ပညာရှင်များက သတိပေးသည်။

Credit : Messnger

 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top