iMyanmarHouse.com - Best Property Website for Myanmar
×








လူမှု့ဝန်းကျင်မှာ ရုန်းကန်လှုပ်ရှားကြိုးစားနေသူမှန်သမျ အောင်မြင်မှု နဲ့ မအောင်မြင်မှု ဆိုတာကို ရင်ဆိုင်ကြုံတွေ့ကြရပါတယ်။တကယ်တော့ အောင်မြင်မှု နဲ့ မအောင်မြင်မှုဆိုတာ ကျောနှစ်ဖက်ကပ်နေတဲ့ ဒင်္ဂါးတစ်ပြားလိုပါဘဲ ။ နီးကပ်လွန်းပါတယ်။ လူတွေမှာ လုပ်ငန်းတူ ၊ စီးပွားတူ ဖြစ်နေပါလျက်နဲ့ သူက အောင်မြင်ပြီးငါက ဘာကြောင့် မအောင်မြင်ရတာလဲဆိုတဲ့ မေးခွန်းက လူတိုင်းရဲ့ရင်ထဲမှာ ရှိကြပါတယ်။ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး အောက်ဖော်ပြပါ အကြောင်းအရာလေးတွေက ကောင်းကောင်းခွဲခြမ်းစိတ်ဖြာနိုင်စေမှာဖြစ်ပါတယ်။

လူတွေအတွက် ဘယ်လုပ်ငန်းမှာဖြစ်ဖြစ် အလုပ်လုပ်တဲ့အခါ စေတနာလေးထည့်ပြီး အလုပ်လုပ်ခြင်း က မိမိရဲ့အလုပ်ကို အောင်မြင်စေတာဆိုတာ အောင်မြင်မှုကိုရယူပိုင်ဆိုင်ဖူးသူတိုင်း ခံစားသိရှိကြပါတယ်။ မိမိလုပ်ငန်းအပေါ်တန်ဖိုးထားပြီးလုပ်ဆောင်ခြင်း၊ မိမိစီးပွားကို အားပေးတဲ့စားသုံးသူတွေအပေါ် အလေးထားခြင်း၊တန်ဖိုးထားခြင်း က သူတို့အကျိုးစီးပွားကို တိုးတက်စေတဲ့ အချက်တွေဆိုတာ ကောင်းစွာ နားလည်သဘောပေါက်ကြပါတယ်။

တစ်ချို့လူတွေ ငွေကြေးပြည့်စုံပါလျက်နဲ့၊ ဗဟုသုတလည်း ကြွယ်ဝပါလျက်နဲ့၊ဥာဏ်ရည်ထက်မြက်ပါလျက်နဲ့၊ အဆက်အသွယ်ကောင်းမွန်ပါလျက်နဲ့ ဘာကြောင့် အောင်မြင်မှုတွေနဲ့ အလှမ်းဝေးပြီး ပင်ပန်းမှုတွေ ရရှိနေကြသလဲ။ တစ်ခါတစ်ရံမှာ မလိုလားအပ်တဲ့မာနတရားတွေ ၊ မနာလိုဝန်တိုမှုတွေ ၊ မိမိမှာ ရှိနေတဲ့ ဗဟုသုတအချက်အလက်တွေကို သူတစ်ပါးအား မမျဝေလိုမှုတွေ ၊ မိမိတစ်ဦးတည်းသာ တတ်တယ်၊တော်တယ်ဆိုတဲ့ တယူသန်ယူဆမှုတွေ၊ တလွဲမာနတွေ ၊ သူတစ်ပါး အား ပျက်စီးရာပျက်စီးကြောင်း ကြံစည် ချောက်ချမှုတွေ ဟာ မိမိရဲ့ အကျိုးစီးပွားကို များစွာအဟန့်အတားဖြစ်စေပါတယ်။ သူတစ်ပါးအား ကောင်းမွန်တဲ့ နှလုံးသားတစ်စုံကို မပေးနိုင်တဲ့အခါ မိမိမှာ လည်း သူတစ်ပါးဆီ က ကောင်းမွန်တဲ့ နှလုံးသားတစ်စုံကိုရရှိဖို့ အခွင့်အလမ်းနည်းစေပါတယ်။ ဒါဟာ လုပ်ငန်းခွင်အတွင်းမှာ အလုပ်လုပ်နေကြတဲ့ သူတွေတိုင်းအတွက် အရေးကြီးတဲ့ သတိထားစရာတစ်ခုဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ မိမိရဲ့လုပ်ငန်းခွင်အတွင်း အတူတကွအလုပ်လုပ်နေကြရသူတွေတိုင်းမှာ နှလုံးသားနီးစပ်မှုဆိုတာအရမ်းကိုလိုအပ်ပါတယ်။ လုပ်ငန်းခွင်အတွင်းမှာ မိမိရဲ့ လုပ်ဖော်ကိုင်ဘက်တွေနဲ့ နှလုံးသားနီးစပ်မှုဟာ မိမိရဲ့အလုပ်ကိုများစွာ အောင်မြင်စေရုံမက မိမိအလုပ်လုပ်နေရာ ကုမ္မဏီကြီးတစ်ခုလုံးကိုပါ များစွာ အောင်မြင်စေတာဖြစ်ပါတယ်။ ဒါဟာ တစ်ဦးနဲ့တစ်ဦးကြား နှလုံးသားခံစားမှုကွန်ရက်တစ်ခု ချိပ်ဆက်မိနေခြင်းကြောင့် အပြန်အလှန်အကျိုးပြုနေကာ ကိုယ်စီကိုယ်စီတိုးတက်အောင်မြင်မှုတွေရရှိနိုင်တဲ့ အချက်တစ်ခုဘဲဖြစ်ပါတယ်။

တစ်ချို့လူတွေအနေနဲ့ မိမိအကျိုးစီးပွားဖြစ်ထွန်းဖို့၊ မိမိရဲ့ အလုပ်အပေါ် ရှင်သန်မှု နှလုံးသားဆိုတာကိုမထည့်သွင်းမိကြတဲ့အခါ ပန်းတိုင်ကို ကျောခိုင်းလျောက်လှမ်းသလိုမျိုးဖြစ်သွားကြရပါတယ်။ ဘယ်အရာမဆို မိမိအကျိုးကိုချည်း ကြည့်ပြီး သူတစ်ပါး အကျိုးကို မျက်ကွယ်ပြုတတ်မှုဟာ မိမိရဲ့ အောင်မြင်မှုတံခါးကို ပိတ်လိုက်တာနဲ့ တူပါတယ်။ ရသင့်သလောက် အကျိုးစီးပွားကို မရဘဲ အောင်မြင်မှု နဲ့ အလှမ်းဝေးတတ်ကြပါတယ်။ဒါကြောင့် လုပ်ငန်းရှင်ဖြစ်ဖြစ် ၊ အလုပ်သမားဖြစ်ဖြစ် သူ့အကျိုးကိုယ့်အကျိုးကိုမျတအောင်မကြည့်ဘဲ မိမိအကျိုးတစ်ခုတည်းကို အာရုံစိုက်သူတွေဟာ စိတ်ဒုက္ခလည်းများလွန်းသလို အောင်မြင်မှုလည်း မရတတ်ကြပါဘူး။ ချိုမြိန်တဲ့ အောင်မြင်မှုအရသာကို မခံစားကြရပါ။

ဘဝမှာ အောင်မြင်မှုရလိုသူတိုင်းဟာ နှလုံးသားတစ်စုံနဲ့ အလုပ်လုပ်မှ စစ်မှန်တဲ့အောင်မြင်မှုဆိုတာကို ရကြပါတယ်။မိမိရဲ့ စိတ်ဓာတ် ၊ခံယူချက်၊သဘောထားက မိမိရဲ့ ဘဝ ၊အလုပ်အကိုင် ကိုများစွာ လွှမ်းမိုးတာကြောင့် ဘယ်အလုပ်ဖြစ်ဖြစ် စေတနာနှလုံးသားတစ်စုံနဲ့ ပြုလုပ်ပါမှ မိမိအတွက် ပြည့်စုံတဲ့ ဘဝအောင်မြင်မှုတွေ ရရှိနိုင်မယ်ဆိုတာ အောင်မြင်လိုသူတိုင်းအတွက် သော့ချက် တစ်ခုအဖြစ်ဖော်ပြလိုက်ပါတယ်။

Credit : YangonLife

 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top