iMyanmarHouse.com - Best Property Website for Myanmar
×














မနက်ဆို နိုးကတည်းက အိပ်ငိုက်ပြီး နိုးလာရသည်ဟု ဆိုရလောက်အောင်ကို မထချင်ဘဲ ထနေရပါသလား။ တစ်နေ့လုံးလည်း အိပ်ချင်မူးတူး  လေးလေး ကန်ကန်နဲ့ လုပ်ကိုင် နေရပါသလား။ ညနေလောက် ရောက်ရင်ကိုပဲ လူကရှိသမျှ အားကုန်သလို ဖြစ်ကာ ခြေမသယ်ချင် လက်မသယ်ချင် ဖြစ်နေပါသလား။

            ထိုသို့ဖြစ်ရသည့် အဓိက အကြောင်းရင်းများမှာ အိပ်ရေးမ၀ခြင်း၊ ကော်ဖီတွေ သောက်လွန်းခြင်း၊ သွေးထဲမှာ သံဓာတ် ပါဝင်နှုန်းနည်းခြင်းတို့ ဖြစ်သည်။ အထက်ပါ မလန်းဆန်း အားယုတ်မှု ဖြစ်စဉ်များ၏ (၁၂) ရာခိုင်နှုန်းသည်လည်း ရေ၀အောင် မသောက်သဖြင့် ရေဓာတ်ခန်း ခြောက်ကာ လူက နွမ်းခြောက်ခြင်း ရလဒ် ဖြစ်သည်ဟုလည်း သိရသည်။

            တစ်နေ့တာကို လေးကန် ထိုင်းမှိုင်းစွာ ဖြတ်သန်း နေရခြင်းမျိုး ရှောင်ရှားနိုင်အောင် မည်သို့ နေထိုင် ပြုမူသင့်ကြောင်း ဗြိတိန်နိုင်ငံမှ ကျန်းမာရေး ပညာရှင် လေးဦးအား ဒေးလီးမေးလ် ဆောင်းပါးရှင်က မေးမြန်း ထားချက်များကို အောက်တွင် တစ်ဆင့် ပြန်လည် ဖော်ပြပါမည်။

အထွေထွေ ဆရာဝန် - အန်တိုနီယာ ကွတ်ခ်

             ချောကလက် အနက် ။ ။  ချောကလက် အနက်တွေဟာ အန်တီအောက်ဆီးဒင့် များများပါတယ်။ သဘာဝကျကျနဲ့ လူကို လန်းလန်း ဆန်းဆန်း ရှိအောင် လုပ်ပေးနိုင်တယ်။

             ဂျင်း လက်ဖက်ရည်ကြမ်း ။ ။ ကော်ဖီသောက်မယ့် အစား ဂျင်းလေး တစ်စိတ်လောက်လှီးပြီး ရေနွေးထဲထည့် သောက်ကြည့်ပါ။ သောက်ကြည့် လိုက်တာနဲ့ ဂျင်းရဲ့လှုံ့ဆော်နိုင်စွမ်းကို ကောင်းကောင်း သိလိမ့်မယ်။ လူက လန်းဆန်း သွားရောပဲ။

             အသက်ရှူ လေ့ကျင့်ခန်း ။ ။အသက်ပြင်းပြင်း ရှူသွင်းတဲ့ လေ့ကျင့်ခန်းမျိုး ကျွန်တော် လုပ်တယ်။ ဒါမှ လူက အောက်ဆီဂျင်ဓာတ် ပြည့်ပြည့်၀၀ ရမှာ။ တစ်ကနေ လေးထိ ရေပြီး ရှူသွင်းတယ်၊ ရှူထုတ်ရင် တစ်ကနေ ခြောက်ထိ ရေတယ်။ အသက်၀၀ ရှူသွင်း ရှူထုတ် လုပ်လိုက်တာနဲ့ ခန္ဓာတစ်ခုလုံး ငြိမ်ပြီး ရှင်းထွက်သွားတယ်။ စိတ်ဖိစီးမှုတွေ ကျသွားတယ်။ ကျော၊ ရင်နဲ့ နံရိုးတွေ အကြောအချင်ပြေ ထွက်သွားတယ်။ တရားထိုင်မှု အသေးစားလေးမျိုးပေါ့။ အဲဒါမျိုးကို ကျွန်တော် နေ့ပိုင်းတွေမှာ လုပ်ဖြစ်တယ်။ အလုပ် ပင်ပန်းနေတဲ့ အချိန်မျိုးမှာ အဲလို လုပ်လိုက်ရင် လူက ပြန်ပြီး လန်းဆန်းလာရောပဲ။

အထွေထွေ ဆရာဝန် - ဒီယိုဖာမူ ဘိုနီ

            နည်းပညာ မသုံးရအချိန် ။ ။ (၉) နာရီ နောက်ပိုင်း ဘယ်နည်းပညာ ပစ္စည်းကိုမှ မသုံးတော့ဘူး။ လပ်တော့၊ ကွန်ပျူတာ၊ တဲဘလက်၊ စမတ်ဖုန်းတွေက ထွက်တဲ့ အလင်းရောင်ဟာ ခန္ဓာစနစ်ကို နေ့လို့ ထင်သွားအောင် လုပ်နိုင်စွမ်း ရှိတာကြောင့် လူဟာ တော်တော်နဲ့ အိပ်မရတော့တဲ့ ပြဿနာ ဖြစ်ပွားရတယ်။

           ဒါကြောင့် ကိုယ့် ကိုယ်ကိုယ် ည (၉) နာရီ ကျော်တာနဲ့ နည်းပညာ ကာဖျူး ထုတ်ထားလိုက်တဲ့ နည်းနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ဖန်တီးထားတယ်။ အိပ်ချိန် နီးလာရင် ဘာအရည်မှ မသောက်တာ အကောင်းဆုံးပဲ။ ဆီးအိတ်ထဲ အရည်တွေ ပြည့်လာရင် လူက နိုးလာမှာပဲ။ ဒါဆို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ ခက်သွားပြီ။

ကျန်းမာရေး သင်တန်းဆရာ - ဂျိုဒေ ဗစ်ဆန်

            မနက်ခင်းကို အသုံးချ ။ ။ တစ်နေ့တာ စွမ်းအင် မြင့်မားနေရအောင် ကျွန်တော်ဆို ထရမယ့် အချိန်ထက် မိနစ် (၉၀) လောက် ကြိုပြီး ထတယ်။ အဲလို စောထတဲ့ အချိန်အတွင်း စိတ်အား ဖြစ်စေမယ့် ဟောပြောချက်တွေ နားထောင်ရင်းနဲ့ ကျန်းမာရေး လေ့ကျင့်ခန်းတွေ ပြင်းပြင်း ထန်ထန် လုပ်တယ်။ အဲလို လုပ်လိုက်ရင် မနက်ခင်းမှာတင် ကျွန်တော်ဟာ စိတ်လည်း ကြည်လင်အားပြည့်၊ လူလည်း ကြည်လင်အားပြည့်လာပြီး တစ်နေ့တာကို ကောင်းကောင်း ဖြတ်သန်း နိုင်သွားတယ်။

            တရားထိုင် ။ ။မနက်ပိုင်း အလုပ် မသွားခင်မှာတင် အချိန်နည်းနည်း ယူပြီး တရားထိုင်တယ်။ တရားထိုင် ပြီးတာနဲ့ တစ်နေ့တာအတွက် လုပ်ရမယ့် ကိစ္စတွေကို စိတ်အေးအေးနဲ့ ပြင်ဆင်တယ်။ တရားထိုင်ထားလို့ တည်ငြိမ်နေတဲ့ စိတ်ဟာ စူးစိုက်မှု အားကောင်းတဲ့အတွက် တစ်နေ့တာ ပြင်ဆင်ရမှာတွေကို ကောင်းကောင်း ပြင်ဆင်နိုင်သွားတယ်။

           အစားအစား ဒိုင်ယာရီ လုပ်ထား ။ ။ အစားအစာ အမျိုးမျိုးက ကိုယ့်ခန္ဓာအပေါ် သက်ရောက်မှုကို စနစ်တကျ စောင့်ကြည့် တတ်တာဟာ ကျန်းမာရေး အတွက် အကျိုးတစ်ပါးပဲ။ နေ့စဉ် ကိုယ်ဘာစားလဲ ဒိုင်ယာရီ ရေးထားတော့ ဘယ်နေ့က ဘာစားလို့ ဘယ်လို သက်ရောက်မှုမျိုး ဖြစ်ရတယ် ဆိုတာ မြင်လာပြီး ရှောင်သင့်တာ ရှောင်နိုင်သွားမယ်။

အာဟာရဗေဒ ပညာရှင်- ချားလော့ဝတ်

         အလင်းကို စိတ်ကူး ။ ။ အလင်းရောင်ကို စိတ်ကူး ကြည့်တာဟာ အလင်းရောင်ကို မြင်သိ ခံစားရခြင်း နီးပါး ဦးနှောက်နဲ့ ခန္ဓာအပေါ် သက်ရောက်မှု ရှိပါတယ်။ အလင်းရောင်ဟာ လူကို လန်းဆန်း အားပြည့်အောင် လုပ်ပေးနိုင်စွမ်း ရှိတယ်။ တစ်နေရာမှာ ငြိမ်ထိုင်ပြီး ခေါင်းကနေ တစ်ဆင့် တစ်ကိုယ်လုံးပေါ် အလင်းရောင် ဖြာကျလာတယ်လို့ စိတ်ကူးကြည့်လိုက် ရင်ကိုပဲ ခေါင်းဟာကြည်ပြီး လူဟာ လန်းတက်လာတာ လုပ်ဖူးရင် သိရလိမ့်မယ်။

             လဲလျောင်း ။ ။ မိနစ်ပိုင်းလောက် ဖြစ်ဖြစ် အေးဆေး သက်သာစွာ လဲလျောင်းလိုက်ခြင်းသည် တစ်ကိုယ်လုံး အကြောအချင်များ ပြေသွားကာ လူက လန်းဆန်း လာစေသည့် အကြောင်းရင်း ဖြစ်သည်။ လဲလျောင်း လိုက်သည့်အခါ ခန္ဓာကိုယ်သည် မတ်တပ် ဖိအားဒဏ်မှ လွတ်ကင်းသဖြင့် အကြောများ လျော့သွားသဖြင့် စိတ်ပါ တင်းမာမှုများ လျော့ကျကာ လန်းဆန်းလာသည်။ အာခေါင်ကို လျှာနဲ့ထောက်ပြီး ကလော်လျှင်လည်း ထိုနေရာသည် ဦးနှောက်နှင့် နီးစပ်သော အာရုံကြောများရှိရာ ဖြစ်သောကြောင့် ဦးနှောက် လန်းဆန်း လာတတ်သည်။

Credit : The Messenger

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top