မုသားစကား
လူသားတိုင်း မုသားစကားနှင့် မကင်းကြချေ။ ပြောရင်း၊ ပြောရင်းနှင့် မသိစိတ်သည် မုသားဘက်သို့ ခေါင်းလှည့်တတ်သည်။ သည်သို့ မိမိအနေဖြင့် တစ်ဖက်လူက မိမိ၏ အမှန်စကားတွင် မုသားစကား ခပ်ပါးပါး ထည့်၍ ပြောလာသည်ကို သဘောကျနေပြီ အထင်ဖြင့် မိမိသည်လည်း ထိုမုသားစကား အပေါ် သာယာမိ ဖြစ်သွားကာ ရှေ့ဆက်ပြီး မုသားစကားကို ခုံမင်၍ စိတ်ကြီးဝင်ကာ မုသားစကားဖြင့် တစ်ဖက်လူကို ယုံကြည်အောင် ကျုံးသွင်းနိုင်သည်။ သို့ဖြင့် မုသားသုံးသူသည် မုသားစကားအပေါ် သာယာမြဲ သာယာပြီး နောက်တွင် ထိုလူ၏ ပါးစပ်သည် အကျင့်ပါသွားကာ မုသားကို ဆက်ပြီးသုံးရင်းနှင့် လိမ်ညာလှည့် ဖြားတတ်သည့် လူတစ်ဦး ဖြစ်သွားတော့သည်။
မုသားစကားသည် ချိုမြိန်သော အရသာ ရှိသည်ဟုအထင်နှင့် လူတွေ့တိုင်း လိမ်ညာနေမည်ဆိုလျှင် ထိုသူသည် မုသား စကား၏ သားကောင်ဖြစ်သွားမည်သာ။ အစပထမတွင်တော့ မိမိလိမ်ညာမုသား စကားဖြင့် အနိုင်ယူလိုက် သော်လည်း၊ ထိုအနိုင်ကို တကယ့် သူရဲကောင်းကြီး အထင်ဖြင့် မိမိသည် မုဆိုး မြင်မိကြပေလိမ့်မည်။ ငါမှငါကွဟု အထင်အဖြစ် ရောက်ရင်း လောကသစ္စာတရားကြောင့် လိမ်လည် သူသည် နောက်ဆုံး၌ မုဆိုးမှ သားကောင် အဖြစ်သို့ ရောက်သွားပြီး၊ မုသားစကား ကြောင့်ပင် လိမ်လည်သူသည် ဘ၀သေတတ်ပါသည်။ လိမ်လည်မှုသည် ကံငါးပါးတွင် တစ်ပါး အပါအ၀င်ဖြစ်သဖြင့်၊ လုံးဝမကျင့် သုံးသင့်သည့် အရာသာဖြစ်သည်။ မုသား စကားသည် နားဝင်ပီယံ ရှိသော်လည်း လိမ်လည်သူအနေဖြင့် တစ်ဖက်လူကို လိပ်ပြော မုသားသုံးနေမှန်း မိမိကိုယ်တိုင် သိနေသည့် အတွက် မိမိစိတ်သည် မသန့်ရှင်း၊ လိမ်ပြာ မလုံနိုင်တော့ပေ။ တစ်ဖက်လူက မိမိလိမ်လည် လှည့်ဖြားသည်၊ မုသားသုံးသည်ကို သိနေသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ မိမိ အနေဖြင့် ပထမဆုံး စိတ်သောကရောက် တတ်ပေသည်။ မုသားသုံးသူသည် ခေါင်းမော့၍ တံတွေးထွေးသည်နှင့် တူပါသည်။ မိမိထွေးလိုက်သော တံတွေးသည် မိမိမျက်နှာအနှံ့ ၌သာ ပြန်လည် ကျရောက်ညစ်ပတ် ပေရေမည်သာ ဖြစ်သည်။
စာရေးသူ ငယ်စဉ်က မိဘနှစ်ပါး၊ အဘိုးအဘွား၊ ညီအစ်ကိုမောင်နှမများကို မုသားသုံး၍ လိမ်လည်ခဲ့ဖူးသည်။ ထိုစဉ်က မိမိဖြစ်ချင်သော ဆန္ဒကိုရှေ့တန်းတင် မိရင်းနှင့် မိမိဆန္ဒ ပြ ည့်ဝအောင် လိမ်ညာခဲ့ပြီး၊ မိမိ၏ လိမ်ညာမှုသည် အောင်မြင်ခဲ့ပါသည်။ မိမိလိုရာ ပစ္စည်းရခဲ့ပါသည်။ ထိုစဉ်က အပြုံးတွေနှင့် ကျေနပ်နေမိပြီး၊ တယ်တော်တဲ့ ငါပါလားဟု လက်သီးလက် မောင်းတန်းကာ ၀င့်ကြွားခဲ့ဖူးသည်။ သို့သော် အရွယ်လေးရ၊ အသိလေး ၀င်လာသည့် အချိန်၌ မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ် အဖြေရှာကြည့်သောအခါ ကျောထဲစိမ့်ခနဲ နေအောင် လန့်သွားပါသည်။ အကြောင်းမူ ကျွန်တော်ကိုယ်တိုင် လိမ်ညာခဲ့သည့် အဖေ၊ အဘိုးနှင့် အဘွားတို့ မရှိကြတော့။ မိခင်ဖြစ်သူ တစ်ဦးတည်းသာ ရှိသောကြောင့်ဖြစ်သည်။
ထိုစဉ်က ပထမဆုံး ဖခင်ဖြစ်သူ သွေးဝမ်းကိုက် ရောဂါဖြစ်နေသည့်အချိန်၊ ကျွန်တော် ခြောက်တန်းကျောင်း စာမေးပွဲရက်ဖြစ်သည်။ အဖေက ကျွန်တော့်ကို သူ့အနား လာစေချင်သည်။ ကျွန်တော်က ဖခင် အနားမကပ်။ ထမင်းစားပြီးမှ၊ ရေချိုးပြီးမှ၊ ကျောင်းက အပြန်မှ၊ စာမေးပွဲဖြေပြီးမှ နှင့်... အကြောင်းအမျိုးမျိုးပြ လိမ်လည်ခဲ့ရာ၊ ညနေပိုင်းတွင် ဖခင်ဖြစ်သူ ဆုံးပါးခဲ့ရသည်။ ကျွန်တော် လိမ်လည်လိုက်သဖြင့် ဖခင်ဖြစ်သူမှာ သူချစ်သော ကျွန်တော့်ကို မနမ်းမရှိုက်သွားရ၊ ကျွန်တော့် မျက်နှာကို စေ့စေ့ ကြည့်မသွားခဲ့ရရှာ။ ဖခင်ဖြစ်သူ မြေမြှုပ်သည်အထိ ကျွန်တော် ရပ်ကြည့်ရင်း ကျွန်တော့် မုသားစကားအတွက် နောင်တမရခဲ့။ နောက် အဘိုး(ဖခင်ရဲ့အဖေ) ခမျာလည်း အဖေဆုံးပြီး နှစ်နှစ်အကြာ လူကြီးရောဂါနှင့် တိမ်းပါးခဲ့သည်။ အဘိုးမတိမ်းပါးခင် အဘိုးက ကျွန်တော့်အား အဖေသေရတာ လူလေးကြောင့်ဟု စွပ်စွဲသည်။ ကျွန်တော်က ငြင်းဆန်သည်။ နောက်ကျွန်တော့်ကို ထန်းရေမသောက်၊ အရက်မသောက်ဖို့ မှာသည်။ ကျွန်တော်က ဟုတ်ကဲ့ပါဟု နားညည်းဟန်နှင့် ပြန်ဖြေအပြီး ရွာတောင်ဘက် ထန်းတော အပြေးသွားကာ ထန်းရေ သောက်ခဲ့သည်။ ထိုစဉ်က ရှစ်တန်းရောက် နေပြီ။ အမှန်ဝန်ခံရလျှင် ဆရာတွေမသိအောင် သောက်သည်။ ခွက်ပုန်းခုတ်သည်။ နေ့စဉ်တော့မဟုတ်။
ထိုစဉ်က အဘိုးဖြစ်သူ စေတနာနှင့် ပြောစကားကို မုသားသုံး ခေါင်းညိတ်ပြီး၊ ကျွန်တော် လိမ်ညာခဲ့ရာ၊ ထန်းရေနှစ်ခွက် သောက်ပြီးပြန်အလာ၊ အဘိုးက ကျွန်တော့်ကို သူ့အနားခေါ်သဖြင့် ကျွန်တော် အဘိုး အနား ကပ်ထိုင်လိုက်သည်။ အဘိုးက ပါးနပ်သူပီပီ ကျွန်တော့်ထံမှ ထန်းရေအနံ့ရသည်။ နှာခေါင်းကို ရှုံ့ချည်နှပ်ချည် လုပ်ရင်း ပြောလာသည်။ အဘိုးပြောစကားမှာ.... လူလေးကြီး... မင်းလိမ်တယ်..တဲ့။
အဘိုးစကားကြောင့် ကျွန်တော်လန့် သွားသည်။ ထိုနေ့မှာပင် အဘိုးကွယ်လွန်ခဲ့ ပါသည်။ ကျွန်တော်သာ အဘိုးအနားကပ် ထိုင်၊ စကားတွေပြောနေရင်၊ ကျွန်တော့် ထန်းရေမသောက်ခဲ့လျှင် အဘိုးဆုံးပါးမည် မဟုတ်။ ယခု ဖခင်သည်လည်း ကျွန်တော့် မုသားစကားနှင့် တိမ်းပါး၊ အဘိုးသည်လည်း ဆုံးပါးခဲ့ရသည်။ နောက် အဘွား (အဖေ့ရဲ့မိခင်)သည်လည်း ကျွန်တော့် မုသားစကားနှင့် မလွတ်ကင်းခဲ့။ ထိုစဉ်က အဘွားသည် ကျွန်တော်တို့နှင့် နေသည်။ ထိုစဉ်က မြေစိုက်နှစ်ဆောင် အိမ်လေးဖြစ်ပြီး၊ အိမ်ပြင်ဆောက်ခဲ့ရာ၊ အဘွားကို အိမ်ခေါင်းရင်း အခြားတစ်နေရာတွင် တစ်ဖက်ရပ် တဲထိုးပြီး ရွှေ့နေစေခဲ့သည်။ အိမ်အသစ် ပြီးသည်နှင့် အဘွားမှာ အိမ်သစ်ထဲ ရွှေ့ပေး မည်ဟု ထင်နေရှာသည်။ အဘွားသည် ပုတီးစိပ်ရင်း အိမ်သစ်ဆီသို့ ချောင်းရင်းနှင့် ကြည့်ရှာသည်။ နောက် ကျွန်တော်က အဘွားကို နောက်ရက်မှ အဘွားကို အိမ်သစ်ထဲ ရွှေ့ပေးမယ်နော်””ဟု ပြောရင်း ပျားရည်နှင့် ၀မ်းချစကားကို ဆိုခဲ့ပါသည်။ တစ်ရက်ခြား၊ နှစ်ရက်ခြားဆိုသလို လိမ်ညာမုသား သုံးရင်းနှင့် လေးငါးလအကြာ အဘွားဖြစ်သူမှာ ကိုယ်ရောင်ရောဂါဖြင့် ကွယ်လွန်သွား ပြန်ပါသည်။
ထိုအခါ အဘွားသည် ကျွန်တော့်ရဲ့ မုသား သားကောင်ဘ၀နှင့် ဇာတ်သိမ်းခဲ့ရ သည့်အခါ ကျွန်တော် ပြန်တွေးကြည့်ပါသည်။ အဘွားကို အိမ်သစ်ထဲမှာ ဘုရားခန်းဘေး ခုတင်ပေါ်တွင် ထား၍ ကျွေးမွေးပြုစုခဲ့လျှင် အဘွား သေဦးမည်မဟုတ်ပါ။ ယခုတော့ အဘွားခမျာ ကျွန်တော့်မုသားစကား များကို ယုံကြည်ရင်းဖြင့်သာ ကွယ်လွန် သွားခဲ့သည်ဖြစ်၍ ဖခင်၊ အဘိုးနှင့် အဘွား သေရခြင်း၏ တရားခံသည် ကျွန်တော်ဖြစ်ပြီး၊ ကျွန်တော့်အတွက် တရားခံသည် နှုတ်ဖျားမှ ထွက်သော မုသားစကား များသာ ဖြစ်ခဲ့ပါသည်။ ယနေ့ အချိန်အထိ ထိုအဖြစ် များကို တွေးတိုင်း ဘယ်လိုမှ ပေးဆပ်၍ မရနိုင်သော၊ ဘယ်လိုမှ ကျေအေးနိုင်မည် မဟုတ်သော အကုသိုလ် အထုပ်ကြီး ကျွန်တော့် ရင်ထဲသိမ်းကာ၊ ခေါင်းထဲတွင် မြှုပ်နှံထား မိပြီးဖြစ်ပါသည်။ ဘယ်ဘ၀ ရောက်နေပြီမသိသော မိဘ၊ ဘိုးဘွားများက ကျွန်တော့်အား ခွင့်လွှတ်ပေးနိုင်မည် ဖြစ်သော်လည်း လောကသစ္စာတရားကတော့ ကျွန်တော့်ကို ဒဏ်ခတ်အပြစ်ပေး အရေးယူမည်သာ ဖြစ်သည်။ ထိုအချိန်ကို ကျွန်တော် စောင့်နေရသည်ဖြစ်၍ မုသားသုံး လိမ်လည်မှုမျိုး ကင်းအောင် ဆင်ခြင် သုံးသပ်နေသင့်ပြီး၊ ကိုယ့်ကိုယ်ကိုယ် သိစိတ်ရော မသိစိတ်ကပါ လက်တွေ့ ဒဏ်ခတ်နေပြီဖြစ်သည်။
သို့ဖြစ်ပါ၍ မုသားသုံးခြင်း၏ အပြစ်များကို တင်ပြလိုပါသည်။ မကြည်ညိုဖွယ်ရာ ရုပ်ဆင်းရှိခြင်း၊ သွားမညီမညွတ်ရှိခြင်း၊ နားမချမ်းသာသောအသံရှိခြင်း၊ ၀လွန်း ဆူလွန်းခြင်း၊ ပိန်လွန်းသေးလွန်းခြင်း၊ နိမ့်လွန်း ပုလွန်းခြင်း၊ မြင့်လွန်း ရှည်လွန်းခြင်း၊ ကြမ်းတမ်းသော အသားအရေရှိခြင်း၊ ခံတွင်းပါးစပ် ပုပ်ညှီခြင်း၊ ဆွံ့အ တုန်လှုပ်ခြင်း၊ သူတစ်ပါးကို မယုံကြည်ခြင်း၊ တိုသောလျှာ ရှိ၍ စကားမပီသခြင်း၊ လျှပ်ပေါ်တတ်ခြင်း၊ မိုက်မဲတွေဝေခြင်း၊ ဉာဏ်ပညာနည်းပါး ခြင်း၊ ကြောက်ရွံ့တတ်ခြင်း စသည်တို့သည် မုသားသုံးခြင်း၏ အပြစ်များသာ ဖြစ်သည်။ဤအပြစ်များသည် မုသားသုံးခြင်း၏ အပြစ် များဖြစ်၍ ကံငါးပါး ကျူးလွန်သည် ရှိသော် အဘယ်မျှသော အကုသိုလ်များကို ခံစား ရမည်နည်းဟု တွေးခြင့်သင့်ကြပါသည်။
မုသားနှင့် ပတ်သက်၍ ကျွန်တော် တင်ပြလိုသေးသည်။ ကျွန်တော် ရပ်ကွက် ဥက္ကဋ္ဌ လုပ်ခဲ့သေးသည်။ ထိုစဉ်က မြို့နယ်သို့ ရပ်ကျေးဥက္ကဋ္ဌ များအားလုံးကိုခေါ်၍ ကြက်ဆူပင်စိုက်ဖို့ အစည်းအဝေး လုပ်သည်။ ကျေးရွာအလိုက် ဧကစာရင်းများ သက်သေပေးခဲ့ရာ ကျွန်တော်တို့လည်း နားအေး ပြီးရော သဘောနှင့် ကိုယ့်စီမံကိန်း စိုက်ဧကနှင့် အပင် အရေအတွက် စာရင်းလုပ်ပြီးပေးဖြစ်ခဲ့ သည်။ အချို့ဥက္ကဋ္ဌများက အပြေးအလွှားဖြင့် ကြက်ဆူပင်ဝယ်၊ လမ်းဘေး၊ အိမ်ဘေး၊ မြေလွတ်မြေရိုင်းနှင့် ကန်ဘေးတွေမှာစိုက်၊ နောက်မြို့နယ်ကို ဘယ်လောက် စိုက်ပြီး၊ ဘယ်နှဧက စိုက်ပြီးဟူ၍ မုသား သုံး၍ လိမ်ကြရသည်။ ကျေးရွာဥက္ကဋ္ဌများ တင်သည့် စာရင်းအတိုင်း မြို့နယ်ကလည်း အထက်ကို တင်ပြ၊ လိမ်ညာမုသားသုံးရင်း နှင့် ကြက်ဆူသံသရာ လည်ခဲ့ကြသည်။ ထိုစဉ်က စာရေးသူမှာလည်း အများနည်းတူ လိမ်ညာခဲ့ရသည်။ အရင်က မိဘဘိုးဘွား များကိုလိမ်၊ နောက်နိုင်ငံတော် အထိပါ ကျွန်တော် လိမ်ခဲ့ရပြန်သည်။
နောက်ထပ် တင်ပြစရာ ရှိပါသည်။ ရွာတစ်ရွာတွင် အပြောအဟော ကောင်းသည့် ကောင်စီခေတ် ဥက္ကဋ္ဌ တစ်ဦးရှိသည်။ ထိုဥက္ကဋ္ဌ ရွာ၌ စီမံချက် စပါးစိုက်ဧက အတော်များများ စိုက်ခိုင်းခဲ့ရာ မြစ်ရေတင်ကလည်း ရေမလာ၊ မိုးကိုမျှော်ပြီး စိုက်လို့လည်း မိုးကမရွာ၊ နောက် ထိုရွာသည် စပါးစိုက် လယ်သမားမဟုတ်ကြ။ ယာလုပ်တောင်သူများ သာဖြစ်သည်။ ယခု ယာလုပ်တောင်သူကို လယ်သမားများ အလုပ်ကို ခိုင်းတော့ ၀ါသနာမပါကြ။ ဖြစ်ထွန်းအောင် မစိုက်နိုင်ကြပါ။ ထိုအခါ မုသားအမျိုးမျိုးနှင့် ထိုဥက္ကဋ္ဌသည် မြို့နယ်သို့ ဧကတွေ အများအပြား စိုက်ပြီးကြောင်း စာတင်ရင်းနှင့် မြို့နယ်က လာစုံစမ်းသည့်အခါ ရေမြုပ်၊ ကျွဲနွားစား၊ မျိုးမကောင်း၊ အပင်မပေါက် စသည်ဖြင့် တင်ပြရင်းနှင့် အချိန်ကုန်ခဲ့ သည်။ တစ်ရက်တွင် ထိုရွာသို့ တိုင်းမှူး ကိုယ်တိုင် ဆင်း၍ စစ်သည်။ ထိုဥက္ကဋ္ဌရော၊ တောင်သူတွေပါ လန့်နေကြသည်။
ထို ဥက္ကဋ္ဌသည် တိုင်းမှူးကို ရေမြောင်းဘောင် ပေါ်သို့ ခေါ်သွားသည်။ စပါးစိုက်ရမည့် ဘောင်ဘေး လယ်ကွက်များတွင် ရေမရှိ၊ စပါးပင် မရှိသည့်အခါ တိုင်းမှူး ဒေါသဖြစ်မည်ထင်သည်။ ထိုအခါ ထိုဥက္ကဋ္ဌသည် တိုင်းမှူးကို... ရေမြောင်းဘောင်နှင့် အတော်အလှမ်းဝေးသည့် အင်းရှိရာကို လက်ညိုးညွှန်ပြသည်။ အင်းရေခန်းချိန်ဖြစ်ပြီး၊ ကျယ်ပြန့်သည့် အင်းထဲတွင် ကိုင်းပင်များ ပေါက်နေသည်။ ကိုင်းပင်များသည် စိမ်းစိုနေသည်။ အဝေးက ကြည့်ရသည်မို့ တကယ်လယ်ကွက် အတိုင်း၊ ထိုဥက္ကဋ္ဌသည် တိုင်းမှူးကို ကြည့်ပြီး၊ အဲဒါ ကျွန်တော့်တို့စီမံချက်နဲ့ စိုက်ထားတဲ့ လယ်ကွက်တွေပေါ့ တိုင်းမှူးရဲ့ဟု ပြောရာ၊ တိုင်းမှူးက ထိုလယ်ကွက်တွေ သွားကြည့်ဖို့ပြောသည်။ ထိုအခါ ဥက္ကဋ္ဌက ခြေခင်းလက်ခင်း ပေါကြောင်း၊ နေကလည်းပူကြောင်း ပြောလိုက်ရာ တိုင်းမှူးခမျာလည်း ကိုင်းပင်ကို စပါးပင်အထင်နှင့် အကျေနပ်ကြီး ကျေနပ်ကာ လှည့်ပြန်သွားသည့် အကြောင်း ဖြစ်ပါသည်။
သည်သို့....မုသားသည် မိမိကိုယ်ကိုယ် လိမ်ညာခြင်းသည် မိမိကိုယ်သာ ခံရမည်ဖြစ်ပြီး၊ မိမိအနေဖြင့် မိဘ၊ ဘိုးဘွား၊ အပေါင်းအသင်း၊ ဆွေမျိုးဉတကာတို့ကို လိမ်ညာမိပါက ပို၍စူးရှသည့် အကုသိုလ် ဒဏ်ကို ခံရမည် ဖြစ်သည်။ ထို့ထက်ပို၍ မိမိ လူမျိုး၊ မိမိဘာသာ၊ မိမိနိုင်ငံအပေါ် လိမ်ညာ လှည့်ဖြား၍ မုသားသုံးကြမည် ဆိုလျှင်ဖြင့် ကြီးမားလေးလံသည့် အကုသိုလ်အပြစ် များဖြင့် ဘ၀နိဂုံး ချုပ်ကြမည်မှာ မလွဲဧကန် ဖြစ်ပါတော့သည်။
မိမိအနေဖြင့် ကျူးလွန်ခဲ့သော မုသားများအတွက် လည်စင်းခံဖို့ အသင့်ရှိနေပြီဖြစ်၍၊ လူငယ်လူရွယ်များ အနေဖြင့် မုသားကို အဆိပ်ပြင်းမြွေဆိုး တစ်ကောင်ပမာ သတ်မှတ်ထားပြီး၊ ခပ်ဝေးဝေးမှ ရှောင်နိုင်ပါစေ။ အားလုံးအပေါ် မုသားကင်းစွာ ဆက်ဆံနိုင် ကြပါစေဟု ဆန္ဒပြုလိုက် ရပါတော့သည်။
Credit : messenger
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...