ဖေ့စ်ဘွတ်ခ် စွဲလေ စိတ်ကျလေ
ပိုလန်နိုင်ငံတွင် ပြုလုပ်ထားသော စစ်တမ်းတစ်ရပ် အရ ဖေ့စ်ဘွတ်ခ် စွဲနေခြင်းသည် စိတ်ကျ ဝေဒနာ ဖြစ်ပွားရ စေသည့် အဓိက အချက်ဟု သိရသည်။ ဖေ့စ်ဘွတ်ခ်မှာ အချိန်များများ ကုန်လေ ပြင်ပ ဆက်ဆံရေးပိုင်းမှာ ထိခိုက်လေ ဖြစ်ကာ လက်တွေ့ ပေါင်းသင်း ဆက်ဆံနိုင်စွမ်း ကျဆင်းပြီး အထီးကျန် ခံစားချက်ဝင်ကာ စိတ်ကျ ဝေဒနာ ဖြစ်ပွားနိုင်ခြေ ပိုများကြောင်း စစ်တမ်းက တွေ့ရှိ ထားသည်။
ပိုလန်နိုင်ငံ လူဘလင်မြို့ရှိ ဒုတိယမြောက် ဂျွန်ပေါလ် ကတ်သလစ် တက္ကသိုလ်မှ သုတေသန ပညာရှင် အာဂါတာဘလက်ခ်ျနီယို နှင့် အဖွဲ့က အသက် (၁၅) မှ (၇၅) ကြား ပိုလန်နိုင်ငံသား (၆၇၂) ဦးကိုမေးမြန်း စစ်တမ်းပြုစုကာ European Psychiatry ဂျာနယ်တွင် ထည့်သွင်း ဖော်ပြ ထားသည်။ ပိုလန်နိုင်ငံသား ဖေ့စ်ဘွတ်ခ် သုံးသူ များကို လူမှုဘ၀ပုံစံ၊ ဖေ့စ်ဘွတ်ခ် သုံးချိန်နှင့် စိတ်ခံစားမှု ဆိုင်ရာများ ပေါ်လွင်စေမည့် မေးခွန်းလွှာများ ပေးကာ ဖြေခိုင်းပြီး အမှတ်ပေး အကဲဖြတ်ခြင်း ဖြစ်သည်။ စစ်တမ်း အဓိက ရည်ရွယ်ချက်မှာ အင်တာနက် အသုံးပြုပုံ ယေဘုယျ၊ ဖေ့စ်ဘွတ်ခ် အသုံးပြုပုံ အသေးစိတ် နှင့် စိတ်ကျခြင်း ဆိုင်ရာ လက္ခဏာ များကို အဓိက ဖော်ထုတ်ရန် ဖြစ်သည်။
ဖေ့စ်ဘွတ်ခ်မှာ အလွန် အမင်းအချိန် ကုန်ခြင်း၊ ဖေ့စ်ဘွတ်ခ်ကြောင့် နေ့စဉ်ဘ၀ လုပ်ငန်းဆောင်တာများ ကိုပါ ပျက်ကွက်သည် အထိ ဖြစ်ပွားခြင်း၊ ဖေ့စ်ဘွတ်ခ်ကြောင့် လက်တွေ့ ပေါင်းသင်း ဆက်ဆံရေးပိုင်းတွင် ပါ ထိခိုက် လာခြင်း စသော ဖေ့စ်ဘွတ်ခ် ထိုးဖောက် ၀င်ရောက်မှု ဆိုင်ရာ လက်္ခဏာ များကို အဓိကထား ဖော်ထုတ်ခဲ့သည်။
ထိုအခါ တစ်နေ့တာအတွင်း အင်တာနက် သုံးချိန် များသူတို့သည် ဖေ့စ်ဘွတ်ခ် ထိုးဖောက် ၀င်ရောက်ခံရနှုန်းလည်း များပြား ကြကြောင်း တွေ့ရသည်။ ဖေ့စ်ဘွတ်ခ် ထိုးဖောက် ၀င်ရောက်နှုန်း များပြားသူ များသည် စိတ်ဖိစိးခြင်း စိတ်ကျခြင်းများလည်း ပိုများ ပြားလာကြောင်း ဆက်စပ် တွေ့ရှိ ခဲ့ရသည်။
စစ်တမ်းဖြေဆိုသူများ ဖြည့်သွင်း ထားသည့် လူမှုဘ၀ပုံစံ အဖြေလွှာများနှင့် တိုက်စစ် လိုက်သည် တွင်ကား ဖေ့စ်ဘွတ်ခ် အသုံးများ သူတို့သည် ကိုယ်ပိုင်ဆုံးဖြတ် ချက်ချနိုင်စွမ်း နည်းသူများ၊ အများနောက်လိုက်ပါလိုစိတ် ပိုများသူများ ဖြစ်နေကြောင်းလည်း တွေ့ခဲ့ရသည်။ ဖေ့စ်ဘွတ်ခ် မှာ အချိန်ကုန်ပါ များသူ တို့သည် မိတ်ဆွေများနဲ့ အွန်လိုင်းမှာ တွေ့ဖို့လောက်သာ စိတ်ဝင်စား တတ်ပြီး အပြင်မှာ တွေ့ရဖို့ လေးလေးနက်နက် သိပ်မရှိ ကြကြောင်းလည်း စစ်တမ်းက ဖော်ပြသည်။
Credit : messenger
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...