iMyanmarHouse.com - Best Property Website for Myanmar
×









ဆိုရှယ် မီဒီယာသုံးသူ လူငယ် လေးပုံ တစ်ပုံသည် ဆိုရှယ် မီဒီယာမှ တစ်ဆင့် ပုံစံ တစ်မျိုးမျိုးဖြင့် အနိုင်ကျင့် ခြိမ်းခြောက်မှုများနဲ့ ကြုံနေရကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။
ပြီးခဲ့သည့် စစ်တမ်း များကလည်း ဆိုင်ဘာ အနိုင်ကျင့်ခြင်းများကြောင့် လူငယ်များ စိတ်ကျ ဝေဒနာ ခံစားရကြောင်း ဖော်ပြ ထားကြသည်။ ယခုစစ်တမ်း ကိုကား JAMA Pediatrics ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားခြင်း ဖြစ်သည်။

““ယနေ့ ကလေးတွေနဲ့ လူငယ်တွေဟာ ဆိုရှယ် မီဒီယာနဲ့ မကင်းနိုင်အောင် ဖြစ်လာကြတာကြောင့် ဆိုရှယ် မီဒီယာကနေ အနိုင်ကျင့်ခြင်းတွေနဲ့လည်း ပိုပိုပြီး ကြုံလာနေရပါတယ်”” ဟု စစ်တမ်းကို ဦးဆောင်ခဲ့သည့် ကနေဒါနိုင်ငံ အဲလ်ဘာတာ တက္ကသိုလ်မှ မီရှဲလီဟမ်းက ပြောသည်။

အမေရိကန် ဆယ်ကျော်သက် (၉၅) ရာခိုင်နှုန်းသည် အင်တာနက် အသုံးပြုနေကြသလို၊ (၈၁) ရာခိုင်နှုန်း သည်လည်း ဆိုရှယ် မီဒီယာ အသုံးပြုနေကြကြောင်း စစ်တမ်းက ဖော်ပြသည်။ ဖေ့စ်ဘွတ်ခ် ၊ တွစ်တာ စသော ဆိုရှယ် မီဒီယာများသည် လူငယ်များကို သူစိမ်းများနဲ့ပါ ထိတွေ့ ဆက်ဆံနိုင်အောင် လမ်းဖွင့်ပေးရာ ရောက်သဖြင့် လူငယ်များသည် သူစိမ်းများ၏ အွန်လိုင်းက တစ်ဆင့် ကောင်းကျိုးပြုခြင်းကို ကြုံရသလို၊ ဆိုးကျိုးပေးခြင်း ကိုလည်း ကြုံလာရကြောင်း စစ်တမ်းက ဆိုသည်။

မီရှဲလီနှင့် အဖွဲ့သည် ဆိုရှယ်မီဒီယာမှ တစ်ဆင့် ဆိုင်ဘာနည်းဖြင့် နှိပ်စက်ခြင်း ဆိုင်ရာ လုပ်ထားပြီးသော စစ်တမ်း (၃၆) ခုကို ပြန်သုံးသပ် လေ့လာကာ စစ်တမ်းသစ် တစ်ရပ် ပြုစုခဲ့ခြင်း ဖြစ်သည်။ စစ်တမ်းများတွင် ပါဝင်သူများမှာ အသက် (၁၂) မှ (၁၈) ကြား အမေရိကန် နိုင်ငံသား လူငယ်များ ဖြစ်သည်။

စစ်တမ်း (၃၆) ခုကို ပျမ်းမျှ တွက်ကြည့် လိုက်သောအခါ စစ်တမ်း ပါဝင်သူ (၂၃) ရာခိုင်နှုန်းသည် ဆိုရှယ် မီဒီယာမှ တစ်ဆင့် အနိုင်ကျင့်ခြင်း တစ်မျိုးမျိုးနဲ့ ကြုံဖူးသည်ဟု သဘောထား ဖော်ပြကြသည်။ စစ်တမ်း တစ်ခုချင်း ကြည့်လျှင်တော့ ကွဲပြားမှုရှိသည်။ အချို့သော စစ်တမ်းများက ဆိုရှယ် မီဒီယာမှ တစ်ဆင့် အနိုင်ကျင့်ခံရသူ (၁၁) ရာခိုင်နှုန်းဟု ဆိုကြပြီး အချို့က (၄၃) ရာခိုင်နှုန်းထိ ဖော်ပြကြသည်။

မိန်းကလေးများ အများဆုံး အနိုင်ကျင့် ခံကြရကြောင်း သိရသည်။ အချို့သော လူငယ်များသည် အနိုင်ကျင့်သူ၏ အကောင့်ကို Block လုပ်ပစ်လိုက်ကြသည်။ ထိုနည်းသည် အနိုင်ကျင့်သူကို အလျှော့ ပေးလိုက်သော နည်းဖြစ်၏။

တစ်ကယ်တမ်း လုပ်သင့်သည်မှာကား ဆိုရှယ် မီဒီယာမှ အနိုင်ကျင့်သူကို သက်ဆိုင်ရာ ဆိုရှယ် မီဒီယာ၏ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ထံသို့ Report လုပ်ရန် ဖြစ်သည်။ Block လုပ်ပစ်လိုက်ခြင်းသည် ထိုသူ၏ အနိုင်ကျင့်မှုကို အရေးမယူဘဲ လွှတ်ပေးလိုက်သည့်နှယ် ဖြစ်သည်။

Credit : messenger news journal

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top