iMyanmarHouse.com - Best Property Website for Myanmar
×














ကိုယ်လက်လှုပ်ရှား ကျန်းမာရေး လေ့ကျင့်ခန်း မလုပ်ဖြစ်တာကို ကိုယ့်ဖာသာ ဆင်ခြေတွေပေးပြီး နှစ်သိမ့် နေတတ်ပါသလား။ အ၀တ် လျှော်နေရလို့ ထမင်းချက်နေရလို့ ဆိုတာတွေ အကြောင်းပြကာ လေ့ကျင့်ခန်း လုပ်ဖို့ကို နေ့ရွှေ့ ညရွှေ့ လုပ်နေတတ်ပါသလား။ လေ့ကျင့်ခန်းလည်း လုပ်ချင်သည်၊ လုပ်ရမှာလည်း ပျင်းသည် ဆိုသူများ လေ့ကျင့်ခန်း လုပ်သည် မထင်ရဘဲနဲ့ကို လုပ်ပြီးသား ဖြစ်သွားစေမည့် နည်းကောင်းလေးများ အကြံပြု ဖော်ပြလိုပါသည်။

ကိုယ်သဘောကျတာ ကိုယ်လုပ်။

            လေ့ကျင့်ခန်း လုပ်ဖြစ်စေမည့် အလွယ်ကူဆုံးနည်းမှာ ကိုယ်ကြိုက်သည့် လှုပ်ရှားမှုလေးတွေ လုပ်ဖြစ်အောင် ရွေးတတ်ဖို့ ဖြစ်သည်။ ထိုသို့ ရွေးတတ်လျှင် လေ့ကျင့်ခန်း လုပ်နေရသည်လို့ကို မခံစားရ၊ မသိလိုက်ရဘဲနှင့်ပင် လုပ်ပြီးသား ဖြစ်သွားလိမ့်မည်။ မလုပ်ဘဲနှင့် လုပ်ပြီးသား ဖြစ်သွားစေသောနည်း ဖြစ်၏။ ကိုယ့်ကိုယ်ကို မေးပါ။ ငါ ဘယ်အလုပ်မျိုးမှာ တော်လဲ။ ကိုယ်စိတ်ဝင်စားသည့် လှုပ်ရှားမှုမျိုးပါသည့် လေ့ကျင့်ခန်းမျိုး ရွေးနိုင်ပြီ ဆိုလျှင်လာမည့် ရှေ့နှစ်များ တောက်လျှောက် လေ့ကျင့်ခန်း လုပ်ရသည်လို့ကို မထင်ရဘဲ လုပ်ဖြစ်နေလိမ့်မည်။

ကိုယ်နဲ့ အဆင်ပြေဆုံး အချိန်ကိုရွေး။

             လေ့လာမှု စစ်တမ်းများစွာ အရကား မနက်စောစောမှာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်သူသည် ရေရှည်စွဲမြဲစွာ လုပ်နိုင်စွမ်း အမြင့်ဆုံးဟု သိရသည်။ ဘာမှ မလုပ်ရသေးခင် မနက် စောစောကတည်းက လေ့ကျင့်ခန်း လုပ်ထား ခြင်းဖြင့် တစ်နေ့လုံး ပဋိပက္ခတွေ၊ ပြဿနာတွေ ရှင်းနေရခြင်းကြောင့် လူရော စိတ်ရော ပင်ပန်းကာ ညနေပိုင်းမှာ လေ့ကျင့်ခန်း မလုပ်နိုင်တော့တာ မျိုးကိုလည်း ရှောင်ရှား လိုက်နိုင်မည်။

              အများအားဖြင့်လည်း လူသည် တစ်နေ့တာ ကိုယ် စိတ်လှုပ်ရှား ရုန်းကန်ပြီးလျှင် ညနေပိုင်းလောက်ဆိုလျှင် စွမ်းရည်ကျသွားကာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ချင်စိတ် နည်းသွားတတ်သည်။ သို့ဖြစ်သောကြောင့် မနက်ပိုင်း လေ့ကျင့်ခန်း လုပ်ခြင်းသည် ပုံမှန် လုပ်ဖြစ်ဖို့ စိတ်အချရဆုံးနည်း ဖြစ်သည်။

              သို့သော် အခြေအနေအရ မနက်စောစော မထနိုင်သူများလည်း ရှိရာ မိမိတို့ နေ့စဉ်ဘ၀နဲ့ ကိုက်ညီအောင် အချိန်တစ်ခု သတ်မှတ် ထားနိုင်သည်။ ကိုယ်ဟာ နေ့လယ်လောက်ကျမှ တက်တက်ကြွကြွ ဖြစ်တတ်သူဆိုလျှင် နေ့လယ်ခင်း ထမင်းစားချိန် ၀န်းကျင်လောက်မှာ လေ့ကျင့်ခန်း တစ်ခုခုလုပ်တာ သင့်တော်သည်။

အစားထိုး လှုပ်ရှားမှုများလည်း ပြုနိုင်သည်။

            ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ဟူသည် တစ်၊ နှစ်၊ သုံး၊ လေး အော်ပြီး အေရိုးဗစ်ဆော့ခြင်း၊ ပြေးစက်ပေါ် ပြေးခြင်းမျိုးကိုချည်း မဆိုလို။ အဓိကမှာ ကိုယ်တွေ လက်တွေ ခြေတွေ လှုပ်ရှား တက်ကြွနေဖို့ ဖြစ်သည်။ ကားရေဆေးခြင်းမျိုး သည်လည်း ကိုယ်လက်များစွာ လှုပ်ရှားရ၏။ ခြံထဲမှာ သစ်ပင်စိုက်ခြင်း သည်လည်း အလားတူ လှုပ်ရှားရ၏။ ထိုအလုပ်များသည်လည်း တစ်ချက်ခုတ် နှစ်ချက်ပြတ် လေ့ကျင့်ခန်း လုပ်နည်းဖြစ်၏။ မူလ အလုပ်လည်း ပြီးမြောက်သလို လေ့ကျင့်ခန်းလည်း လုပ်ပြီးသား ဖြစ်သွားသည်။

ချွေးထွက်မှရယ် မဟုတ်။

            ချွေးထွက်မှ ကျန်းမာရေး လုပ်တယ် မဟုတ်။ ချွေးမထွက်ဘဲ လုပ်နိုင်သော ကျန်းမာရေး လေ့ကျင့်ခန်း အများအပြား ရှိသည်။ ယောဂ၊ ထိုက်ချိစသော ကျန်းမာရေး လေ့ကျင့်ခန်း ပုံစံများလည်း လုပ်နိုင်သည်။ လေ့ကျင့်ခန်း စင်တာများမှာလည်း နည်းပြများနှင့် စနစ်တကျ လုပ်နိုင်သည်။

အပေါင်းအသင်းနဲ့ ရောင်းရင်းနဲ့။

            ကျန်းမာရေး လေ့ကျင့်ခန်း လုပ်ရတာ အပေါင်းအသင်းတွေ ရောင်းရင်းတွေနဲ့ဆို ပိုပျော်ဖို့ကောင်းသည်။ အဖော်ရှိသဖြင့် ပိုပြီးလည်း လုပ်ဖြစ်သည်။ ကိုယ်က စိတ်ကျနေလို့ လေ့ကျင့်ခန်း မလုပ်ချင် ဖြစ်နေသည့် ရက်များမှာပင် အခြားသော အပေါင်းအသင်းများကို အားနာလို့ မဖြစ်ဖြစ်အောင် အားတင်းပြီး လိုက်လုပ်ရင်း စိတ်ပြန် ပါလာတတ်သည်။

             ထိုအခါ စိတ်အားလည်း ပြန်တက်သလို၊ မိမိလည်း ကျန်းမာရေး ပိုကောင်းလာရသည်။ အကယ်၍ ကိုယ့်မိတ်တွေတွေက အဝေးမှာ ရှိနေလျှင်ပင် ပြဿနာမရှိ။ ယနေ့ခေတ် ကိုယ်လက် လှုပ်ရှားမှု မှတ်တမ်း တင်နိုင်သည့် ၀တ်ဆင်နိုင်သော နည်းပညာ ပစ္စည်းလေးများ ပေါ်နေပြီ။ ထိုပစ္စည်းလေးများက မှတ်တမ်းတင် ပေးထားသည်ကို ဖုန်းကတစ်ဆင့် ဆိုရှယ် မီဒီယာမှာ ဖြစ်ဖြစ်၊ သက်ဆိုင်ရာ ၀က်ဘ်ဆိုက်များမှာ ဖြစ်ဖြစ် သူငယ်ချင်းများနဲ့ ရှယ်ယာ လုပ်ကာ အပြိုင်အဆိုင် ကိုယ်လက် လှုပ်ရှားနိုင်သည်။

ကျွမ်းကျင်သူထံ နည်းယူ။

            ကျွမ်းကျင်သူ နည်းပြတစ်ဦး ဦးထံမှာ နည်းနာ ခံယူပါက ရလဒ် ပိုကောင်းနိုင်သည်။ ကျွမ်းကျင်သူ က မိမိ၏ အနေအထားနဲ့ လိုက်ဖက်သော ကျန်းမာရေး လေ့ကျင့်ခန်း ပုံစံများ ရွေးချယ် ပေးနိုင်သည်။ သင့်တော်သော ပန်းတိုင်များ ချမှတ် ပေးနိုင်သည်၊ လေ့ကျင့်ခန်း လုပ်နေသည့် ကာလတစ်လျှောက် စိန်ခေါ် မှုမပြတ်ဘဲ ဆက်လက် ကြိုးပမ်းချင် နေအောင် အကွက် ချပေးနိုင်မည်။

ကိုယ်လက် လှုပ်ရှား အသင်းတွေဝင်။

            တစ်ယောက်တည်း ဆိုလျှင် တက်ကြွ လှုပ်ရှားဖြစ်ဖို့ နည်းသည်။ သို့ဖြစ်ရာ အပြေးအသင်း၊ လမ်းလျှောက်အသင်း၊ တောထဲလမ်း လျှောက်အသင်း၊ စက်ဘီးအသင်း၊ တင်းနစ်အသင်းတွေ ၀င်ထားပါ။ လူအများဆွဲအားကြောင့် မိမိပါ ကိုယ်လက် လှုပ်ရှားမှုတွေ တိုးလာကာ ပိုကျန်းမာသူ ဖြစ်လာလိမ့်မည်။

Credit : The Messenger

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top