iMyanmarHouse.com - Best Property Website for Myanmar
×










လူတွေအတွက် မိတ်ဆွေကောင်းဆိုတာ အမြဲမပြတ်စီးဆင်းနေတဲ့ မြစ်ရေနဲ့တူပါတယ်။ အေးမြတဲ့ အရိပ်အာဝါသကို ပေးတဲ့ သစ်ပင်ကြီးတစ်ပင်နဲ့တူပါတယ်။မျိုးစေ့တွေ ရှင်သန်ဖို့ အားဖြည့်ပေးတဲ့မြေဆီသြဇာနဲ့တူပါတယ်။ဒါကြောင့် လူတွေဟာ မိတ်ဆွေကောင်းတွေနဲ့ မိတ်ဖွဲ့ပြီး ရှင်သန်နေထိုင်ဖို့လိုအပ်ပါတယ်။မိမိရဲ့ပတ်ဝန်းကျင်မှာ မိတ်ဆွေကောင်းတွေနဲ့ဝိုင်းရံပြီး ရှင်သန်နေထိုင်ရခြင်း ဟာ မင်္ဂလာတစ်ပါးဖြစ်ပြီး မှန်ကန်တဲ့ဘဝနေထိုင်မှုတစ်ခုကို ရရှိစေပါတယ်။

ဘာကြောင့်လဲဆိုတော့ စိန်ခေါ်မှုတွေများလွန်းတဲ့ ခေတ်ကာလမှာ လူတွေဟာ ကိုယ့်အရေးကိစ္စနဲ့ကိုယ်ရှုပ်ထွေးနေတတ်ကြပါတယ်။ သူ့အရေးကိုယ့်အရေး ကို လှည့်မကြည့်နိုင်ကြဘဲ ရုန်းကန်လှုပ်ရှားမှုတွေနဲ့ နစ်မြှုစ်နေကြရတာဟာ ခေတ်သစ်ကာလရဲ့ ပုံစံတစ်ခုလိုဖြစ်နေပါတယ်။

ဒီလိုခေတ်မျိုးမှာ လူတွေဟာ အထီးကျန်ဆန်မှုဝေဒနာကို ပိုမိုခံစားကြလာရပါတယ်။ နည်းပညာတိုးတက်မှုနဲ့အတူ လူတွေဟာ ရုပ်ဝတ္ထုရဲ့လွှမ်းမိုးမှုကို များစွာ ခံကြရပါတယ်။ ရုပ်ဝထ္တုရဲ့ တက်မက်မှုအပေါ် မှာ စိတ်ချမ်းသာမှုတွေနည်းပါးလာကြပါတယ်။ ညဘက် အိပ်မပျော်နိုင်တဲ့ဝေဒနာ တွေပိုမိုခံစားကြလာရပါတယ်။စိတ်ဓာတ်ကျဆင်းမှုတွေ၊ စိတ်ဖိစီးမှုတွေများပြားပြီး စိတ်ဓာတ်ခွန်အားတွေပျက်သုဉ်းပြီးပျက်စီးကြတာများပါတယ်။

အနောက်နိုင်ငံတွေမှာ ဒီလို ရုပ်ဝထ္တုအပေါ်တက်မက်မှုတွေကပိုမိုများပြားလွန်းပါတယ်။ တစ်မိုးအောက်အတူနေ ဇနီးမောင်နှံဖြစ်ပေမယ့် ဇနီးသေဆုံးနေတာကို ၂ ရက်အကြာမှ သိရတဲ့ အဖြစ်အပျက်တွေက လူတွေအတွက် လူချင်းအနီးကပ်ရှိပေမယ့် စိတ်ချင်း က လွန်စာ ဝေးကွာနေစေတယ်ဆိုတာပေါ်လွင်စေပါတယ်။ဘာကြောင့်ဒီလိုတွေ့ကြုံရတာလဲ။ သုံးသပ်မိကြည့်တဲ့အခါ ဒါဟာ လူတွေအတွက် ရုပ်ဝထ္တုအပေါ်မှာ အလွန်အကျွံတပ်မက်မှုရဲ့ ရလာဒ်တစ်ခုဘဲဖြစ်ပါတယ်။လက်ကိုင်ဖုန်းလေးတစ်လုံးနဲ့ သီးခြားကမ္ဘာတစ်ခုကိုတည်ဆောက်မှုတွေဖြစ်လာတဲ့အခါ တစ်ခန်းထဲမှာ အတူနေထိုင်သူတွေဖြစ်ပေမယ့် ကိုယ်စီကိုယ်စီ သီးခြားကမ္ဘာတွေနဲ့ အထီးကျန်ဆန်မှုဝေဒနာတွေပိုမိုခံစားလာကြရခြင်းဖြစ်ပါတယ်။

ဒါကြေင့် အခုလိုခေတ်မျိုးမှာ မိမိအတွက် အကောင်း၊အဆိုးကို ဝေဖန်အကြံပေးနိုင်သူ ၊မိမိအတွက် မိတ်ဆွေကောင်းပီသစွာ မျဝေခံစားပေးသူ၊ မိမိအပေါ်နွေးထွေးတဲ့ နှလုံးသားတစ်စုံကိုပေးအပ်နိုင်သူ၊ နည်းမှန်လမ်းမှန်နဲ့ ညွန်ပေးနိုင်တဲ့ စိတ်ထားလှပ မိတ်ဆွေကောင်းတွေဆိုတာ တကယ်ကိုလိုအပ်လှပါတယ်။ဒီအတွက် မိမိကိုယ်တိုင်က သူတစ်ပါးအပေါ် ရင်းနှီးနွေးထွေးစွာ၊မှန်ကန်စွာ ဆက်ဆံနေထိုင်ခြင်းဖြင့် မိမိအတွက် မှန်ကန်တဲ့ မိတ်ကောင်းဆွေမွန်တွေ ရရှိလာနိုင်ပါတယ်။

လူတွေအတွက် နွေးထွေးတဲ့နှလုံးသားနဲ့ တစ်ဦးကိုတစ်ဦး ဖေးမကူညီစည်းရုံးစွာနေထိုင်ခြင်းဟာ ကျန်းမာတဲ့ကိုယ်စိတ်နှစ်ပါးကိုပိုင်ဆိုင်စေပါတယ်။စိတ်ကိုရွှင်လန်းစေပြီး ဥာဏ်ကိုပွင့်လင်းစေပါတယ်။ဘဝမှာ အောင်မြင်မှုကို ရရှိစေပါတယ်။

ဘဝမှာ မိမိရဲ့အမြင်ဟာ မိမိရဲ့ပျော်ရွှင်မှုအတိုင်းအတာကိုဆုံးဖြတ်ရာမှာ အရေးကြီးဆုံးအရာတစ်ခုဖြစ်ပါတယ်။ဒါ့အပြင် မိမိမှာ ချစ်ခင်ရင်းနှီးသူမိတ်ဆွေတွေကလည်း ဘဝကို ပျော်ရွှင်မှုတွေရရှိအောင်ကူညီပေးနိုင်စွမ်း ၊ စိတ်ဓာတ်ခွန်အားပေးနိုင်စွမ်း ရှိတယ်ဆိုတာ နားလည်သိရှိဖို့လိုပါတယ်။ မိမိရဲ့ပတ်ဝန်းကျင်မှာ မိမိနဲ့အတူ ရှင်သန်နေထိုင်တဲ့လူတွေက မိမိရဲ့ ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးအပေါ်များစွာ အကျိုးသက်ရောက်မှုပေးကြောင်း နားလည်သိရှိနေဖို့လိုပါတယ်။ လူအများစု ဟာ ဒီလို အကြောင်းတရားကို သိနားလည်တာ နည်းပါးကြပါတယ်။

Dan Buettner ဆိုတဲ့ ပုဂ္ဂိုလ်ဟာ ဘဝမှာ ပျော်ရွှင်မှုဆိုတာကို ရှာဖွေဖို့ ကမ္ဘာအနှံ့ကိုလှည့်လည်ခရီးသွားခဲ့ပါတယ်။ကမ္ဘာတစ်ဝန်းမှာ မတူညီတဲ့လူတွေရဲ့ကွဲပြားစွာနေထိုင်မှုကိုလေ့လာခဲ့ပါတယ်။ ဒိန်းမတ်၊ စင်ကာပူ၊မက္ကစီကို၊ ကယ်လီဖိုးနီးယား နဲ့ နိုင်ငံတစ်ချို့တို့ကိုရောက်ရှိခဲ့ပါတယ်။အဲဒီမှာ သူ့အနေနဲ့ လူတွေအတွက် ဘဝမှာ ပျော်ရွှင်မှုကိုရရှိဖို့ အဓိကအခန်းကဏ္ဍတစ်ရပ်အနေနဲ့ပါဝင်တဲ့အချက်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲဒါကတော့ မိမိနေထိုင်ရာပတ်ဝန်းကျင်မှာ လူတွေနဲ့ နှလုံးသားရင်းနှီးစွာနေထိုင်ခြင်း၊ ချစ်ခင်နွေးထွေးစွာနေထိုင်ခြင်းတို့ဘဲဖြစ်ပါတယ်။

“လူအများစုဟာ သူတို့ရဲ့မိသားစုဝင်တွေနဲ့ ချစ်ခင်စွာနေထိုင်ကြသလို မိတ်ဆွေသူငယ်ချင်းတွေနဲ့လည်းရင်းနှီးစွာနေထိုင်ကြတာကိုတွေ့ရပါတယ်။သူတို့ဆီမှာ ကျွန်ုပ်ရှာဖွေနေတဲ့ပျော်ရွှင်မှုတွေကိုတွေ့ရပါတယ်။ ဒီအကြောင်းအရင်းတရားတွေက အိမ်နဲ့ဝေးကွာစွာ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ဝေးကွာစွာနေထိုင်ခဲ့တဲ့ကျွန်ုပ်ရဲ့ နှလုံးသားကို များစွာ ရိုက်ခတ်သွားစေခဲ့ပါတယ်။ ဒီလိုနဲ့ ကျွန်ုပ်ဟာ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ရင်းနှီးချစ်ခင်စွာ နေထိုင်ဖို့သူတို့ ရှိတဲ့ မီချီဂန် ကိုချက်ချင်းပြောင်းရွှေ့လာခဲ့ပါတယ်။ကျွန်ုပ်အနေနဲ့ ကျွန်ုပ်ကို ချစ်ခင်တဲ့ သူတွေ၊ ယုံကြည်တဲ့သူတွေ၊ အထောက်အပံ့ပေးနိုင်သူတွေနဲ့ဘဲရှင်သန်နေထိုင်ဖို့ စိတ်ထက်သန်လာခဲ့ပါတယ်။ ကျွန်ုပ်ကိုယ်တိုင်ကလည်း သူတို့အပေါ်အလားတူ ပြုမူဆက်ဆံဖို့စိတ်ဆန္ဒကြီးမားလာခဲ့ပါတယ်” ဆိုတဲ့အကြောင်း Dan Buettner ကပြောဆိုထားပါတယ်။

ဒါဟာ မိမိကိုယ်တိုင် က မိမိရဲ့ မိတ်ဆွေသူငယ်ချင်း၊မိသားစုဝင်တွေအပေါ်မှန်ကန်စွာ ပြုမူဆက်ဆံပေးခြင်းဖြင့် မိမိအတွက်လည်း မှန်ကန်တဲ့မိတ်ဆွေသူငယ်ချင်းတွေရရှိလာစေတယ်ဆိုတဲ့ သော့ချက်တစ်ခုဘဲဖြစ်ပါတယ်။ ဒ့ါအပြင် ဘဝမှာ စစ်မှန်တဲ့ပျော်ရွှင်မှုတွေကိုရရှိကာ အထီးကျန်ဆန်မှုတွေကင်းဝေးပြီး မှန်ကန်တဲ့လူနေထိုင်မှုစနစ်တစ်ခုကို ရရှိစေမှာဖြစ်ပါတယ်။

ဒါကြောင့် Robin Sharma ဆိုတဲ့ပုဂ္ဂိုလ် က “ပတ်ဝန်းကျင်မှာ အပြုသဘောဆောင်စိတ်ထားနဲ့လူတွေအပေါ်ဆက်ဆံနေထိုင်ခြင်း၊ အပြုသဘောဆောင်စိတ်ထားနဲ့နေထိုင်သူတွေကိုလေ့လာပြီး သူတို့ဆီမှ သင်ယူခြင်း၊ သင့်ရဲ့ တန်ဖိုးရှိတဲ့စွမ်းရည်တွေကို မပွန်းပဲ့စေတဲ့ အပြုသဘောဆောင်တဲ့လူတွေနဲ့စုဝေးနေထိုင်ခြင်း ၊ ဒီလိုမှန်ကန်တဲ့လူတွေနဲ့ ရှင်သန်နေထိုင်ခြင်းဟာ လူတွေအနေနဲ့ ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာပြီး ဘဝမှာ မိမိတို့လိုချင်တဲ့ အောင်မြင်မှုကိုလည်း ပိုင်ဆိုင်နိုင်မှာဖြစ်ကြောင်း ”အလေးအနက်ပြောဆိုထားခဲ့ပါတယ်။

ဒါကြောင့် လူတွေအတွက် မိမိရှင်သန်ရာပတ်ဝန်းကျင်မှာ စိတ်နှလုံးချမ်းမြေ့စွာ နေထိုင်နိုင်ဖို့ မိမိကိုယ်တိုင်ကလည်း အရေးကြီးသလို သူတစ်ပါးအပေါ် အပြုသဘောဆောင်ဆက်ဆံပေးခြင်းဖြင့် မိမိအတွက် အပြုသဘောဆောင်တဲ့လူတွေကိုတွေ့ရှိလာနိုင်ပြီး မှန်ကန်တဲ့ဘဝနေထိုင်မှုတစ်ခုကို ရရှိလာနိုင်မှာဖြစ်ကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

Credit : Yangon Life

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top