မျက်နှာမှာထင်သော ကျန်းမာရေး
မျက်နှာသည် စိတ်ပြတင်းပေါက်ဟု ဆိုကြသည်။ လူတစ်ယောက်၏ စိတ်က မျက်နှာမှာ ထင်ဟပ်သည်ဟု ပြောကြသည်။စိတ်သာမက ကျန်းမာရေးသည်လည်း မျက်နှာမှာ ထင်ဟပ်၏။ ဖျော့တော့တော့ မျက်နှာသည် သံဓာတ် နည်းနေခြင်းကို ပြသည်။ ပါးစပ်ထောင့် နားတွေ နာနေခြင်းသည် ဗီတာမင်ဘီ နည်းနေခြင်းကို ညွှန်းသည်။ သကြားဓာတ် စားသုံးမှု လျှော့ချခြင်းဖြင့် လည်ပင်းတစ်ဝိုက် အမည်းကွင်း ထွက်ခြင်းကို လျှော့ချနိုင်သည်။ ၀ိုင်နီသောက်တာ လျှော့ခြင်းဖြင့် မျက်နှာမှာ သွေးကြောမျှင်တွေ ပေါ်နေတာ လျော့သွားမည်။ အသေးစိတ်ကို တင်ပြပါမည်။
မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တစ်ဝိုက် အ၀ါကွက်တွေ ထွက်လာလျှင် ကိုလက်စထရော များနေပြီ ဆိုတာ သတိရပါ။
ဒါဆို အဆီများများ၊ ကိုလက်စထရော များများ အစားအစာတွေ လျှော့ဖို့လိုပြီ ဆိုတာ သတိရပါ။ ကိုလက်စထရော များခြင်းကြောင့် မျက်လုံး၊ နှာခေါင်း၊ ပါးစပ် တစ်ဝိုက်က သွေးကြောများထဲမှာ အဆီခဲများ အနည်ထိုင် ပိတ်ဆို့ခြင်း ရလဒ်အဖြစ် သွေးကြောများ ယောင်ရမ်းကာ အ၀ါကွက်များ သဏ္ဍာန် ပေါ်လာခြင်း ဖြစ်သည်။
ကျွမ်းကျင် ဆရာဝန်နှင့် ပြသပြီး ကိုလက်စထရော ပမာဏကို တိုင်းတာရမည်။ ကိုလက်စထရော ကျဆေး သောက်ဖို့ လိုအပ်ပါက သောက်ရမည်။ ပြောင်းသင့်သည့် ဘ၀နေမှုပုံစံကို ပြောင်းရမည်။
ဖြူဖတ်ဖြူရော် မျက်နှာ ဖြစ်နေပြီဆိုလျှင် အသားဓာတ် နည်းနေပြီဆိုတာ သတိရပါ။
သံဓာတ်၊ အသားဓာတ် နည်းလာလျှင် မျက်နှာ အသားအရေ ဖြူဖတ်ဖြူရော် ဖြစ်လာတတ်သည်။ ကမ္ဘာတစ်ဝန်း သံဓာတ် လျော့နေသူ သန်း (၁၆၀၀) လောက် ရှိသည်ဟု လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုသည်။ မျက်လုံး တစ်ဝိုက်မှာ အမည်းကွင်းမျိုးလည်း ပေါ်တတ်သည်။ အရေပြားသို့ သွေးလုံလောက်စွာ မရောက်ခြင်းကြောင့် ဖြူဖတ် ဖြူရော် ဖြစ်ရခြင်း ဖြစ်သည်။ သံဓာတ် မလုံလောက်ခြင်းကြောင့် သွေးပေါင် မပြည့်လျှင် လူသည် အလွယ်တကူ မောပန်းတတ်ကာ ရီဝေနုံးချိ နေတတ်သည်။သံဓာတ် ချို့တဲ့ရခြင်း အဓိက အကြောင်းရင်းမှာ အသား လုံလောက်အောင် မစားသောကြောင့် ဖြစ်သည်။ အသားထဲတွင် သံဓာတ်နှင့် ပရိုတိန်းဓာတ်များ ပါဝင်သည်။ သတ်သတ်လွတ် စားသူများ အနေဖြင့်လည်း ပဲမျိုးစုံနှင့် အစိမ်းရောင် ဟင်းသီးဟင်းရွက်များ စားခြင်းဖြင့် သံဓာတ် ရရှိနိုင်သည်။
ပါးစပ်ထောင့်တွေ နာကျင်နေပြီဆိုလျှင် နို့ထွက်ပစ္စည်း အစားနည်းခြင်းကြောင့် ဆိုတာ သတိရပါ။
တစ်နည်းဆိုရလျှင် ဗီတာမင်ဘီဓာတ် လျော့နည်းနေခြင်းကြောင့် ဖြစ်သည်။ ဗီတာမင်ဘီ နည်းပါးနေလျှင် အရေပြားတွေ ရဲတက် နေတတ်သလို၊ လျှာတွေလည်း ထူနေတတ်သည်။
သက်သက်လွတ် စားသူများသည် ဗီတာမင်ဘီ အများဆုံး ချို့တဲ့တတ်ကြသည်။ အကြောင်းမှာ ဗီတာမင်ဘီသည် နို့ထွက်ပစ္စည်း၊ ဥ၊ အဆီနည်း အသားနှင့် ငါးများတွင် အများဆုံး ပါဝင်နေသောကြောင့် ဖြစ်သည်။ ပဲမျိုးစုံ၊ ဟင်းနု နွယ် တို့သည်လည်း ဗီတာမင်ဘီ ဓာတ်ကြွယ်ဝသောကြောင့် သတ်သတ်လွတ် သမားများ အနေဖြင့် ပဲနှင့် ဟင်းနွယ်တို့ကို လုံလောက်အောင် စားပေးသင့်သည်။
အရွယ်နဲ့ မလိုက်အောင် ပါးရေနားရေ တွန့်နေပြီဆိုလျှင် ဆေးလိပ် လျှော့သောက်ဖို့ သတိရပါ။
ဆေးလိပ် သောက်ခြင်းကြောင့် အရေပြားကို တင်းရင်းစေသော ပရိုတိန်းဓာတ်များ လျော့ကျ ပျက်စီးကာ ပါးရေနားရေ စောစော တွန့်တတ်သည်။ ဆေးလိပ်သောက်ခြင်းကြောင့် သွေးတွင်း အောက်စီဂျင် ပါဝင်နှုန်း နည်းပါးကာ အရေပြားသို့ အာဟာရဓာတ် ရောက်ရှိနှုန်း လျော့ကျသွားသည်။ အရေပြား အာဟာရဓာတ် ရရှိနှုန်း ကျဆင်းသည့်အခါ အရေပြားကို တင်းရင်းစေသော ပရိုတိန်းဓာတ်များ ပျက်စီးပြီး အရွယ်နှင့် မလိုက်အောင် ပါးရေ နားရေ နဖူးရေ တွန့်မှုများ ဖြစ်ပွားတတ်သည်။ တစ်ရက် ဆေးလိပ် တစ်လိပ်နှုန်း သောက်ခြင်းသည်ပင် အရေပြားကို အာဟာရဓာတ် ပြတ်လပ်အောင် လုပ်ပစ်နိုင်သည်။
ဆေးလိပ်ဖြတ်ပါ။ ပြီးလျှင် ဗီတာမင်စီ ဓာတ်ရစေမည့် အစားအသောက်များ စားပါ။ ဗီတာမင်စီ ဆေးပြားများ လိုအပ်ပါက သောက်ပေးပါ။ ဗီတာမင်စီသည် အရေပြားကို တင်းရင်းစေသော ပရိုတိန်းဓာတ်များ ပြန်ဖွံ့ဖြိုးလာအောင် လုပ်ပေးနိုင်သည်။
လည်ပင်း တစ်ဝိုက်မှာ အမည်းကွင်း ပေါ်လာပြီဆိုရင် အချိုတွေ သိပ်စားနေမိလို့ ဆိုတာ သတိရပါ။လည်ပင်း တစ်ဝိုက်မှာ အညိုအမည်းကွင်းမျိုး ပေါ်လာပြီဆိုရင် ဆီးချို ဖြစ်နိုင်ခြေ ရှိနေပြီ ဆိုတာ သတိရပါ။ ထိုလက္ခဏာသည် ခန္ဓာကိုယ်က အင်ဆူလင်ဓာတ်ကို တွန်းကန်နေခြင်း လက္ခဏာလည်း ဖြစ်သည်။ အင်ဆူလင်သည် သွေးတွင်း သကြားဓာတ်ကို ချေဖျက်ပေးသည်။ အင်ဆူလင် လုပ်ငန်းစဉ် ထိခိုက်လျှင် သွေးတွင်း သကြားဓာတ်တိုးလာကာ ဆီးချိုဖြစ်ပွားဖို့ လမ်းစဖြစ်သည်။
သကြားဓာတ် နည်းသော အစားအစာများ ရွေးချယ် စားသုံးခြင်း၊ အာဟာရ မျှတအောင် စားသုံးခြင်းဖြင့် သွေးတွင်း သကြားဓာတ် မြင့်မားမှုကို လျှော့ချနိုင်မည်။ ထိုအခါ လည်ပင်းတစ်ဝိုက် အမည်းကွင်း ထွက်ခြင်းမျိုးပါ လျော့ကျ ပျောက်ကွယ်သွားမည် ဖြစ်သည်။
Credit : messenger
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...