iMyanmarHouse.com - Best Property Website for Myanmar
×










စာလုံးဆက်ရတာ ပျင်းနေပြီလား။ ဥာဏ်စမ်းတွေ ဖြေနေရတာ  စိတ်မပါတော့ဘူးလား။  ဘာကြောင့်  သစ်ပင်မတက် ကြည့်သနည်း။

ကလေးဘ၀က သစ်ပင်တက်တာမျိုး၊ ခြေပြောင်နဲ့ လျှောက်ပြေးတာမျိုး၊ မြေကြီးမှာ ၀မ်းလျားမှောက် တွားသွားတာမျိုး တွေသည် ဦးနှောက်စွမ်းအားကို တက်လာစေသော လှုပ်ရှားမှုများ ဖြစ်သည်ဟု သိပ္ပံပညာရှင်များက ဆိုလိုက်သည်။ ဖုန်းနံပါတ် မှတ်သားခြင်း၊ လမ်းကြောင်းမှတ်သားခြင်း၊ ဈေးဝယ်စာရင်း မမေ့အောင် မှတ်ထားခြင်းစသော အလုပ်မှတ်ဉဏ်မျိုးသည် သစ်ပင်တက်ခြင်း ကဲ့သို့သော လှုပ်ရှားမှုမျိုး ပြုပြီးလျှင် (၅၀) ရာခိုင်နှုန်းလောက် ပိုတက်လာကြောင်း လေ့လာတွေ့ရှိခဲ့ရသည်။

ကလေးဘ၀ကလို သစ်ပင်တက် ဆော့ကစားဖို့ အခြေအနေမရှိသူများ အနေဖြင့်လည်း စိတ်ပျက်ရန်တော့ မရှိ။ ဘောလုံးကစား၊ ပြေးလွှား၊ တင်းနစ်ရိုက် စသော ကိုယ်လက်လှုပ်ရှားရသည့် လုပ်ငန်းများသည်လည်း ဦးနှောက် စွမ်းအားကို တက်စေနိုင်စွမ်း ရှိကြောင်း လေ့လာမှု စစ်တမ်းက ဆိုသည်။

ဖလော်ရီဒါ မြောက်ပိုင်း တက္ကသိုလ်မှ သုတေသန ပညာရှင်များသည် အသက် (၁၈)မှ (၅၉)ကြား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၇၂)ဦး၏ ဉဏ်အစွမ်းကို စမ်းသပ်ခဲ့သည်။ ကိန်းဂဏန်းများကို ပြောင်းပြန် မှတ်သားခိုင်းသည်။ ထိုသူများကို နှစ်စုခွဲလိုက်သည်။ ပထမ တစ်စုကို တစ်ရက် နှစ်နာရီနှုန်းဖြင့် အခက်အခဲ ဖြတ်ကျော်ရသည့် လှုပ်ရှားမှုများ လုပ်ခိုင်းသည်။ သစ်ပင်တက်ခြင်းမျိုး၊ ခြေဗလာဖြင့် ပြေးလွှားခြင်းမျိုး၊ သစ်သားတန်း ကျဉ်းကျဉ်းပေါ်တွင် တွားသွားခိုင်းခြင်းမျိုး ဖြစ်သည်။

နောက်တစ်စုကိုကား ယောဂ လေ့ကျင့်ခိုင်းခြင်း၊ ဟောပြောပွဲ နားထောင်ခိုင်းခြင်းမျိုး လုပ်ခိုင်းသည်။ ထို့နောက် ထိုနှစ်စု၏ အလုပ်မှတ်ဉဏ်ကို စမ်းသပ်သည်။ ထိုအခါ အခက်အခဲ ဖြတ်ကျော် လှုပ်ရှားမှုများ ပြုသော အစုသည် ဦးနှောက်အစွမ်း ပိုထက် နေကြကြောင်း  လေ့လာတွေ့ရှိခဲ့သည်။ လေ့လာမှု စစ်တမ်းကို Perceptual and Motor Skills ဂျာနယ်တွင် ထည့်သွင်းဖော်ပြထားသည်။

 ယောဂ လေ့ကျင့်သော၊ ဟောပြောပွဲ နားထောင်သော အစုသည် ပထမအစုလောက် အလုပ်မှတ်ဉဏ် မတိုးတက်ကြောင်းလည်း တွေ့ရှိရသည်။ သစ်ပင်တက်ခြင်းသည် ခြေ၊ လက်များ မည်သည့်နေရာတွင် မည်သို့ထားသည်၊ မည်သို့ ထိန်းချုပ်ခိုင်း စေရမည်ကို အချိန်ပြည့် သတိထားနေရ သောကြောင့် အလုပ်မှတ်ဉဏ်ကို အပြင်းအထန် လေ့ကျင့်ပေးရာ ရောက်သဖြင့် ဦးနှောက်အစွမ်းကို ပိုထက်စေခြင်း ဖြစ်ကြောင်း သိရသည်။

Credit : messenger

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top