iMyanmarHouse.com - Best Property Website for Myanmar
×

ကျွန်တော်တို့ လူတော်တော်များများဟာ ကြုံရာနေရာမှာ ကျရာတာဝန်ကို ထမ်းဆောင်နေကြပါတယ်။ အဲ့ဒီအတွက်လည်း တစ်ခါတလေ မိမိ လုပ်နေရတာကို မပျော်တာ၊ အလုပ်ခွင်စိတ်ကျေနပ်မှု မရှိတာတွေ ဖြစ်လာတတ်ပါတယ်။ ဘ၀မှာလည်း တစ်ခါတလေ အဓိပ္ပါယ်မဲ့ သလို ခံစားရတတ်ပါတယ်။ ဒါကြောင့် တစ်ခါတရံ ကိုယ့်ကိုကိုယ် ပြန်လည် သုံးသပ်ပြီး ကိုယ့် ရဲ့  ဘ၀ကို ပြောင်းလဲ သင့် ပြောင်းလဲ ရပါမယ်။ ဒါပေမယ့် နေရာတစ်ခု မှာ အထိုင်ကျနေတဲ့ သူအတွက်တော့ ပြောင်းလဲ ဖို့ ရာ အရမ်းကြီး မတိုက်တွန်းလိုပါ။ ဘာလို့ လဲဆိုတော့ သင့်ကို မှီခိုနေတဲ့ မိသားစုတွေ ရှိနိုင်ပါသေးတယ်။
လူငယ်တွေအတွက်ကတော့ ဘ၀ ခရီး မစခင်မှာ ကိုယ့် ဘ၀ကို ရှာဖွေ တတ်စေချင်ပါတယ်။ ဒါဆိုလျှင်တော့ ဘ၀မှာ ပိုပြီးအောင်မြင်တဲ့လူ၊ အဓိပ္ပါယ်ပြည့်စုံတဲ့သူတွေ ဖြစ်လာမှာပါ။ ဒါဆိုလျှင် ဘယ်လို ရှာဖွေကြမလဲ။ အောက်မှာ ဆက်ဖတ်ကြည့်ပါခင်ဗျာ။

၁။ သင့်ရဲ့ အပျော်ရွှင်ဆုံး အချိန်တွေကို ပြန်လည် စဉ်းစားသုံးသပ်ပါ။
သင့်ကိုသင် ဘယ်လို မျိုး အချိန်မှာ ပျော်ရွှင်လဲ၊ ဘ၀ကို တန်ဖိုးရှိတယ်လို့ ထင်လဲဆိုတာကို ရိုးရိုးသားသား သုံးသပ်ကြည့်ပါ။ လူတွေနဲ့ ဆက်ဆံပြီး လူတွေရဲ့ အခက်အခဲတွေ ဖြေရှင်းရတာကို ပျော်လား၊ ကျေနပ်လား။ ဒါမှ မဟုတ် ကွန်ပြူတာ တစ်လုံးနဲ့ ပဲ အလုပ်ရှုပ်နေရတာကို ဘ၀ခံယူလား၊ စီးပွားရေး လုပ်ငန်းတွေ အကြောင်းဖတ်နေရတာ၊ စဉ်းစားနေရတာ ကို သဘောကျလား။
လူတွေနဲ့ ဆက်ဆံရတာကို ပျော်တယ်၊ ကျေနပ်တယ်ဆိုယင်တော့ customer service လို အလုပ်မျိုး ကို ရွေးချယ်သင့်ပါတယ်။ ကွန်ပြူတာ နဲ့ ပဲ ပျော်တယ်ဆိုလျှင်တော့ IT လိုင်းလို မျိုး စဉ်းစားပေါ့။

၂။ သင့် ပင်ကိုဗီဇ ကျွမ်းကျင်မှုကို သုံးသပ်ပါ။
လူတိုင်းမှာ ပင်ကို ဗီဇ အရ ကျွမ်းကျင်တဲ့ အရာတွေ ရှိပါတယ်။ သင်တန်းတွေတက်၊ စာတွေ သင်လို့ ကျွမ်းကျင်လာတာ မဟုတ်ပဲ ပင်ကို အရကို ကျွမ်းကျင်နေတဲ့ အရာမျိုးပေါ့။
လူတစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ ကျွန်တော်ဆိုလျှင် ရှုပ်ထွေးတဲ့ data တွေထဲကနေ အဖြေကို ရှာဖွေရတာ၊ data တွေကို ရှင်းလင်းရတာကို ကျွမ်းကျင်ပါတယ်။ အဖြေကို လွယ်လွယ်ကူကူနဲ့ ရှာဖွေတတ်ပါတယ်။ (ပင်ကို ဗီဇ အရ data တွေကို အလိုအလျောက် သိလာတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အရှုပ်အထွေးတွေကို ရှင်းတဲ့ အချိန်မှာ နားလည် လွယ်တယ်၊ အဖြေကို စဉ်းစားတတ်တာ မြန်တယ် ကို ဆိုလိုတာပါ)
အချို့ လူတွေဆိုလျှင် ဒီဇိုင်းလေးတွေ ကို စဉ်းစားတတ်တာ၊ အ၀တ်အစား အရောင်စပ်တာ ကို ကျွမ်းကျင်ပါတယ်။ အချို့ လူတွေကတော့ စိတ်ကူးစိတ်သန်းကောင်းလေးတွေ အမြဲ ထွက်ပေါ်နေတတ်တယ်။။
အဲ့ဒီလို ပင်ကို ဗီဇ အရ ကျွမ်းကျင်တဲ့ အရာတွေကို အခြေခံတဲ့ အလုပ်အကိုင်မျိုးကို ဘ၀ အတွက် ရွေးချယ်လိုက်ယင် သင့်အတွက် ပိုပြီး အောင်မြင်မှု ရရှိနိုင်ပါတယ်။

၃။ သင့်ကို စိတ်ဓါတ် ခွန်းအားပေးစွမ်းနိုင်သော အရာများကို သုံးသပ်ပါ။
လူတစ်ဦးချင်ဆီမှာ အားကျရတဲ့ သူ၊ စိတ်ခွန်အားပေးစွမ်းနိုင်တဲ့ သူတွေ ရှိပါတယ်။ အဲ့ဒီလို သင့်ကို စိတ်ခွန်အား ပေးစွမ်းနိုင်တဲ့သူ သုံးယောက်ကို ချရေးလိုက်ပါ။ ပြီးလျှင် သူတို့ ဆီမှာ ရှိတဲ့ (လူတွေကလည်း အသိအမှတ်ပြုထားတဲ့) လုပ်ဆောင်ချက်တွေကို ချရေးလိုက်ပါ။ ပြီးလျှင်တော့ အဲ့ဒီ သူတွေရဲ့  လုပ်ဆောင်ချက်တွေက သင့်ကို ဘယ်လို စိတ်ခွန်အား ပေးလဲ ဆိုတာကို လေ့လာသုံးသပ်ပါ။ နောက်ဆုံးအနေနဲ့ တော့ အဲဒီ လုပ်ဆောင်ချက်တွေဟာ သင်ရော လုပ်ချင်တဲ့ အရာတွေလားဆိုတာကို ထပ်မံလေ့လာကြည့်ပါ။ တော်တော်များများအရာတွေဟာ သင်လုပ်ချင်တဲ့ အရာတွေ ဖြစ်နေပါလိမ့်မယ်။ အဲဒါကြောင့်လည်း သူတို့ ရဲ့ အောင်မြင်မှုတွေက သင့်ကို စိတ်ခွန်အားတတ်ကြွနေစေတာပေါ့။

၎။ သင့်ကို အခြားသူတွေ ဘယ်အချိန်မှာ လိုအပ်လဲ ဆိုတာကို လေ့လာသုံးသပ်ပါ။
တစ်ခါတရံ သင့်ရဲ့ ကျွမ်းကျင်မှု၊ အားသာမှု ကို သင်ကိုယ်တိုင် သတိမထားဖြစ်တာ ရှိတတ်ပါတယ်။ ဒါပေမယ့် သင့် ပတ်ဝန်းကျင်မှာ ရှိတဲ့ အခြားသူတွေက ဒါကို သတိထားမိပါတယ်။ အဲ့ဒီလို သတိထားမိပြီး သူတို့ လိုအပ်တဲ့ အချိန်မှာ သင့်ကို အကူအညီတောင်းပါလိ့မ်မယ်။ သူတို့ အကူအညီတောင်းတဲ့ အရာဟာ သင့်ရဲ့ ကျွမ်းကျင်ရာ၊ အားသာရာ ဖြစ်ဖို့ များပါတယ်။

၅။ သင့်ဘ၀မှာ ဘာကို တန်ဖိုးထားတယ် ဆိုတာကို လေ့လာပါ။
သင့်ဘ၀မှာ သင်ဟာ စည်းကမ်းရှိတာကို တန်ဖိုးထားတာလား။ ပညာကို တန်ဖိုးထားတာလား။ ပိုက်ဆံ ကို တန်ဖိုး ထားတာလား။ အဲ့ဒါကို သေချာလေ့လာသုံးသပ်ပါ။
ပညာကို တန်ဖိုးထားလျှင်တော့ ပညာနဲ့ ဆိုင်တဲ့ အလုပ်အကိုင်မျိုးကို စဉ်းစားသင့်ပါတယ်။ ပိုက်ဆံကို တန်ဖိုးထားတာဆိုလျှင်တော့ စီးပွားရေး ပိုင်းကို ရွေးသင့်ပါတယ်။ ဒါတွေက ဥပမာပေးတာပါ။

၆။ သင့်ရဲ့ ကျွမ်းကျင်မှု ကို လေ့လာပါ။
အပေါ်မှာတော့ ပင်ကို ဗီဇ အရ ပါလာတဲ့ ကျွမ်းကျင်မှုကို ပြောခဲ့ပါတယ်။ အခု ပြောမှာကတော့ သင်ယူ တတ်ကျွမ်းလာတဲ့ (ဒါမှမဟုတ်) ဘ၀မှာ ကြုံတွေ့ လာတဲ့ အခြေအနေတွေအရ ဖြစ်ပေါ်လာတဲ့ ကျွမ်းကျင်မှုတွေပေါ့။ ဥပမာ သင်က လူတွေရှေ့ မှာ စကားပြောကောင်းတယ်၊ လူတွေကလည်း သင့်ကို ခဏခဏ စကားထွက်ပြောခိုင်းတဲ့ နေရာမှာ တာဝန်ပေးတယ် ဆိုယင်တော့ သင့်ရဲ့ ကျွမ်းကျင်မှုဟာ public speaking လို့ သတ်မှတ်လို့ ရပါတယ်။

၇။ သင့်ကို စိန်ခေါ်စေနိုင်တဲ့အရာ၊ အခက်အခဲ ဖြစ်စေနိုင်တဲ့အရာတွေကို လည်း သုံးသပ်ပါ။
ဘယ်အရာတွေက သင့်ကို အခက်အခဲ ဖြစ်စေနိုင်လဲ။ စိန်ခေါ်မှု ဖြစ်စေနိုင်လည်းဆိုတာကို လည်း သုံးသပ်သင့်ပါတယ်။ အဲ့ဒီအရာတွေကနေ သင့်ရဲ့ အားနည်းချက်ကို သိရှိနိုင်ပါတယ်။
နောက်တစ်ခုကတော့ အဲ့ဒီအခက်အခဲ၊ စိန်ခေါ်မှုတွေကို သင်ဘယ်လို ရင်ဆိုင်ဖြေရှင်းလဲ ဆိုတာကို သုံးသပ်ပါ။ အဲဒီလို ဖြေရှင်းလိုက်တဲ့ သင့်လုပ်ဆောင်ချက်မှာ သင့်ရဲ့ ကျွမ်းကျင်မှု ကို တွေ့ ရပါလိမ့်မယ်။

၈။ သင့်ရဲ့ ပရိသတ် ကို လေ့လာပါ။
လူတိုင်းမှာ ပရိသတ် ရှိပါတယ်။ ပရိသတ်ဆိုလို့ သင့် ရဲ့ အနုပညာကို ကြိုက်တဲ့ ပရိသတ်ကို ပြောတာ မဟုတ်ပါဘူး။ သင်နဲ့ ဆက်ဆံလို့ အဆင်ပြေတဲ့၊ သင်အပေါ်မှာ ယုံကြည်တဲ့ လူတွေကို ပြောတာပါ။ အဲ့ဒီ လူတွေကို ခွဲခြမ်းစိတ်ဖြာကြည့်ပါ။ အမျိုးသမီးများလား၊ အမျိုးသားများလား၊ ရွယ်တူများလား၊ အသက်ကြီးတာများလား၊ အသက်ငယ်တာများလား၊ မျိုးစုံ ခွဲခြမ်းစိတ်ဖြာကြည့်ပါ။
ပြီးလျှင်တော့ သင်က ဘယ်လို လူမျိုးတွေနဲ့ ပိုပြီး အဆင်ပြေတယ်ဆိုတာ နားလည်လာပါလိမ့်မယ်။ သင့်မှာ အဲ့ဒီလိုလူမျိုးတွေနဲ့ ဆက်ဆံတဲ့ နေရာမှာ အားသာချက် ရှိနေပါတယ်။ ဒါဆိုလျှင် သင်အလုပ် တစ်ခု ရွေးမယ်ဆိုလျှင်လည်း အဲ့ဒီလို လူမျိုးတွေနဲ့ များများဆက်ဆံရတဲ့ အလုပ်မျိုးဆိုလျှင် အောင်မြင်မှု ပိုရနိုင်ပါတယ်။

၉။ သင် ဘာကို ယုံကြည်တယ် ဆိုတာကို လေ့ လာသုံးသပ်ပါ။
ဒါကတော့ နောက်ဆုံး ဆင့်ပါပဲ။ သင့်ကို သင် ဘာကို ယုံကြည်တယ်ဆိုတာကို သိဖို့ လိုပါတယ်။ သင် တန်ဖိုးထားတဲ့ အရာတွေ၊ လေးစားတဲ့ အရာတွေနဲ့ အတူ အရေးကြီးတာက သင်ယုံကြည်တာပါ။ သင်က “ပညာရွှေအိုး လူမခိုး” ဆိုတာကို ယုံကြည်တယ်ဆိုလျှင်တော့ သင့်ရဲ့ ဘ၀ လမ်းကြောင်းဟာ ပညာရေးနဲ့ သက်ဆိုင်တဲ့ လမ်းကြောင်းပေါ်လျှောက်လှမ်းရပါမယ်။ “ကျန်းမာခြင်းဟာ လာဘ် တစ်ပါး” လို့ ဆိုလျှင်တော့ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ လမ်းကြောင်းပေါ့ ။ အဲ့ဒီ ယုံကြည်မှုပေါ်လိုက်ပြီး သင့်ဘ၀ကို ဖန်တီးယူတာ အကောင်းဆုံးပါပဲ။
ဒါပေမယ့် အရေးကြီးတဲ့ အချက်ကတော့ သင့်ရဲ့ ယုံကြည်မှုတွေဟာ အချိန်နဲ့ အမျှပြောင်းလဲနေလားဆိုတာကိုလည်း လေ့လာသုံးသပ်ပါ။ နောက်တစ်ခုကတော့ တစ်ခုခုကို ယုံကြည်ပြီးလျှင် ပိုပြီး လေးလေးနက်နက် ယုံကြည်လာတာလား။ ဆိုတာကို လည်း သိသင့်ပါတယ်။ သတိထားရမှာကတော့ အပေါ်ယံယုံကြည်မှုကို တကယ့် ယုံကြည်မှု အနေနဲ့ အယူမှားသွားမှာကို မဖြစ်စေချင်လို့ ပါ။

အပေါ်မှာ ရေးခဲ့တဲ့ အချက် (၉) ချက်ကတော့ ဘ၀ ကို ရှာဖွေနည်းပါပဲ။ အပေါ်က အချက်တွေ အားလုံးနဲ့  ဘ၀ကို ပြန်လည် သုံးသပ်ကြည့်ပါ။ အဲ့ဒါဆိုလျှင်တော့ သင့်ဖြစ်ချင်တဲ့ ဘ၀ ရုပ်လုံးလေး ပေါ်လာပါလိမ့်မယ်။ အချိန်မှီသေးတယ်ဆိုလျှင်တော့ သင့် ဖြစ်ချင်တဲ့ ဘ၀ လမ်းကြောင်းကို ဦးတည် နိုင်ပါတယ်။ နောက်ဆုံး အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တကယ် ဖြစ်ချင်တဲ့ ဘ၀လမ်းကြောင်း ကို ဦးမတည်နိုင်တော့လျှင်တောင် ၀ါသနာ အတွက်ပဲ ဖြစ်ဖြစ်၊ ဘ၀ အဓိပ္ပါယ် ပြည့်ဝ ဖို့ အတွက် ပဲ ဖြစ်ဖြစ် လုပ်ဆောင်နိုင်ပါတယ်။
စာဖတ်သူအားလုံး ကိုယ်တကယ် ဖြစ်ချင်တဲ့ ဘ၀ ကို ရှာဖွေနိုင်ကြပါစေ။
အားလုံးကို ကျေးဇူးတင်ပါတယ်။

Credit :ကိုဟိန်း (Prospect Myanmar)

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top