အကြားအာရုံ ချို့ယွင်းသော သက်ကြီးပိုင်းများ အသက်အန္တရာယ်ပိုများ
အကြားအာရုံ ချို့ယွင်းသော လူကြီးပိုင်းများသည် အကြားအာရုံ ပုံမှန်ရှိသော လူကြီးပိုင်းများနှင့် ယှဉ်လျှင် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးနိုင်ခြေ ပိုများကြောင်း လေ့လာမှု စစ်တမ်းတစ်ရပ်က ဖော်ပြလိုက်သည်။
အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် ဘလာတီမိုးမြို့ရှိ ဂျွန်ဟော့ကင်း ဆေးတက္ကသိုလ်မှ ဒေါက်တာကီဗင် ကော်တာရာနှင့်အဖွဲ့က လေ့လာ သုတေသန ပြုခဲ့ခြင်း ဖြစ်ပြီး JAMA Otolary ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။ အမေရိကန်နိုင်ငံ တစ်ဝန်းမှ သက်ကြီးပိုင်း (၁၆၆၆)ဦးကို လေ့လာစစ်တမ်း ကောက်ထားသည်။ ၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်ကြားတွင် အကြားအာရုံ ချို့ယွင်းနှုန်း သေဆုံးနှုန်းများကို စစ်တမ်းပြုစုသည်။
စစ်တမ်းရလဒ်များကို ကောက်ချက် ဆွဲကြည့်သည့်အခါ အကြားအာရုံ ဆိုးဆိုးဝါးဝါး ချို့ယွင်းသူများသည် ပုံမှန်သမားများထက် အကြောင်းအမျိုးမျိုးဖြင့် သေဆုံးနိုင်ခြေ (၅၄) ရာခိုင်နှုန်း ပိုများကြောင်း တွေ့ခဲ့ရသည်။ အသင့်အတင့် အကြားအာရုံ ချို့ယွင်းသူများသည်လည်း ပုံမှန်သမားများနှင့် ယှဉ်လျှင် သေဆုံးနိုင်ခြေ (၂၇) ရာခိုင်နှုန်း ပိုများကြောင်း တွေ့ရသည်။
အမေရိကန်နိုင်ငံတွင် အသက် (၇၀) အထက် လူကြီးပိုင်း သုံးပုံနှစ်ပုံသည် အကြားအာရုံ ချို့ယွင်းနေကြကြောင်းလည်း စစ်တမ်းက ဖော်ပြသည်။
ဖိုးသူတော်(www.phothutaw.com)
Credit : messenger