iMyanmarHouse.com - Best Property Website for Myanmar
×












အပစ်အခတ် ဗီဒီယိုဂိမ်းများသည် အကြမ်းဖက်ချင်စိတ် ပိုဖြစ်စေသည်။ အပေါင်းအသင်း ညံ့စေသည်ဟု ဝေဖန်ခံနေရ သော်လည်း အကောင်းဘက်က ရှုကြည့်မည်ဆိုပါက ဦးနှောက် သွက်လက်သည့် အကျိုးကိုတော့ ခံစားရစေကြောင်း သိရသည်။

အပစ်အခတ်ဂိမ်းများ ဆော့ခြင်းကြောင့် ဦးနှောက် သွက်လက် ထက်မြက်မှု အကျိုးရခြင်းသည် ဦးနှောက် လေ့ကျင့်ပေးရန် ရည်ရွယ် ဖန်တီးထားသော ပညာပေးဂိမ်းမျိုးကို ဆော့ခြင်းထက်ပင် အကျိုးပိုများသေးကြောင်း သုတေသီများက ဆိုလိုက်သည်။

အထက်ပါ သုံးသပ်ချက်ကို ထုတ်ပြန် ပြောကြားခဲ့သူများမှာ ၀င်စ်ကွန်ဆင်  မက်ဒီဆင် တက္ကသိုလ်မှ လက်ထောက် ပါမောက္ခ ဒေါက်တာ ရှောင်ဂရင်းနှင့် ကယ်လီဖိုးနီးယား ရစ်ဗားဆိုက်ဒ် တက္ကသိုလ်မှ ဒေါက်တာ အေရွန်ဆဲဇ်တို့ ဖြစ်သည်။ အထူးသဖြင့် အလျင်အမြန် ရွေ့လျားနေသော ပစ်မှတ်များကို ပစ်ခတ်ရသည့် ဂိမ်းမျိုး၊ အရှောင်အတိမ်း များသော ဂိမ်းမျိုး၊ အန္တရာယ်ပေါင်းစုံကို အာရုံစိုက် ရှောင်ကွင်း ရသည့် ဂိမ်းမျိုး၊ လျင်မြန်သွက်လက် တိကျစွာ လှုပ်ရှားရသည့် ဂိမ်းမျိုးတွေသည် ဆော့သူ၏ ဦးနှောက်ကိုပါ သွက်လက် တိကျ ထက်မြက်လာ စေနိုင်စွမ်းရှိကြောင်း ပညာရှင်နှစ်ဦးက ဆိုလိုက်သည်။

ထိုသို့ အပစ်အခတ်  အလှုပ်အရှား ဂိမ်းများကြောင့် လူသည်  အာရုံကို အလွန်အမင်း စူးစိုက်ထားရသလို၊ ဦးနှောက်ကိုလည်း တစ်ချိန်လုံး မြန်နှုန်းမြင့် အလုပ်ခိုင်း နေရသောကြောင့် ဂိမ်းထဲတွင် သာမက ပြင်ပတွင်ပါ လျင်မြန်စွာ တုံ့ပြန်နိုင်စွမ်း မြင့်တက်လာရ သည်ဟု ပါမောက္ခ ဂရင်းက ပြောသည်။

အပစ်အခတ် ဗီဒီယိုဂိမ်းများသည် လူမှုဆိုးကျိုးများ ရှိသည်မှန်သော်လည်း ကောင်းသည့်ဘက်က အသုံးချနိုင်ပါကလည်း လူ့ဦးနှောက် ကျန်းမာထက်မြက်ရေး အတွက် များစွာအသုံးဝင်ကြောင်း ဒေါက်တာဆဲဇ်က ပြောသည်။ ၎င်းတို့နှစ်ဦး၏ သုံးသပ်ပြောကြားချက် များကို Behavioral and Brain Sciences ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။

Credit : messenger

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top