iMyanmarHouse.com - Best Property Website for Myanmar
×

တန်ဆောင်တိုင်ကို အနမ်းဝိုင်ဆိုတဲ့ ကားကြီးရိုက်ရင်း တောင်ကြီးမှာ ဖြတ်သန်းမယ်လို့ပြောပြလာတဲ့ ၀တ်မှုန်ရွှေရည်က လက်ရှိမှာ ခရေဆိုတဲ့ ကားကြီးကို မြင့်မြတ်နဲ့အတူ ပါဝင်သရုပ်ဆောင်နေတာကြောင့် သူမနဲ့တွေ့ဆုံခိုက်

-အခုရိုက်နေတဲ့ ကားကြီးအကြောင်းကို အရင်ပြောပြပေးပါဦး။

ခရေတဲ့။ ဒါရိုက်တာက ကိုဝိုင်း၊ မင်းသားက ကိုမြင့်မြတ်ပါ။ ကစ်က ဒီကားထဲမှာ ဆင်းရဲတယ်။ အရမ်းကိုအောင်မြင်တဲ့မော်ဒယ်လ်ဖြစ်ချင်တဲ့ ကောင်မလေးပေါ့။

-ငယ်ဘ၀ကျောင်းသူအခန်းတွေပါတာလား။ ငယ်ဘ၀ရိုက်ရတဲ့ စိတ်ခံစားချက်လေးက ဘယ်လိုရှိလဲ။

ခံစားချက်ကတော့ တချို့ဇာတ်ကားတွေလဲ ကျောင်းသူဘ၀ ကာရိုက်တာတွေလုပ်ရတယ်။ ဇာတ်ကားတော်တော်များများမှာတော့ ကျောင်းသူဘ၀လုပ်ရတာတွေများလာတော့ ပထမစစချင်း ကျောင်းသူဘ၀ ရိုက်ရတာလောက် အသစ်မဖြစ်ဘူးပေါ့နော်။

-အရှေ့မှာလဲ Bangkok to Mandalay ဇာတ်ကားကြီးကိုရိုက်တာတွေ့ရတယ်။ ဖက်ရှင်ပိုင်းနဲ့အပြင်အဆင်ပိုင်းတွေက စနစ်တကျပြင်ဆင်ထားတာတွေ့ရတယ်။ အဲ့ဒီအပိုင်းနဲ့ပတ်သက်ပြီးတော့လဲ သိချင်ပါတယ်။

ကစ်က အဲ့ဒီကားထဲမှာ သရုပ်ဆောင်တဲ့ အပိုင်းပဲခေါင်းထဲ ထည့်ဖို့လိုတယ်။ ကျန်တဲ့ပြင်ဆင်မှုအပိုင်းက ထိုင်းဖက်က အားလုံးစီစဉ်ပေးတယ်။ ကောင်းတဲ့ပညာတွေ အတွေ့အကြုံတွေ အများကြီးရပါတယ်။ သူတို့ အလုပ်လုပ်တဲ့ပုံစံက အရမ်းစနစ်ကျတယ်လေ။ ဆက်တင်တွေ ဘာတွေကအစ ဒီကဟာတွေမဟုတ်ဘူး။ သူတို့အကုန်လုံးသယ်လာတာ။ ဆိုင်တစ်ဆိုင် လုပ်မယ်ဆိုရင် အစအဆုံး ဆက်တင်နဲ့ပဲလုပ်တာ။ အိမ်ကြီး တစ်အိမ်လုံးဆိုလဲ အစအဆုံး လုပ်တာ။ ပြင်ဆင်ထားပြီးသားပေါ့။ အခက်အခဲမရှိဘူး။ အတွေ့အကြုံကောင်းတွေရတာပေါ့။ ပေါ့ပေါ့ပါးပါး အရမ်းဖြစ်တယ်။ ရှုတင်မှာဆိုရင် မှန်တောင်ကြည့်စရာမလိုဘူး။ ကိုယ့်ကိုကိုယ် ထက်တောင် သူတို့ကကိုယ့်ကို ပိုစိုးရိမ်သေးတယ်။ ခေါင်းပေါ့တာပေါ့။ အဓိကအိုက်တင်ပိုင်းပဲပေါ့။ ဒီမှာကကျတော့ အစအဆုံးကိုယ်ပဲစဉ်းစားရတယ်။ ဒီမှာလဲ အဲ့ဒီလိုမျိုးလေးတွေဖြစ်စေချင်ပါတယ်။ ကောင်းပါတယ်။

-ကစ် NLD နိုင်သွားတဲ့ စိတ်ခံစားချက်လေးကိုသိချင်ပါတယ်။

ကစ်ကိုယ်တိုင်က ပြည်သူထဲကပြည်သူတစ်ယောက်ပဲဆိုတော့ ကစ်လဲပြည်သူတွေနဲ့ထပ်တူထပ်မျှဝမ်းသာပါတယ်။

-အခုရွေးကောက်ပွဲလဲပြီးသွားပြီဆိုတော့ မြန်မာနိုင်ငံကို ဖြစ်စေချင်တဲ့ ဆန္ဒလေးကိုလဲသိချင်ပါတယ်။

ဖြစ်စေချင်တာကတော့ အများကြီးပေါ့နော်။ ဒါပေမဲ့ဖြစ်စေချင်တိုင်းနဲ့လဲ ဘယ်လိုခေါ်မလဲ ဒီလူတစ်စုကပဲ ပြောင်းလဲနေလို့မရဘူး။ လူတိုင်းလူတိုင်း တစ်ယောက်ချင်းစီမှာ တာဝန်ရှိတယ်လို့ကစ်ထင်တယ်။ ဘယ်သူမဆို မျိုးစုံပြောင်းလဲလာမယ်ဆိုရင် လူတွေရဲ့ပြောင်းလဲသင့်တဲ့ အရာတွေ၊ လိုအပ်နေတဲ့ လိုအပ်ချက်တွေ သိပြီးတော့ ကိုယ်ကိုတိုင်လဲ ကောင်းချင်တဲ့စိတ်နဲ့ပြောင်းလဲပြီးတော့ကိုယ်ကိုတိုင်လဲ ကြိုးစားမှ လိုချင်တဲ့ အနေအထားကိုရောက်မှာပေါ့။ ပတ်ဝန်းကျင်ကြီးပဲပြောင်းလဲနေလို့လဲမရဘူး။ ကိုယ်ကိုတိုင်လဲ ပြောင်းလဲသင့်တာတွေကိုပြောင်းလဲရမှာပေါ့။ အားလုံးကောင်းမယ်ဆိုတဲ့စိတ်နဲ့ ကောင်းဖို့ဆိုတဲ့ စိတ်နဲ့အားလုံးလက်တွဲပြီး စည်းစည်းလုံးလုံးနဲ့တစ်စိတ်တစ်ဝမ်းတည်းဖြစ်ကြရင်တော့ လိုချင်တဲ့ အနေအထားဖြစ်ချင်တဲ့ အနေအထားတစ်ခုကို ရောက်မှာပါ။

-တန်ဆောင်တိုင်ကရော ဘယ်မှာရှိမလဲ။

တောင်ကြီးမှာ တန်ဆောင်တိုင်မှာ ကားကြီး ရိုက်ဖို့ရှိတယ်။ တောင်ကြီးတန်ဆောင်တိုင် တစ်ခါမှမသွားဖူးဘူး။ ဒါပထမဆုံးပေါ့။ ကားနာမည်က အနမ်းဝိုင်တဲ့၊ ဒါရိုက်တာက အောင်မြတ်၊ မင်းသားကအောင်ရဲလင်းနဲ့ ပါ။ အောင်မြတ်နဲ့ကြော်ငြာတွေ အမ်တီဗီတွေရိုက်ဖူးတယ်။ လူငယ်လဲလူငယ်ဖြစ်တယ်။ ဇာတ်လမ်းကလဲ သူရိုက်နေကျပုံစံလေးပေါ့။ ရိုမန့်စ်လေးဆိုတော့ သူပုံစံလေးနဲ့လဲလိုက်တယ်။ အသစ်လဲဖြစ်တယ်။ အဲ့ဒီတော့ ပရိသတ်တွေအနေနဲ့လဲ အသစ်တစ်ခုဖြစ်လိမ့်မယ်လို့ခံစားရလို့လက်ခံဖြစ်တာပါ။

-ကားကြီးအနေနဲ့ဒီနှစ်ထဲမှာ ဘယ်နှစ်ကားလောက်ရိုက်ဖြစ်လဲ။

ရိုက်ပြီးသားက ၄ကား ထပ်ရိုက်ဖို့က ၃ကားရှိပါသေးတယ်။ အားလုံးပေါင်း ၇ကားပေါ့။ ဗီဒီယိုကတော့ ဒီနှစ်ထဲမှာ ပုံမှန်ထက်နည်းနည်းလေးတော့နည်းတာပေါ့။ ဇာတ်ကားတွေကို သေသေချာချာနဲ့အချိန်လေးပေးပြီး လုပ်ချင်တဲ့အတွက် ဗီဒီယိုကို ဒီနှစ်ထဲမှာ စိစစ်လိုက်ပါတယ်။

-ဇာတ်လမ်းပိုင်းကိုရော ဘယ်လိုမျိုးလေးရွေးချယ်ဖြစ်လဲ။

ဒီမှာ က သူများနိုင်ငံတွေမှာလို ငါးနှစ်နေမှ တစ်ကားရိုက်လို့လဲမရဘူး။ တစ်နှစ်နေမှ တစ်ကားရိုက်လို့လဲမရဘူး။ ဟိုမှာက ငါးနှစ်နေမှ တစ်ကားရိုက်လဲ အဲ့ဒီအောင်မြင်မှုက သက်တမ်းအရှည်ကြီးပဲ။ ဒီမှာက ဇာတ်ကား တစ်ကားရဲ့အောင်မြင်မှုက သက်တမ်းတိုတယ်။ ပရိသတ်တွေ အတွက်ကလဲ အရင်ကတည်းက ဗီဒီယိုဆိုတာရှိနေခဲ့တော့ မရိုက်လို့လဲမရပြန်ဘူး။ ပရိသတ်တွေကလဲ ဗီဒီယိုဆို အမြဲတမ်းကြည့်ချင်နေတယ်။ အဲ့ဒီတော့ ဗီဒီယိုကလဲ ပရိသတ်အတွက် အဆက်အသွယ်တစ်ခုပဲ။ အမြဲတမ်းထိတွေ့နေရတယ်။ ကစ်တို့ကပြောရမယ်ဆိုရင် ကားရိုက် အရေအတွက်တွေများလာတယ်လို့ပြောရမှာ။ ကားရိုက်အရေအတွက် များလာတဲ့အခါဇာတ်တွေကလဲ ရှားလာတယ်။ ဇာတ်တွေရှားလာတဲ့အခါ ကိုယ်တွေက ရွေးချယ်ပြီး အရင်နဲ့ကွဲထွက်တဲ့ဟာတွေကိုကြိုးစားပြီးရိုက်နေရပါတယ်။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top