iMyanmarHouse.com - Best Property Website for Myanmar
×

" ဆရာ သမီးကို ကယ်ပါဦး..
နာလွန်းလို့ပါ ..ဆရာရဲ့ .."

" ဆရာ..သမီးအသက်ရှုရတာ
သိပ်ကျပ်တာပဲ ..သမီးကို
ဆေးလေးထိုးပေးပါလာား ..ဆရာ"

မောဟိုက်ပြင်းရှတဲ့ အသက်ရှုသံတွေကြားမှ
စကားလုံးတွေက တစ်လုံးချင်း
ထွက်လာသည် ..။
မြင်ရကြားရတာ မသက်သာ
လိုက်လေခြင်း ..။
Oxygen လည်း ပေးထားပြီး..
ခုနကမှ Hydrocort တစ်လုံးလည်း
ထိုးထားပြီးရုံပဲရှိသေး .
နာတာ သက်သာအောင်
Tramadol တစ်လုံးလည်း
ထိုးပြီးထားရုံပဲရှိသေး ...။
အော် ညီမရယ် ..
ဒီထက်ပိုပီး ဆရာလုပ်နိုင်တာရှိရင်
ချက်ချင်းလုပ်ပေးပါတယ် ..ခုက ..

↔️ ↔️ ↔️ ↔️ ↔️

"ဆရာ UCG positive နော် "
ထင်မထားပေမယ့်
မထင်ချင်တဲ့အတိုင်း ဖြစ်လာသည်။
၁၉ နှစ် .အိမ်ထောင်မရှိ
အပျိုဆိုတဲ့ ကောင်မလေးမှာ
ဆီးစစ်ကြည့်တာ ကိုယ်ဝန်ရှိတယ်တဲ့ ...
ရောက်လာတာက
ဆီးမသွားနိုင် ဆီးနည်းလွန်းပီး
အသက်ရှုကျပ် မောလို့ဆိုပီး
ရောက်လာတာ ..
ဗိုက်စမ်းကြည့်မှ SPA pain ရော
Abd Pain ရောရှိနေရုံမက
H/O BPV ..amenorrhoea 1mth ..ရာသီမလာတာ ၁ လ'
အောက်က သွေးဆင်းခဲ့တယ်
လို့ပါပြောနေတော့
မသကာင်္လို့ ဆီးစစ်ကြည့်မှ
အဖြေက အဲလိုဖြစ်နေသည် ..။
ခက်ပြီ...
လူနာအစ်မဆိုသော မိန်းကလေးကို
မိန်းကလေးချင်း
အစ်အောက်မေးခိုင်းတော့
ဘာမှ ရေရေရာရာမပြောနိုင်..
အပျိုပါပဲတဲ့ ..ရည်းစားတောင်
မရှိပါဘူးတဲ့ .. ဘယ်သူနဲ့မှလည်း
လွန်လွန်ကျူးကျူး မဖြစ်ဖူးပါတဲ့ ..
ဒါပေသိ ဆရာဝန်တစ်ယောက်ရဲ့ Sense အရ ဒါညာနေတာမှန်း
သိနေသည် ..။
လူနာစောင့်က ၃ ယောက် ။
သူ့အဖေ..သူ့အမေရယ်
သူ့အမဝမ်းကွဲဆိုတာရယ် ..
အကုန်လုံးက ချင်းတိုင်းရင်းသားတွေ ..
အဖေနဲ့ အစ်မက နည်းနည်းပါးပါး
မေးစမ်းလို့ရသေးသည်။
သူ့အမေကတော့ ကိုယ်ဘာပြော
ပြောသူနားမလည်..သူဘာပြော
ပြောကိုယ် နားမလည် ..။
ဆိုတော့ အဲဒီအဖေနဲ့ အစ်မကို
ခေါ်ပြီး ရှင်းပြရသည် ..!

" ဦးလေး ..ဦးလေး သမီးမှာလေ
ကိုယ်ဝန် ရှိမရှိ ဆီးစစ်ကြည့်တာ
အဖြေမှာ နှစ်ကြောင်းပေါ်နေတယ်"
သူ့သမီး အပျိုမလေးမှာ
ကိုယ်ဝန်ရှိတယ်ဆိုတာ တိုက်ရိုက်
မပြောချင်လို့ နှစ်ကြောင်းပေါ်တယ်
လို့ဘဲ သုံးနှုန်းမိသည်..

အဖေဖြစ်သူက
"ဟုတ်ကဲ့..ဆရာ" ဆိုပီး
ရယ်ကျဲကျဲနဲ့ ...
ဘုရားရေ .. သေရော ..
ဒါရယ်စရာတဲ့လား ..
ဒါပေမယ့် သူတို့ရဲ့
Knowlegde level ကို ခန့်မှန်းမိတော့
" ဦးလေး ကျွန်တော်ပြောတာ
ကို နားလည်ရဲ့လား " လို့
ပြန်မေးကြည့်သည် ...

"နားမလည်ပါဘူးဆရာ ..
ဘာပြောတာလဲမသိ " တဲ့...
ကောင်းရော .. ဒါနဲ့လိုရင်းတိုရှင်း
တိုက်ရိုက်ပဲ ပြောပြလိုက်တော့
ထို ချင်းအမျိုးသားကြီး
တော်တော်စိတ်ရှုပ်သွားပုံရသည်။
မျက်နှာမှာ ဝေခွဲမရတဲ့ အမူအရာတွေက အထင်းသား ..
ဖြစ်နိုင်ပါ့မလား တွေးနေပုံရသည်။
ကောင်မလးက ခုမှ ဆယ်တန်းပီးရုံပဲရှိသေး
ရုပ်ရည်က သနားကမားလေး ..
ဆယ်တန်းပြီးပြီးချင်း
သူတို့နယ်ဘက်က NGO တစ်ခုမှာ ဝင်လုပ်နေတာတဲ့ ..
အလုပ်ဝင်ပီး ၁ လအကြာလောက်
မှာဒီလို စဖြစ်လာတာပါတဲ့ ..
ဒီလိုနဲ့ ..လုပ်စရာရှိတာတွေ လုပ်ပေးပြီး Single / Abd pain /
amenorrhoea-1mth, BPV (+) ,UCG ( + ) ve နဲ့ ထိုကလေးမကို
OG ကို urgent show ရသည်။
Ectopic Pregnancy ဖြစ်နေရင်
တိုင်ပတ်ပီလေ ..
မျက်လုံးမျက်ဆန်ပါပြူးရုံမက
နားတွေပါကားရလောက်အောင်
ကြောက်ရတာမျိုး..
ဒါမျိုးက တကယ့်
Emergency ...အချိန်မရွေး
အသက်အန္တရာယ်ရှိသည်ကိုး ...။
ဒီလိုနဲ့ မရွှေချောခမျာ OGWard ကို ရောက်သွားသည် ..။
ကိုယ်ကလည်း စိတ်ဝင်စားလို့
နားစွင့်နေတော့ ဟိုရောက်လို့
JCOG အမက အစ်အောက်ပီး
ပညာသားပါပါမေးတော့မှ
Induced abortion (ကိုယ်ဝန်ဖျက်ချခြင်း ) ဖြစ်နေသည် ...
အလုပ်ထဲက လူတစ်ယောက်နဲ့
တစ်ခါတည်းသာ နယ်လွန်မိသည်တဲ့ ...
မသိလို့ အကာအကွယ်လည်း
မသုံးမိဘူးတဲ့ ..
အဲဒါ ကိုယ်ဝန်ရှိလာတော့
ရှက်လို့ဆိုပီး
ဝါးရိုးချောင်းကို မီးကင်
သားအိမ်ထဲ တိုက်ရိုက်ထိုးပီး
ကိုယ်ဝန်ပျက်ကျအောင်
မွှေတာ .. လုပ်ပေးတဲ့သူ
ကလည်း သူ့အဖွားကိုယ်တိုင်
တဲ့ .. ဒါပေမယ့် ဒီအကြောင်းကို
သူ့အဖေလည်း
မသိ ..သူ့အမေလည်းမသိ ..
ဒီလို လုပ်ရင် ဘာဆက်ဖြစ်လာမှာကိုလည်း
သူရော သူ့အဖွားရောမသိ ..
ဇာတ်ကလှသည် ..
OGWard မှာသိပ်မကြာ ..
E & C တွေ ဘာတွေလုပ်ပီး
နောက်တစ်ရက်အကြာမှာ
ကိုယ်တွေ ward ထဲပြန်ရောက်
လာသည် ..မရောက်ဘဲနေရိုးလား
Septicemia ( သွေးဆိပ်သင့်ခြင်း)
ဝင်နေပီလေ..
Orangan Failure ရ..
Acute Reanal Failure
( ကျေက်ကပ်ပျက်စီး ) ရလို့
ဆီးကလုံးဝနီးပါး မထွက်တော့.
အဖျားကလည်း မိုးမျှော်လို့ ..
တစ်ကိုယ်လုံး ခြစ်ခြစ်တောက်..
အသက်ရှုနေရတာကလည်း
ဖားခုံညင်းလို ဟောဟိုက်
ဟောဟိုက်နဲ့ ...
သွေးအားနည်းလို့ တစ်ကိုယ်လုံး
လည်း ဖြူဆုတ်လို့ ..
နှုတ်ခမ်းတွေမှာ သွေးရောင်
လုံးဝမရှိတော့ ...
သူ့ကိုကြည့်ပြီး တော်တော်
စိတ်မကောင်းဖြစ် စိတ်မသက်သာ
ဖြစ်ရသည် ...။
ရွာမှာ ဘယ်လောက်များ
ကြာခဲ့ပီလဲ တိုးတိုးတိတ်တိတ်
ဘယ်ရမ်းကုနဲ့ ဘယ်လောက်
ကုခဲ့ပြီလဲမသိ ..
မရှုနိုင်မကယ်နိုင်ဖြစ်တော့မှ
ဆေးရုံကို ရောက်လာသည် ...
ဒါတွေကို အပြစ်ပြောနေဖို့
နေနေသာ ကိုယ်တွေမှာ
သူ့အဖေ လူရိုးကြီးကို
အားပေး ..ရောဂါအကြောင်း
လူနာရဲ့ အခြေအနေအကြောင်း
သေချာရှင်းပြရသည်။
Ward ထဲမှာရှိတဲ့ ရှားရှားပါးပါး
ဆေးတွေကို အကုန်သုံး ..
ခဏ ခဏ Vital Signs monitor
လုပ်..လိုရင် လိုအပ်သလို
ဟိုဆေးလေးပြေးထိုး ..
ဒီဆေးလေး ပြေးထိုး...
ကလေးမက သတိတော့ လုံးဝ
မပျက် .. နာလွန်းလို့ ထင်သည် ..
တစ်ချိန်လုံး အော်နေတော့သည်..
အခြေအနေကလည်း တစ်နေ့တခြား ဆိုးလာသည်။
ပိုမောလာ ပိုနာလာ ..
Monitor တစ်ခါသွားလုပ်တိုင်း
" ဆရာရယ် ..သမီး အောက်ဖက်က အရမ်းနာတာပဲ ..
အဲဒါလေး သက်သာရင်တော်ပါပီ"
တဲ့ .. အော် ..သူ့မိုက်ပြစ်တွေ
သူခံနေရပြီ ...
ကြားထဲ ခပ်ယဲ့ယဲ့ ပြုံးပြပီး

" ဆရာကလေ ..သမီးရွာက
အစ်ကိုနဲ့ တူတယ်သိလား "
ဆိုပီး တစ်ခါတစ်ခါပြောတတ်
သေးသည် ..သူ့မျက်နှာကြည့်ပီး
တော်တော်သနားမိသည် ..
၁၉ နှစ်တောင်မပြည့်ချင် ပြည့်ချင် ..
တကယ့်ကို နုနုငယ်ငယ်လေး
ကိုယ်တွေမှာလည်း
" ညီမလေး ..စိတ်ကို အေးအေး
ထားနော် ..ဆရာတို့ အတတ်နိုင်ဆုံး သက်သာအောင်
လုပ်ပေးမှာပါ ... နေကောင်းသွားမှာပါ..စိတ်မပူနဲ့
နော် ညီမလေး " ဆိုပီး
အခါခါ နှစ်သိမ့်ရသည် ..။
ဘာဖြစ်နေသည်ကိုလည်းသိ
ဘာဖြစ်လာမှာကိုလည်းသိနေသည်
ဒါပေမယ့် .. မတတ်နိုင်..
ကိုယ်တွေက သကြားမင်းမဟုတ်
ပျောက်စေဆရာကြီး မဟုတ်သလို
သူ့ရောဂါကလည်း ရသမျှကိုယ့်ဘက်ဆွဲတင်တောင်
ဆိုးတဲ့ဖက်ဘဲ များနေသည်လေ ..။
သူ့ဆီသွားတာ မဟုတ်ဘဲ
သူရှိတဲ့ အခန်းထဲက
တခြားလူနာတွေကိုသွားကြည့်ရင်
သူ့ဖက် လှည့်ကြည့်ဖို့
ဝန်လေးမိသည် ..
ခန္ဓာကို သူ့အမေပေါ်မှီ ...
ရင်ဘတ်ကို ဟာလာဟင်းလင်းဖွင့်
အောက်ဖက်ကိုလည်း လုံရုံမျှလေး
မဆိုစလောက်လေး ဖုံးထားသည် ..
အသက်ကို ပင်ပန်းကြီးစွာ
ရှုရှိုက်လို့.. တစ်ကိုယ်လုံး
ပူလောင်မွန်းကျပ်လွန်းလို့တဲ့ ..
ရှိသမျှအဝတ်တွေ အကုန်ချွတ်ထားတာ ..
တကယ့်ငရဲ ...
သူမပြောနဲ့ မြင်ရတဲ့သူတောင်
မွန်းကျပ်ချင်လာသည်..
မြင်ရတဲ့သူရော ခံစားနေရတဲ့သူပါ
သက်သာစရာ တစ်ကွက်မှမရှိ!

↔️ ↔️ ↔️ ↔️ ↔️

" ဆရာ ..ဆရာ လုပ်ပါဦး ...
ကျွန်တော့်သမီးကို လာကြည့်
ပေးပါဦး .. သူ ငြိမ်သွားတယ် ..
အသက်လည်း မရှုတော့သလိုပဲ"
...
ခဏနေတော့ ..
အလင်းကို မတုံ့ပြန်တော့သော
သူ့မျက်လုံးသူငယ်အိမ်ကို ကျွန်တော်တွေ့သည် ...
အခန်းပြင်ထွက်သွားပြီး
တရှုပ်ရှုပ်တိုးတိတ် မျက်ရည်ကျ
နေတဲ့ သူ့အဖေကို တွေ့သည် ..
သမီးကို ဖက်ပီး ..
ပါးလေးစမ်းကြည့်လိုက် ..
နှုတ်ခမ်းလေးစမ်းကြည့်လိုက်နဲ့
ရင်ဘတ်ကိုထုပီး အော်ငိုနေရှာတဲ့
သူ့အမေ ချင်းအမျိုးသမီးကြီး
ကိုကျွန်တော်တွေ့သည် ...
နုနုငယ်ငယ် ကောင်မလေး
တစ်ယောက်ရဲ့ ..
ရင်နင့်စရာ နောက်ဆုံးမိနစ်ကို
ကျွန်တော်တွေ့သည် ...
......
သူများတွေလို ..
သူငယ်ချင်းတွေနဲ့ရယ်ပွဲဖွဲ့ရတဲ့
စကားဝိုင်းတွေသူ့မှာမရှိတော့ ...
တက္ကသိုလ် ကျောင်းသူကြီး
တစ်ယောက်လို ဆင်ပြင်ဝတ်စားပြီး
ကျော့ကျော့မော့မော့နေရမည့်
အချိန်တွေ သူ့မှာမရှိတော့...
အမိအဖတွေနဲ့ လက်ဆုံစားစရာ
ထမင်းဝိုင်းတွေသူ့မှာမရှိတော့ ...
ပျော်စရာ ခရစ်စမတ်တွေ
သူ့မှာမရှိတော့ ...
သားတစ်ယောက်ကို
ပြုစုပျိုးထောင်ပေးနိုင်တဲ့
မိခင်တစ်ယောက်ရဲ့အခွင့်အရေး သူ့မှာမရှိတော့ ..
သူ့မှာ ဘာဆို ဘာမှမရှိတော့ပါ..
လက်ရှိ သူ့မှာ
ငြိမ်သက်ခြင်း တစ်ခုပဲရှိပါတော့သည် ...
ငြိမ်သက်နေတဲ့
ဖြူဖျော့ဖျော့ ခန္ဓာကိုယ်အတွက်
ရသမျှမိနစ်တွေ ဘယ်လောက်မှ
ထပ်တောင်းဆိုလို့မရတော့မှန်း
ကျွန်တော်သိသည် ..
တောင်းလည်း မတောင်းဆိုချင်တော့
သူ့အတွက် လတ်တလော
ရှိခဲ့သော မိနစ်တိုင်းသည်
မခံမရပ်နိုင်လောက်အောင်
သိပ်ခါးသီးနေခဲ့သည်မလား ...
. . . . . . . . . . .
တကယ်တော့ သူဖျက်ချခဲ့တာ
သူ့ကိုယ်ဝန်တစ်ခုတည်း ...
ဒါပေမယ့် သူ့ဘဝပါ တစ်ခါတည်း
ပါသွားနိုင်မှန်း သူမမသိခဲ့ ...
အနာဂါတ်တွေ
အများကြီး ပိုင်ဆိုင်လို့ရသေးတဲ့
မိန်းကလေးငယ်ငယ်
တစ်ယောက်ရဲ့ အသက်ကို
နှုတ်ယူသွားတဲ့ တရားခံဟာ
... သူကိုယ်တိုင်လား ....
သူ့အဖွားလား ...
သူရဲ့လူမသိသူမသိ
ကျူးလွန်ဖက်လား ...
ကျန်းမာရေးအသိ ဘာမှမသိတဲ့
သူ့မိသားစုလား ..
ရအောင် ကယ်မပေးနိုင်လိုက်တဲ့
ကျွန်တော်တို့လား ..
ဒါမှ မဟုတ် ..
သူတို့ မသိဖြစ်အောင် ..
မြင်သင့်တာကို မမြင်ဖြစ်အောင်
ကာပီးပိတ်ထားတဲ့ ..
ဒီစနစ်ရဲ့ လက်မည်းတွေလား ..
အတွေးထဲမှာတော့ လားတွေ
အများကြီးနဲ့ ....
ကိုယ်တတ်နိုင်တာကတော့
အကြွေစောလွန်းတဲ့
ပန်းလေးတွေ ထပ်မရှိလာဖို့
ဆုတောင်းမိရုံကလွဲ၍....

Credit:Xenon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top