Credit : Duwun
တချို့လူတွေအတွက်တော့ ကော်ဖီဆိုတာ မရှိမဖြစ် အားဆေးတစ်မျိုးဖြစ်သလို ဇိမ်ခံပစ္စည်းတစ်မျိုးလည်း ဖြစ်ပါတယ်။ တချို့က ကဖင်းဓာတ်ရရုံ ပြီးပြီးရော သောက်တတ်တယ်ဆိုပေမယ့် တချို့ကတော့ အိမ်မှာ Coffee Maker ဝယ်ဆင်ပြီး ကိုယ်တိုင် စိတ်တိုင်းကျ ဖျော်သောက်ရတာမျိုးကိုမှ နှစ်သက်ကြပါတယ်။ ကော်ဖီကို ကိုယ်တိုင်ဖျော်သောက်ရမှ စိတ်တိုင်းကျသူတွေဆိုရင်တော့ ကော်ဖီနဲ့ ပတ်သက်တဲ့ အောက်ပါအချက်လေးတွေကို သိထားသင့်ပါတယ်။
၁။ ဈေးကြီးပေးရလေ၊ အရည်အသွေးကောင်းလေပါပဲ
"ခင်ဗျားစိုက်ပျိုးထားတဲ့အရာကို ခင်ဗျားပြန်ရိတ်သိမ်းရမှာပါ" ဆိုတဲ့ ဆိုရိုးစကားအတိုင်းပါပဲ။ ကော်ဖီကောင်းကောင်းတစ်ခွက် သောက်ချင်ရင်တော့ ကော်ဖီစေ့ကောင်းကောင်း၊ ကော်ဖီမှုန့်ကောင်းကောင်းကို သုံးရမှာပါပဲ။ ဒါပေမယ့် ဒါဟာ ရင်းနှီးမြှုပ်နှံသင့်တဲ့ အရာတစ်ခုပါ။
ကော်ဖီကောင်းကောင်းတစ်ခွက်သောက်လိုက်ရလို့ ရလာမယ့် စိတ်ကြည်လင်လန်းဆန်းမှု၊ အာရုံစူးစိုက်မှုတွေက အလုပ်ကို ပိုမိုတွင်ကျယ်စေမှာပါ။ အပေါစားကော်ဖီမှုန့်တွေကို ဝယ်သုံးပြီး မကောင်းတဲ့အရသာကိုတော့ သည်းခံပြီးသောက်မနေပါနဲ့။ ကော်ဖီမှုန့်ကောင်းကောင်း တစ်ဘူးလောက်ဝယ်ပြီး အကောင်းစားကော်ဖီ တစ်ခွက်ကိုပဲ အရသာခံပြီး သောက်သုံးလိုက်ပါ။
၂။ ကော်ဖီစေ့တွေကို လေလုံအောင်ထားပါ
ကော်ဖီကို ကိုယ်တိုင်ကြိတ်မသောက်ဖူးသေးရင် စမ်းကြည့်လိုက်ပါ။ ကော်ဖီကြိတ်ရာက ထွက်လာတဲ့ ကော်ဖီနံ့လေး ရတာနဲ့တင် စိတ်ကျေနပ်မှု ရရှိစေနိုင်မှာပါ။ နောက်ပြီး ကော်ဖီစေ့ကို ကိုယ်တိုင်ကြိတ်သောက်ခြင်းက ပိုမိုလတ်ဆတ်ကောင်းမွန်တဲ့ ကော်ဖီအရသာကို ရရှိစေပါတယ်။
အဲဒီမှာ သတိထားရမှာတစ်ခုက ကော်ဖီစေ့တွေကို လေလုံတဲ့ ဖန်ပုလင်းတစ်လုံးထဲမှာ ထည့်ပြီး ခြောက်သွေ့တဲ့နေရာမှာ သိမ်းဆည်းထားဖို့ပါပဲ။ လေဝင်သွားရင် အောက်ဆီဂျင်နဲ့ဓာတ်ပြုပြီး ကော်ဖီအရသာကို ပြောင်းလဲသွားစေတတ်ပါတယ်။
၃။ အသန့်စင်ဆုံး ရေကိုသုံးပါ
အကောင်းဆုံးကော်ဖီတစ်ခွက်ကို ရဖို့အတွက် အသန့်စင်ဆုံးဖြစ်မယ့် ရေကိုအသုံးပြုပါ။ ကော်ဖီဖျော်တယ်ဆိုတာ ကော်ဖီခွက်ထဲမှာထည့်လိုက်တဲ့ပါဝင်ပစ္စည်းအားလုံးက ကော်ဖီရဲ့အရသာကိုသက်ရောက်စေမှာပါ။ ပေါင်းခံရေကတော့ အကောင်းဆုံးပါပဲ။
၄။ မီးဖိုနဲ့နီးတဲ့နေရာမှာ မထားပါနဲ့
သင့်ရဲ့ကော်ဖီမှုန့်ဘူး (သို့) ကော်ဖီစေ့ဘူးတွေကို မီးဖိုနဲ့နီးတဲ့နေရာမှာ မထားပါနဲ့။ မီးဖိုကထွက်တဲ့ အပူက ကော်ဖီရဲ့ ကောင်းမွန်တဲ့ အရသာကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ကြောင်အိမ်လို ခြောက်သွေ့တဲ့ နေရာမျိုးမှာပဲ ကော်ဖီမှုန့်ဘူး (သို့) ကော်ဖီစေ့ဘူးတွေကို သိမ်းဆည်းသင့်ပါတယ်။
၅။ ကြိုချက်ပြီးသား ကော်ဖီအကျန်တွေကို ပြန်မနွှေးပါနဲ့
လိုတာထက်ပိုပြီး ကြိုချက်မိလို့ ပိုနေတဲ့ကော်ဖီအကျန်တွေဆိုရင် ပြန်နွှေးပြီး သောက်ဖို့ မစဉ်းစားပါနဲ့။ ကော်ဖီကိုပြန်နွှေးခြင်းက အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ထွက်လာစေနိုင်တယ် ဆိုတဲ့ ယုံတမ်းစကားကတော့ တကယ်မဟုတ်ပါဘူး။ ဒါပေမယ့် ကော်ဖီထဲမှာပါတဲ့ ဓာတ်ပေါင်းတွေဟာ ကြိုချက်ပြီး မကြာခင်မှာပဲ ပြိုကွဲသွားနိုင်လို့ ကော်ဖီကို အချိန်ကြာကြာအပူပေးလေ၊ အရသာကပိုခါးလေပါပဲ။ ဒါ့ကြောင့် အကောင်းဆုံးကော်ဖီ အရသာကို လိုချင်တယ်ဆိုရင်တော့ ကော်ဖီကို ပြန်နွှေးပြီး မသောက်ပါနဲ့။
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...